
မွန်ပြည်နယ်၊ ရေးမြို့နယ်၊ မော့ကနင်ကျေးရွာ သံဖြူဇရပ်-ရေး ကားလမ်းမှာ ဧပြီ ၂ ရက် ဒီမနက် ၅ နာရီလောက်က ရော်ဘာခြံလုပ်သား ၂ ဦး သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေနဲ့ လူမှုကယ်ဆယ်ရေးအဖွဲ့တွေက ဒီဗွီဘီကို ပြောပါတယ်။
ရော်ဘာအစေးခြစ်ဖို့ မနက်အစောပိုင်း ဆိုင်ကယ်နဲ့ ထွက်လာတဲ့ မော့ကနင်ကျေးရွာသား ၂ ဦးကို ကျေးရွာအထွက် တံတားမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကနေ အကြောင်းမဲ့ သေနတ်နဲ့ ပစ်ခတ်ခဲ့တာပါ။
သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် ရော်ဘာခြံလုပ်သား လူငယ် တစ်ဦးမှာ ဘယ်ဘက်ဒူးခေါင်း သေနတ်ဒဏ်ရာ တစ်ချက်၊ နောက်ထပ် လူငယ် တစ်ဦးမှာလည်း ဘယ်ဘက်ပေါင် ကျည်ထိမှန်ဒဏ်ရာတွေ ရရှိခဲ့ပါတယ်။
ဒဏ်ရာရရှိခဲ့တဲ့ ရော်ဘာခြံလုပ်သား လူငယ် ၂ ဦးကို လူမှုကယ်ဆယ်ရေးအဖွဲ့ အကူအညီနဲ့ လမိုင်းတိုက်နယ်ဆေးရုံကနေ မော်လမြိုင်ပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးထားတယ်လို့ သိရပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာထားတဲ့ ရေးမြို့နယ်မှာတော့ ညမထွက်အမိန့်ကို ညနေ ၆ နာရီကနေ မနက် ၆ နာရီအထိ သတ်မှတ်ထားပြီး သတ်မှတ်ချိန်မတိုင်မီ နေအိမ်အပြင်ထွက် သွားလာတဲ့ ဒေသခံတွေကို စစ်ကောင်စီတပ်က သေနတ်နဲ့ ပစ်ခတ်တာတွေ ဆက်တိုက်လုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ မတ် ၂၃ ရက်ကလည်း ရေးမြို့နယ် ကျောင်းရွာကျေးရွာကနေ ရေးမြို့ပေါ်ကို ညပိုင်း ကားနဲ့ ထွက်လာတဲ့ ဒေသခံ ကိုဝင်းကြည်ကို စစ်ကောင်စီ ခြေလျင်တပ်ရင်း ခလရ-၆၁ ကနေ သေနတ်နဲ့ ပစ်ခတ်ခဲ့တာကြောင့် သေဆုံးခဲ့ပါတယ်။
ရေးမြို့နယ်မှာတော့ စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် စစ်ကောင်စီတပ်က အကြောင်းမဲ့ ပစ်ခတ်တာအပြင် ညမထွက်အချိန် ကျော်လွန်သွားတယ်ဆိုပြီး သေနတ်နဲ့ ပစ်ခတ်တာကြောင့် ဒေသခံ ၅ ဦးထက်မနည်း သေဆုံးထားသလို ၁၀ ဦးနီးပါး ဒဏ်ရာရရှိထားပါတယ်။