DVB Logo
Home
မြန်မာသတင်း
သထုံတွင် ပစ်ခတ်မှုဖြစ်ပြီး အရပ်သား ၃ ဦး ဒဏ်ရာရ
DVB
·
April 3, 2023
သထုံတွင် ပစ်ခတ်မှုဖြစ်ပြီး အရပ်သား ၃ ဦး ဒဏ်ရာရ
Donate to DVB

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကျေးရွာအနီးမှာ ဧပြီ ၂ ရက် မနက် ၇ နာရီလောက်က စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တို့ကြား နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှု ဖြစ်ပွားခဲ့တယ်လို့ ကေအန်ယူဘက် ပြောပါတယ်။

KNLA ပူးပေါင်းတပ်တွေက နယ်မြေလုံခြုံရေး လိုက်လံဆောင်ရွက်စဉ် စစ်ကောင်စီတပ်နဲ့ ထိပ်တိုက်တွေ့ဆုံပြီးနောက်  နာရီဝက်နီးပါးကြာ ပစ်ခတ်မှု ဖြစ်ပွားခဲ့တာပါ။

ထိတွေ့ပစ်ခတ်မှုအတွင်း ထိခိုက်ကျဆုံးမှု အခြေအနေ အသေးစိတ်ကို ဆက်လက်စုံစမ်းနေဆဲ ဖြစ်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး ကေအန်ယူသထုံခရိုင် အတွင်းရေးမှူး ပဒိုစောအေးနိုင်က ဒီဗွီဘီကို ပြောပါတယ်။

ပစ်ခတ်မှုအတွင်း ရန်ကုန်-မော်လမြိုင်ကားလမ်းမှာ ခရီးသွားတဲ့ ကျိုက်ထိုမြို့နေ အသက် ၃၂ နှစ် ကိုကောင်းထက်မြတ် သေနတ်ထိမှန် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

ပစ်ခတ်မှုပြီးနောက် သထုံမြို့နယ်အခြေစိုက် စစ်ကောင်စီ ခြေမြန်တပ်ရင်း ခမရ - ၉ ကနေ ဒီနေ့ ဧပြီ ၂ ရက် မနက် ၈ နာရီခွဲအချိန်လောက်မှာ ချောင်းစောင့်ကျေးရွာထဲ လက်နက်ကြီး ၅ လုံးထက်မနည်း ပစ်ခတ်ခဲ့ပါတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ဟာ ချောင်းစောင့်ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့တာကြောင့် အသက် ၁၆ နှစ်အရွယ် စောဖားလေဒေးနဲ့ အသက် ၁၇ နှစ်အရွယ် စောဆလီးကီးတို့ ကျည်ထိမှန် ဒဏ်ရာရှိခဲပါတယ်။

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ ဒေသခံ ၃ ဦးကိုတော့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက သထုံမြို့နယ်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ထားပေးပါတယ်။

ပြီးခဲ့တဲ့ မတ် ၈ ရက်ကလည်း သထုံမြို့နယ် ကျုံမိန်ကျေးရွာထဲကို စစ်ကောင်စီတပ် လက်နက်ကြီး ပစ်ခတ်မှုကြောင့် အသက် ၇ နှစ်အရွယ် မဝင်းဝင်းရီနဲ့ အသက် ၁၃ နှစ်အရွယ် မောင်ထိပ်ပြောင်းတို့ ၂ ဦး ကျည်ထိမှန်သေဆုံးခဲ့ပြီး နောက်ထပ် ဒေသခံတစ်ဦးနဲ့ ကလေးငယ် တစ်ဦးမှာလည်း ဒဏ်ရာအသီးသီး ရရှိခဲ့ပါတယ်။

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) သထုံမြို့နယ်ထဲကို စစ်ကောင်စီတပ်က နေ့စဉ်နဲ့အမျှ လက်နက်ကြီးတွေ ပစ်ခတ်နေတာကြောင့် ဒေသခံတွေဟာ ဘဝမလုံခြုံမှု ပြဿနာကြောင့် ဥယျာဉ်ခြံတွေနဲ့ လုပ်ငန်းခွင်တွေထဲ မသွားရဲတော့လို့ မိသားစု စားဝတ်နေရေး ပိုမိုခက်ခဲလာကြတယ်လို့ ဒေသခံတွေထံကနေ သိရပါတယ်။

မတ်လအတွင်း KNLA တပ်မဟာ(၁)၊ PDF နဲ့ သထုံမြို့နယ် ပြည်သူ့ကာကွယ်ရေးတော်လှန်ရေးအင်အားစု (TPDF)တွေပူးပေါင်းပြီး စစ်ရေးလှုပ်ရှားမှုတွေ ဆောင်ရွက်ရာမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ယောက်လောက်သေဆုံးပြီး  ဒဏ်ရာရသူ ၇ ယောက်လောက်ရှိတယ်လို့ သထုံခရိုင် PDF က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013