DVB Logo
Home
မြန်မာသတင်း
အကယ်ဒမီ မင်းမော်ကွန်း သီဆိုသည့် တော်လှန်သင်္ကြန်သီချင်းသစ် - “CDM သင်္ကြန်”(ရုပ်သံ)
DVB
·
April 3, 2023
အကယ်ဒမီ မင်းမော်ကွန်း သီဆိုသည့် တော်လှန်သင်္ကြန်သီချင်းသစ် - “CDM သင်္ကြန်”(ရုပ်သံ)
Donate to DVB

နွေဦးတော်လှန်ရေးမင်းသားတလက်အနေနဲ့ ပရိသတ်တွေ ချစ်ခင်လေးစားကြတဲ့ အဆိုတော် သရုပ်ဆောင် အကယ်ဒမီ မင်းမော်ကွန်း သီဆိုတဲ့ တော်လှန်သင်္ကြန် သီချင်းသစ်တပုဒ် ထွက်ရှိလာရာမှာ ပရိသတ်တွေအကြား လူကြိုက်များနေပါတယ်။

“CDM သင်္ကြန်” လို့ အမည်ပေးထားတဲ့ ဒီသီချင်းကိုတော့ တေးရေး ကေဒီဖံန်က ရေးစပ်ပေးထားပြီး တေးဂီတ နွေဦးပြည်သူရဲ့ တီးခတ်မှုနဲ့အတူ တော်လှန်သင်္ကြန် အငွေ့အသက်တွေနဲ့ မင်းမော်ကွန်းရဲ့ အားပါပါ သီဆိုဟန်တွေနဲ့ နားဆင်ကြရမှာပါ။

သီချင်းစာသားတွေထဲမှာ “တန်ခူးလ ရောက်လာပြီ… ရွက်သစ်တို့ဝေစည်… ပန်းပေါင်းမျိုးစုံ ဖူးပွင့်ကြသလို… အသီးအနှံတွေလည်း ပေါပြီ… လမ်းတလျှောက် မိုးရေသည်… ဖွဲဖွဲကလေး ရွာသည်… ပန်းပိတောက်တို့ရေ ပွင့်ကြစို့ဟေ့… ကောင်းကင်ပြာ အရမ်းလှသည်… ဒီတနွေကျော်ကာ လွန်ပါစေလေ… စိတ်ချင်းနီးစပ်တဲ့ ပြည်သူတွေရေ… မြိုသိပ်လို့ ထားဦး… ဒီတန်ခူးလေ… အောင်ပွဲကြီးနီးလို့ လာပါပြီလေ”

“သင်္ကြန်ရေ သင်္ကြန်ရေ… မာစေ သာစေ ပျိုဖြူတွေ… ပန်းပိတောက်အဆင်းနဲ့ လှချင်တိုင်း လှသူတွေ… မာစေ သာစေ… အောင်မြင်ပါစေ ပြည်သူတွေ… တန်ခူးကစလို့ ဘေးအန္တရာယ်အပေါင်း ကင်းပါစေ… သင်္ကြန်ရေ သင်္ကြန်ရေ… မာစေ သာစေ ပျိုဖြူတွေ… ပန်းပိတောက်အဆင်းနဲ့ လှချင်တိုင်း လှသူတွေ… မာစေ သာစေ… အောင်မြင်ပါစေ ပြည်သူတွေ… တန်ခူးကစလို့ ဘေးအန္တရာယ်အပေါင်း ကင်းပါစေ” စသဖြင့် ရေးဖွဲ့ထားပြီး မြန်မာ့ဆိုင်းသံ ဗုံးသံတွေကိုလည်း သီချင်းမှာ တွဲဖက်တီးခတ်ထားပါတယ်။

အာဏာသိမ်း အကြမ်းဖက်စစ်ကောင်စီကတော့ လာမယ့် သင်္ကြန်ကာလအတွင်း ရန်ကုန်၊ မန္တလေး၊ နေပြည်တော် မြို့ကြီးတွေမှာ သင်္ကြန်ပွဲစည်ကားအောင်ကျင်းပဖို့ ပြင်ဆင်နေတာဖြစ်ပြီး ဒီသင်္ကြန်ပွဲတော်တွေမှာ ပြည်သူတွေ မပါဝင်ကြဖို့ တော်လှန်ရေး အင်အားစုတွေက တိုက်တွန်းနေကြပါတယ်။

စစ်ကောင်စီဟာ တဘက်မှာ ပြည်သူတွေ တော်လှန်ရေး ဆက်မလုပ်နိုင်အောင် မြို့ပြမှာ ဆန္ဒပြတဲ့ လူငယ်တွေကို ဖမ်းဆီးမှုတွေ ဆက်တိုက်လုပ်နေသလို တော်လှန်ရေးကို အာရုံလွဲအောင် ပျော်ပွဲရွှင်ပွဲတွေ မကြာ ခဏဆိုသလို ဖန်တီးပြုလုပ်နေတာပါ။

စစ်တပ် အာဏာသိမ်းပြီးနောက် ပြည်သူတွေဟာ သင်္ကြန်ကာလကို ကိုယ့်အစီအစဉ်နဲ့ ကိုယ်သာ မိသားစုတွေနဲ့ ဖြတ်သန်းနေကြပြီး၊ အာဏာမသိမ်းခင်ကလို စီးပွားရေးဖြစ် မဏ္ဍပ်တွေနဲ့ သင်္ကြန်ပွဲတော်ကို စည်စည်ကားကား မကျင်းပနိုင်တာ ၂ နှစ်ကျော် ရှိနေပါပြီ။

အကယ်ဒမီ မင်းမော်ကွန်းကတော့ စစ်အုပ်စုရဲ့ မတရားအာဏာသိမ်းကာလ စတင်ချိန်ကတည်းက ပြည်သူတွေနဲ့ တသားတည်းရပ်တည်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွ ပါဝင်လှုပ်ရှားခဲ့တဲ့ အနုပညာရှင်တယောက်ဖြစ်ပြီး ပုဒ်မ ၅၀၅ (က)နဲ့ အမှုဖွင့်ခံထားရသူလည်းဖြစ်ကာ လက်နက်ကိုင်နယ်မြေတခုကနေ စစ်အာဏာရှင်ကို ဆက်လက် ဆန့်ကျင်နေခဲ့သလို လတ်တလောမှာတော့ ဩစတြေးလျနိုင်ငံမှာ ရောက်ရှိနေတာ ဖြစ်ပါတယ်။

ဒါအပြင် သူကိုယ်တိုင် နာမည်ကြီး အနုပညာရှင်တွေနဲ့အတူ ပါဝင်လှုပ်ရှားခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကနေ နုတ်ထွက်ခဲ့တာကိုလည်း တွေ့ရပါတယ်။ ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) စီစဉ်ပြီး နေတိုး၊ မင်းမော်ကွန်း၊ ကျော်ကျော်ဗို၊ ထွန်းထွန်းနဲ့ အဆိုတော် ရဲလေးတို့က ပင်တိုင်ပါဝင်တင်ဆက်ခဲ့တဲ့ နှင်းဆီအငြိမ့်အဖွဲ့ကို ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့ပြီး အချိန် ၁၅ နှစ်လောက်အတွင်းမှာ ပရဟိတရန်ပုံငွေပွဲ ပေါင်းများစွာ တင်ဆက်ခဲ့ဖူးပါတယ်။

စစ်အာဏာရှင်ကို ဆန့်ကျင်တော်လှန်တဲ့နေရာမှာ အနုပညာရှင်တွေရော ပြည်သူတွေပါ တသားတည်းရပ်တည်ပြီးတော့ ပါဝင်နေကြချိန်မှာ မင်းမော်ကွန်းကလွဲလို့ ကျန်တဲ့ နှင်းဆီအဖွဲ့သားတွေ မပါဝင်လာတဲ့ အပေါ် ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေခဲ့ကြချိန်မှာပဲ သူက နုတ်ထွက်ခဲ့တာ ဖြစ်ပါတယ်။

လတ်တလောမှာတော့ အာဏာသိမ်းကာလ တနှစ်ခွဲကျော်လာခဲ့တဲ့တိုင် မင်းမော်ကွန်းဟာ ပြည်သူတွေနဲ့အတူ စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေးမှာ တစိုက်မတ်မတ်ပါဝင်လှုပ် ရှားနေတာကို တွေ့ရပါတယ်။

မြန်မာနိုင်ငံမှာ အကြမ်းဖက်အာဏာသိမ်းစစ်ကောင်စီက မတရား အာဏာသိမ်းယူခဲ့တဲ့ ကာလတွေအတွင်း အပြစ်မဲ့ ကျဆုံးပြည်သူ ၃,၁၉၀ ကျော်နဲ့ လတ်တလောအချိန်ထိတိုင်အောင် ဖမ်းဆီးထိန်းသိမ်းခံရသူ ပေါင်း ၂၀,၉၄၀ ကျော် ရှိနေခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံရသူတွေထဲမှာ ပြည်သူတွေနဲ့အတူ ရပ်တည်ခဲ့ကြတဲ့ အနုပညာရှင်တွေလည်း ပါဝင်နေခဲ့တာ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013