Home
ဆောင်းပါး
အရေအတွက်မှသည် အ‌ရည်အချင်းသို့
DVB
·
April 2, 2023

အောက်ပါအကြောင်းအရာများသည် ပြည်သူ့နွေဦးတော်လှန်ရေးအတွက် အထူးအရေးကြီးသည်ဟု ခံယူပါသဖြင့် ပြည်သူလူထုနှင့်တကွ သက်ဆိုင်သူအားလုံးသို့ လေးစားစွာ တင်ပြအပ်ပါသည်။

ကျနော်တို့ ပြည်သူ့အစိုးရ၊ NUG ကာကွယ်ရေးဝန်ကြီးဌာနလက်အောက်က ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)လို့ ပြောရင် အဓိကအားဖြင့် အမျိုးအစား နှစ်မျိုးရှိတယ်လို့ သိရှိ၊ နားလည်ရပါတယ်။

အမျိုးအစား ၁။ တပ်စိတ်၊ တပ်စု၊ တပ်ခွဲ၊ တပ်ရင်း/စစ်ကြောင်း စသည့် အဆင့်ဆင့် ဖွဲ့စည်းထားတဲ့ PDF တပ်ရင်း/စစ်ကြောင်းများ

ယေဘုယျပြော‌ရရင် KNU/KNLA နယ်မြေများက PDF အချို့ကို စစ်ကြောင်းအမည်နဲ့ စုဖွဲ့ခေါ်ဝေါ်တယ်လို့ သိရပါတယ်။ ဥပမာအားဖြင့် ကော်ဘရာစစ်ကြောင်း၊ ကျားဖြူစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း စသဖြင့်ပေါ့။ နိုင်ငံတလွှား ကျန်ဒေသများက PDF များကတော့ တရားဝင်အားဖြင့် ခရိုင်အမည်နောက်မှာ တပ်ရင်းတွေကို ၁၊ ၂၊ ၃ စတဲ့ အမှတ်စဉ်တပ်ပြီး သုံးစွဲခေါ်ဝေါ်ကြပါတယ်။ လက်နက်တပ်ဆင်ထားပြီး PDF တပ်ရင်း/စစ်ကြောင်းတွေမှာဆို KIO/KIA, KNU/KNLA အစရှိတဲ့ NUG ရဲ့ မဟာမိတ်တိုင်းရင်းသား တော်လှန်ရေးအဖွဲ့များက အတွေ့အကြုံရှိတပ်မှူးများက တပ်ရင်းမှူး/ စစ်ကြောင်းမှူးအဖြစ် တာဝန်ယူ ဆောင်ရွက်လေ့ရှိတာကိုလည်း တွေ့ရပါတယ်။

အမျိုးအစား ၂။ ရပ်ရွာတွင်းမှာပဲ အခြေပြုကာ စစ်သားတပိုင်း၊ အရပ်သားတပိုင်းအဖြစ် ပြည်သူ့စစ် (Militia)တာဝန်ယူပြီး ကျေးရွာ၊ တိုက်နယ်၊ မြို့နယ်၊ ခရိုင်၊ တိုင်း/ပြည်နယ်ဆိုပြီး အဆင့်ဆင့် ဖွဲ့စည်းထားတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) များ ဖြစ်ကြပါတယ်။

မှတ်ချက်။ ကျနော်တွေ့ရသလောက် NUG-MOD ကွပ်ကဲမှုအောက်က PDF တပ်ရင်းတွေနဲ့ အဆင့်ဆင့်သော ပကဖအဖွဲ့တွေမှာ MODက သုံးစွဲခေါ်ဝေါ်တဲ့ တရားဝင်အမည်အပြင် တခြားကိုယ်ပိုင်အမည်လေးတွေလည်း ရှိတတ်ကြပါတယ်။ ဥပမာ၊ အောင်ဆန်းမျိုးဆက်အဖွဲ့၊ ကျားဘုရင်တပ်ဖွဲ့၊ ဂဠုန်၊ ကျားသစ် စသဖြင့်။ အဲ့ဒီတခြားအမည်တွေနဲ့ Facebook Page အသုံးပြုကြတာ၊ အလှူခံကြတာ၊ သတင်းမီဒီယာများနဲ့ ဆက်သွယ်ဖြေဆိုကြတာလေးတွေလည်း ရှိပါတယ်။ ဒါကလည်း လောလောဆယ်အခြေအနေ အရပ်ရပ်အရဖြစ်ပြီး ရေရှည်မှာတော့ ဒီထက်ပိုပြီး ကောင်းမွန်၊ မှန်ကန်တဲ့ စနစ်တခုကို ပုံဖော်နိုင်လိမ့်မယ်ထင်ပါတယ်။

ဒီလိုမျိုး MOD-NUG လက်အောက်မှာ လက်နက်ကိုင်တပ် နှစ်မျိုးရှိရာမှာ ပဓာနတိုက်ခိုက်ရေးတာဝန်ကိုတော့ PDF တပ်ရင်း/စစ်ကြောင်းများက ထမ်းဆောင်ရတာ ဖြစ်တယ်။ အခုဆိုရင်တနိုင်ငံလုံးမှာ စစ်ကြောင်းအမည်နဲ့ ဖွဲ့ထားတာတွေအပါအဝင် PDF တပ်ရင်းပေါင်း ၃၀၀ လောက် ရှိတယ်လို့ MOD-NUG က ထုတ်ပြန်ထားတာ ရှိတယ်။ တပ်ရင်း တရင်းကို အနည်းဆုံး လူ ၂၀၀ နဲ့တွက်ရင်ကို PDF စစ်သည်ပေါင်း ၆၀,၀၀၀ ရှိပြီလို့ ဆိုရမှာဖြစ်တယ်။

ကဖဆိုတာကတော့ ရပ်ရွာတွင်းမှာပဲ အခြေပြုကာ စစ်သားတပိုင်း၊ အရပ်သားတပိုင်းအဖြစ် ပြည်သူ့စစ် (Militia) တာဝန်ယူကြတာ ဖြစ်ပါတယ်။ ကျနော်တွေ့ဖူးသမျှ အညာမှာဆိုရင် ကျန်းမာသန်စွမ်းတဲ့ လူငယ်လူရွယ် လူလတ် အတော်များများ ပကဖ ထဲပါကြတယ်လို့ဆိုနိုင်ပါတယ်။ အခြေခံစစ်သင်တန်းဆင်းတွေများပါတယ်။  MOD-NUG ရဲ့ ထုတ်ပြန်ချက်အရ ပကဖတွေကို တနိုင်ငံလုံးက မြို့နယ်ပေါင်း ၂၅၀ နီးပါးမှာ စနစ်တကျ ဖွဲ့စည်းထားနိုင်ပြီလို့ သိရပါတယ်။ တမြို့နယ်ကို အနည်းဆုံး ပကဖ အင်အား ၁၅၀၀ နဲ့တွက်မယ်ဆိုရင် တနိုင်ငံလုံးမှာ ပကဖ အင်အားက ၃၇၅,၀၀၀ လောက် ရှိမယ်လို့ ခန့်မှန်းနိုင်ပါတယ်။

ဒီတော့ လူအင်အားအရ ကြည့်မယ်ဆိုရင် MOD-NUG ရဲ့ လက်အောက်မှာ တိုက်ခိုက်ရေးအင်အားက အနည်းဆုံး (PDF ၆၀၀၀၀ + ပကဖ ၃၇၅၀၀၀) စုစုပေါင်း လူအင်အား ၄၃၅,၀၀၀ လောက် ရှိနေပြီလို့ ဆိုနိုင်ပါတယ်။ ဆိုတော့ အရေအတွက်အရ ပြောရမယ်ဆိုရင် မိမိလူအင်အားဟာ ရန်သူ့ထက် သာလွန်အင်အားဖြစ်နေပြီလို့ ကောက်ချက်ချနိုင်ပါတယ်။ အခုထိ ကျနော် ပြောခဲ့တာကတော့ “အရေအတွက်” (Quantity) အပိုင်း ဖြစ်တယ်။

ကျနော် ဆက်ပြောလိုတာကတော့ “အရည်အချင်း” (Quality) ကဏ္ဍပါ။ ကျနော်တို့ PDF တပ်မတော်အတွက် အရည်အသွေး၊ အရည်အချင်းလို့ပြောရင် အဓိကအားနည်းလိုအပ်ချက်ကြီးက “လက်နက်ခဲယမ်းမီးကျောက်” ဖြစ်တယ်ဆိုတာကတော့ အားလုံးအသိမို့ ထပ်မပြောလိုတော့ပါဘူး။ တနည်းပြောရရင်တော့ ဘဏ္ဍာရန်ပုံငွေ လိုအပ်ချက်ပေါ့ဗျာ။ ဒီမှာကတော့ ကျနော်က အရည်အချင်းလို့ဆိုရာမှာ လက်နက်/ဘဏ္ဍာရေးပိုင်း မဟုတ်တဲ့ တခြားအကြောင်းအရာတွေကို အဓိက ထားဆွေးနွေးလိုခြင်း ဖြစ်ပါတယ်။

ကျနော်တို့ PDF သူရဲကောင်းများဟာ ကာလတိုအတွင်းမှာပဲ ချက်ချင်းဆိုသလို အရပ်သားဘဝကနေ စစ်သားပီဘိတွေ ဖြစ်လာကြတယ်။ လေ့ကျင့်ရည်၊ စစ်အတွေ့အကြုံနဲ့ စိတ်ပိုင်းရုပ်ပိုင်းအရ စစ်သည်တော်ကောင်းတွေဖြစ်ဖို့ လိုအပ်ချက်တွေ၊ အသင့်မဖြစ်သေးတာတွေ ရှိကောင်းရှိကြပါတယ်။ အလွယ်ပြောရရင်တော့ စိတ်ပိုင်းရုပ်ပိုင်းအရ စစ်ပုံကျဖို့ လိုအပ်နေသေးတာပေါ့ဗျာ။ ဒီနေရာမှာ ကျနော်တို့ PDF သူရဲကောင်းတွေနဲ့ပတ်သတ်ရင် ရုပ်ပိုင်းကဏ္ဍကို သိပ်စိတ်မပူပါဘူး။ စစ်ပညာ၊ စစ်အတွေ့အကြုံ၊ ရုပ်ပိုင်းကြံ့ခိုင်မှုဆိုတာတွေက အချိန်နဲ့အမျှ၊ အတွေ့အကြုံများပြားလာတာနဲ့အမျှ တဖြည်းဖြည်း ပြည့်ဝရင့်ကြပ်လာမှာ သဘာဝပါပဲ။ နောက်ပြီး ကျနော်တို့လူတွေက ထက်သန်ပြင်းပြတဲ့ သင်ယူလေ့လာလိုစိတ်၊ ခေတ်ပညာတက်ကျွမ်းမှု၊ နည်းပညာ လက်လှမ်းမီမှု၊ ပင်ကိုယ် ဉာဏ်ရည်ဉာဏ်သွေး စတာတွေမှာ အကြမ်းဖက်စစ်တပ်ထက် အပြန်တစ်ရာ သာပါတယ်။

PDF တပ်မတော်ရဲ့ အရည်အသွေးလို့ဆိုရာမှာ အရင်ဆုံး ကျနော်ပြောလို့တာကတော့ “အမိန့်ပေးကွပ်ကဲမှုစနစ်” (Chain of Command - CoC) ပါ။ စစ်တပ်တခုမှာ အဓိက အရေးကြီးဆုံးက ခိုင်မာ၊ အားကောင်း၊ မှန်ကန်၊ ထိရောက်တဲ့ Chain of Command - CoC လို့ ဆိုကြပါတယ်။ ကျနော်တို့တွေ ရင်ထဲအသည်းထဲက စက်ဆုတ်ရွံ့ရှာလို တော်လှန်နေကြတဲ့ “အာဏာရှင်စနစ်” (Dictatorship)နဲ့ တပ်တခုမှာ မဖြစ်မနေ လိုက်နာကျင့်သုံးရမယ့် “အမိန့်ပေးကွပ်ကဲမှုစနစ်” (Chain of Command - CoC) ကို ကွဲပြားခြားနားစွာ ရှုမြင်နားလည်ဖို့ လိုအပ်ပါတယ်။ ရုတ်တရပ်ကြည့်လိုက်ရင် အမိန့်ပေးတယ်၊ ကွပ်ကဲတယ်ဆိုတဲ့ စကားရပ်တွေက အာဏာရှင်စနစ်ရဲ့ လက္ခဏာတွေပဲလို့ ရောထွေးထင်မြင်စရာ ဖြစ်တတ်ကြတယ်။ တကယ်တော့ ဒီမိုကရေစီနိုင်ငံများအပါအဝင် ဘယ် Professional Army မျိုးမှာမဆို အမိန့်ပေးကွပ်ကဲမှုစနစ်နဲ့ပဲ အုပ်ချုပ်ဆောင်ရွက်ကြတာပါပဲ။ ကိုယ်ထောင်ထားတာက “တပ်” ကိုးဗျ၊ “ဇာတ်” အဖွဲ့မှ မဟုတ်တာ။

MOD-NUG ရဲ့ ကွပ်ကဲမှုမှာ Chain of Command – CoC လို့ဆိုရာမှာ ထိပ်ဆုံးအဆင့်ကနေ စစ်ဒေသ/စစ်ဒေသခွဲ/စစ်တိုင်း၊ ခရိုင်အဆင့် ကွပ်ကဲရေး၊ တပ်ရင်းအဆင့်၊ နောက်ပြီး တပ်ခွဲ၊ တပ်စု၊ တပ်စိတ်အဆင့်ထိပေါ့ဗျာ။ အလားတူ ပကဖအတွက်ဆိုရင်လည်း ထိပ်ဆုံးအဆင့်ကနေ တိုင်း/ပြည်နယ်၊ ခရိုင်၊ မြို့နယ်၊ တိုက်နယ်၊ နောက်ဆုံး ကျေးရွာ ပကဖ အဆင့်ထိ အဆင့်ဆင့်သော ကွပ်ကဲမှုကွင်းဆက်အလိုက် ခိုင်မာ၊ အားကောင်း၊ ပီပြင်ဖို့ လိုအပ်ပါတယ်။ အဲ့လိုမဟုတ်ဘဲ၊ အမိန့်ပေးကွပ်ကဲမှုပုံစံက မခိုင်မာဘဲ ကပေါက်တိကပေါက်ချာနဲ့၊ ဟာတဲ့ နေရာကဟာ၊ လိုတဲ့ နေရာက လို၊ လွဲတဲ့နေရာက လွဲနေရင်တော့ ကျနော်တို့ တပ်က “တပ်ပျက်” ကြီးပဲ ဖြစ်ပါလိမ့်မယ်။

တပ်ပျက်ကြီးနဲ့ စစ်တိုက်လို့ မရပါဘူး။ နှစ်ပေါင်း ၇၀  ကျော်လောက် စစ်တိုက်စားလာတဲ့၊ ကိုယ့်ထက် လက်နက်ခဲယမ်းအများကြီးသာတဲ့ ရန်သူကို တပ်ပျက်ကြီးနဲ့ တိုက်ခိုက်အနိုင်ယူဖို့ဆိုတာ စိတ်ကူးယဉ်တာပဲ ဖြစ်ပါလိမ့်မယ်။ Chain of Command – CoC စနစ်အားမကောင်း၊ မခိုင်မာ၊ မပီပြင်မှုဟာ လက်ရှိတော်လှန်ရေးကာလအတွက်သာမက တော်လှန်ရေးအလွန်ကာလအတွက်ပါ အများကြီး ဒုက္ခရောက်စေမှာဖြစ်ပါတယ်။ အခုဆိုရင်တောင် တချို့နေရာဒေသတွေမှာ အာဏာဆိုတာ သေနက်ပြောင်းဝက လာတယ်၊ ဘယ်ကောင့်မှ လူမထင်ဘူး၊ ငါ့မြင်း ငါစိုင်းမယ်၊ ဒါငါ့နယ် ငါထင်ရာလုပ်မယ်ဆိုတဲ့ စစ်ဘုရင်ဝါဒီ (Warlordism) ၊ နယ်စားပယ်စားဝါဒီ (Localism) တွေကို စတင်တွေ့မြင်နေရကြောင်း ပြည်သူလူထုကို ဝမ်းနည်းဖွယ် အသိပေးတင်ပြလိုပါတယ်။ ဒီလို သဘောသဘာဝမျိုးတွေကို MOD-NUG လက်အောက်က လက်နက်ကိုင် တပ်ရင်းတပ်ဖွဲ့တွေမှာကော၊ သူ့အောက်က မဟုတ်တဲ့ Local (LDFs) အဖွဲ့တွေမှာပါ စတင် တွေ့မြင်နေရတာ ဖြစ်ပါတယ်။ ဒါမျိုးက နည်းသေးတယ်ဆိုပေသိ မီးဆိုတာ မလောင်ခင် တားဖို့က အရေးကြီးသကိုး။

ဒါ့ကြောင့် ကျနော်တို့တပ်တွေ တပ်ပုံကျဖို့၊ ခိုင်မာအားကောင်းပြီး စနစ်ကျတဲ့ တခုတည်းသော အမိန့်ပေးကွပ်ကဲမှုစနစ် Systematic and Unified Chain of Command – CoC ကို အဆင့်တိုင်းမှာ ခိုင်ခိုင်မာမာ တည်ဆောက်နိုင်ဖို့အရေး သက်ဆိုင်သူအားလုံးက စဉ်ဆက်မပျက် ဝိုင်းဝန်းကြိုးပမ်းကြဖို့အထူးလိုအပ်နေပြီလို့ သုံးသပ်မိပါတယ်။ ဒါသည် တော်လှန်ရေးတစုံလုံးအတွက် အသက်တမျှ အရေးကြီးတဲ့အကြောင်းအရာ ဖြစ်နေပါတယ်။

အရည်အချင်းလို့ပြောရင် တပ်တတပ်အတွက်ပဲဖြစ်စေ၊ အဖွဲ့အစည်းတရပ် အတွက်ပဲဖြစ်စေ နောက်ထပ် အရေးကြီးဆုံးတခုကတော့ “ကျင့်ဝတ်စည်းကမ်း” (Code of Conduct – CoC) ပဲဖြစ်ပါတယ်။

ကျနော်တို့ ဒီအာဏာသိမ်းစစ်တပ်ကို အသက်တွေ့စွန့်၊ ဘဝတွေပျက်ခံပြီး ဘာကြောင့် တော်လှန်နေကြသလဲ။ ဘာကြောင့် ဒီအကြမ်းဖက်အုပ်စုကို ရွံရှာမုန်းတီးနေကြသလဲ၊ ဆန့်ကျင်နေကြသလဲ။ ရှင်းရှင်လေးပါပဲ။ ဒင်းတို့အကြမ်းဖက်တပ်က လက်နက်နဲ့ အင်အားကို အားကိုးပြီး ပြည်သူကို ဖိနှိပ်လို့၊ ဗိုလ်ကျလို့၊ အနိုင်ကျင့်လို့၊ ပြည်သူ့ဆန္ဒကို ဆန့်ကျင်လို့ဖြစ်ပါတယ်။

ကျနော်တို့ပြည်သူတရပ်လုံးဟာ ဒီစစ်အာဏာသိမ်းမှု၊ စစ်အာဏာရှင်စနစ်၊ အကြမ်းဖက်စစ်တပ်တို့ကို တွန်းလှန်ဖို့ရာအတွက် “လက်နက်စွဲကိုင် ခုခံတွန်းလှန်စစ်” ကို တော်လှန်ရေးနည်းနာတရပ်အဖြစ် မဖြစ်မနေ ရွေးချယ်ခဲ့ကြရတယ်။ ဒီတော့ ကျနော်တို့ဘက်ကလည်း လိုအပ်ချက်အရ ရရာလက်နက်ကို စွဲကိုင်ကြရတာပေါ့ဗျာ။ ကျနော်တို့နဲ့ ရန်သူဟာ အခုဆိုရင် လက်နက်ကိုင်ဆောင်ထားကြတာချင်းတူပေသိ ဒီလို ကိုင်ဆောင်ကြရတဲ့ ရည်ရွယ်ချက်၊ အဓိပ္ပာယ်နဲ့ အနှစ်သာရက မိုးနဲ့ မြေလို ကွာခြားကြတယ်၊ ကွာခြားရမယ်ဆိုတာ အားလုံး အသိပါ။ ကျနော်တို့ ပြည်သူ့ဘက်တော်သားများအဖို့ လက်နက်ကိုင်ရတာက ပြည်သူ့အသက်အိုးအိမ် စည်းစိမ်ကို ကာကွယ်စောင့်ရှောက်ဖို့၊ အကြမ်းဖက်စစ်အုပ်စုကို ခုခံတိုက်ခိုက်ဖို့သာ ဖြစ်ပါတယ်။ စစ်မိစ္ဆာတွေလက်ထဲက လက်နက်ကတော့ ပြည်သူကို ဖိနှိပ်၊ သတ်ဖြတ်၊ ဗိုလ်ကျဖို့ပဲ ဖြစ်တာပေါ့ဗျာ။

အာဏာတို့၊ လက်နက်တို့ဟာ လူကို ပျက်စီးစေတယ်လို့ ဆိုရိုးစကား ရှိပါတယ်။ မူလက ပြည်သူ့ဘက်တော်သားတွေဖြစ်တဲ့ PDF ပကဖ ရဲဘော်များဟာလည်း ပုထုဇဉ်လူသားတွေပီပီ လုပ်ပိုင်ခွင့်အပေါ်သာယာတာ၊ လက်နက်ကနေ ရလာတဲ့ အာဏာအပေါ် မက်မောတာတွေက ဖြစ်လာတတ်တယ်။ ဒီအခါမှာ အာဏာရှင်အကြီးကြီးကို တော်လှန်နေကြသူတွေဟာ အာဏာရှင်ပေါက်စ‌လေးတွေ ဖြစ်မှန်းမသိ ဖြစ်လာတတ်ကြတယ်။ မိမိတို့ စွဲမြဲလိုက်နာရမယ့် “ကျင့်ဝတ်စည်းကမ်း” တွေကို ကျူးလွန်ချိုးဖောက်လာတတ်ကြတယ်။ ကျနော်တို့ တော်လှန်ရေးသမားတွေကိုယ်တိုင်က ပြည်သူနဲ့ ဆန့်ကျင်ဖီလာ ဖြစ်လာတတ်ကြတယ်၊ ပြည်သူကို (တမင်ရည်ရွယ်၍ဖြစ်စေ၊ မရည်ရွယ်ဘဲဖြစ်စေ) အနိုင်ကျင့်တာ၊ ဖိနှိပ်တာတွေ ဖြစ်လာတတ်ကြတယ်။ ဒီလိုအခြေအနေဖြစ်လာပြီဆိုရင် ကျနော်တို့ တော်လှန်ရေးကြီး နှောင့်နှေးခြင်း သို့မဟုတ် ကျဆုံးခြင်းအတွက် လမ်းစပါပဲ။

တချိန်တည်းမှာပဲ ရန်သူဖက်ဆစ်အကြမ်းဖက်သမားတွေကလည်း ကျနော်တို့ မြင့်မြတ်လှတဲ့ ခုခံတွန်းလှန်စစ်ကို လုပ်ကြံ ပုံဖျက်ဖို့၊ ဂုဏ်ရောင်သေးသိမ်စေဖို့ ကောက်ကျစ်ယုတ်မာစွာ အစွမ်းကုန်ဝါဒမှိုင်းတိုက် အားထုတ်နေတာကိုလည်း မပေါ့ဆကြဖို့ လိုအပ်ပါတယ်။ အခု အာဏာသိမ်းစစ်အုပ်စုဟာ အကြမ်းဖက်ဝါဒီများ၊ အဓမ္မဝါဒီများ ဖြစ်ကြတယ်။ တော်လှန်ရေးသမားတွေကတော့ အမှန်တရားနဲ့ တရားမျှတမှုကို လိုလားတဲ့ ဓမ္မဝါဒီတွေ ဖြစ်ကြပါတယ်။ ပြည်သူလူထုတွေက၊ နိုင်ငံတကာအသိုင်းအဝိုင်းက အမှန်နဲ့ အမှား၊ ဓမ္မနဲ့ အဓမ္မကို ကောင်းစွာနားလည်ကြပါတယ်။ ကျနော်တို့ တော်လှန်ရေးသမားတွေက ဓမ္မဝါဒီဖြစ်နေသရွေ့၊ စစ်သည်တော်ကျင့်ဝတ်စည်းကမ်း (Code of Conduct) တွေနဲ့အညီ လိုက်နာကျင့်သုံးနေသရွေ့ ပြည်သူက ထောက်ခံ၊ ဝန်းရံ၊ ကူညီနေကြမှာပဲဖြစ်ပါတယ်။

အဲ့ဒီလိုမဟုတ်ဘဲ PDF တွေလက်ထဲက လက်နက်က ပြည်သူအပေါ် အကြောင်းမဲ့ အနိုင်ကျင့်၊ ဗိုလ်ကျနှိပ်စက်ဖို့ ဖြစ်လာမယ်ဆိုရင်တော့ ပြည်သူက ဒီ PDF အပေါ်၊ ဒီတပ်ဖွဲ့အပေါ်၊ နောက် NUG အစိုးရအပေါ် ဆန့်ကျင်ဝေဖန်လာကြမှာပဲ ဖြစ်တယ်။ အနည်းဆုံးတော့ ပြည်သူ့ဆီက လက်ရှိရနေတဲ့ ထောက်ခံကူညီမှုလျော့ကျလာမှာပဲဖြစ်တယ်။ အဲ့လိုသာ ဖြစ်လာရင် တဖြေးဖြေးနဲ့ ပြည်သူအများစုကြီးကခုခံတွန်းလှန်စစ်အပေါ်၊ တော်လှန်ရေးအ‌ပေါ်မှာ "ကြားနေ" သို့မဟုတ် ဆန့်ကျင်ကြသူတွေ ဖြစ်လာကြမှာပဲ ဖြစ်တယ်။

ဒီနေ့ ပြည်သူတရပ်လုံးက အော့နှလုံးနာ၊ မုန်းတီးရွံ့ရှာနေတဲ့ အကြမ်းဖက်အာဏာသိမ်းစစ်တပ်က ဟိုးလွန်ခဲ့တဲ့တခေတ်တခါတုန်းကတော့ ပြည်သူ့အများစု (အခုတော်လှန်ရေးအား အကောင်းဆုံးဖြစ်တဲ့ အညာနဲ့ မြေပြန့်နေလူထု)ရဲ့ အချစ်တော်၊ ပျိုတိုင်းကြိုက်တဲ့ နှင်းဆီခိုင် ဖြစ်ခဲ့ဖူးပါတယ်။အထူးသဖြင့် နယ်ချဲ့အင်္ဂလိပ်ကို တော်လှန်တဲ့ကာလ၊ ဖက်ဆစ်ဂျပန်ကို တော်လှန်တဲ့ ကာလနဲ့ လွတ်လပ်ရေးရကာစ ကာလများဆီကပေါ့။ အဲ့လို ပြည့်အချစ်တော်ဘဝမျိုးကနေ ဒင်းတို့တွေ ဒီနေ့ ပြည့်ချဉ်ဖက်ဘဝ ရောက်သွားရတာ ဘာကြောင့်လဲ။

ရှင်းရှင်းလေးပါပဲ၊ ဒင်းတို့တွေဟာ စစ်သည်တော်ကောင်း၊ စစ်သားကောင်းတို့ ရှိသင့်ရှိအပ်တဲ့ "စစ်သည်တော်ကျင့်ဝတ်စည်းကမ်း" (Code of Conduct) တွေ၊ လူ့ကျင့်ဝတ်စည်းကမတွေ မရှိခဲ့လို့၊ မလိုက်နာခဲ့လို့၊ ချိုးဖောက်ခဲ့လို့ပဲ ဖြစ်တယ်။ သူတို့ကိုယ်သူတို့ တိုင်းပြည်ရဲ့ ကျေးဇူးရှင်၊ ကယ်တင်ရှင်လို့ထင်ပြီး ပြည်သူအပေါ် ဗိုလ်ကျ အနိုင်ကျင့်၊ အခွင့်ထူးခံနေခဲ့ကြလို့ ဖြစ်တယ်။ သူ စတင်တည်ထောင်ခဲ့တဲ့ တပ်မတော်အတွက် ဗိုလ်ချုပ်အောင်ဆန်း ချမှတ်ခဲ့တာက "ပြည်သူသာ အမိ ပြည်သူသာ အဖ" ဆိုတဲ့ မူဖြစ်တယ်။ ဒါပေမဲ့ ဗိုလ်ချုပ် မျက်နှာလွှဲပြီး နောက်ပိုင်းမှာ ဒီမူကို လုံးဝ ပြောင်းပြန်လုပ်ကာ "တပ်မတော်သာ အမိ တပ်မတော်သာ အဖ" ဆိုတဲ့ ကိုယ့်ကိုယ်ကိုယ် ကျေးဇူးရှင်စိတ်ဝင်၊ လူတန်းစားသစ်ထင်သွားတဲ့ အာဏာရှင်တွေရဲ့ ဖြစ်စဉ်ဟာ သမိုင်းမှာ အထင်အရှားပါပဲ။ ကျနော်တို့ ပြည်သူ့ကာကွယ်ရေးဘက်တော်သားများအနေနဲ့ ဒါကို အကောင်းဆုံး သင်ခန်းစာယူကြဖို့၊ သံဝေဂယူကြဖို့ (Lessons Learned) လုပ်ကြဖို့ပဲ ဖြစ်ပါတယ်။

ဒါ့ကြောင့် ကျနော်ကတော့ မိမိတို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ ပကဖများအားလုံးအတွက် Chain of Command and Code of Conduct ဒီ CoC နှစ်ရပ် မှန်ကန်၊ ကောင်းမွန်၊ တည့်မတ်၊ ထိရောက်နေဖို့ အထူးအလေးထား တင်ပြရခြင်းဖြစ်ပါတယ်။

အချုပ်အနေနဲ့တော့ စစ်ရေးစစ်ရာနဲ့ ပတ်သက်ပြီး ကျနော် ကြားနာဖူးတဲ့ လင်္ကာလေးတခုကို လက်ဆင့်ကမ်း ပြန်ပြီး မျှဝေချင်ပါတယ်။ လက်ရှိ ကျနော်တို့ တော်လှန်ရေးကြီးနဲ့လည်း အလွန်ကိုက်ညီလှတဲ့ လင်္ကာလေးပါ။

“စစ်နည်းဗျူဟာ ဘယ်လိုသာလည်း

စွဲကိုင်လက်နက် ဘယ်လိုထက်လည်း

ပြည်သူ့နှလုံး မသိမ်းကြုံးလျှင်

ပြည်သူ့ခွန်အား မကိုးစားလျှင်

ဓားသွားလည်းကြွေ လှံလည်းခွေအံ့ ❞

လူထုရဲ့ တရားသော စစ် မုချ အောင်ရမည်။

ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု မုချ တည်ဆောက်နိုင်ရမည်။

အရေးတော်ပုံ အောင်ရမည်။

“တရားတဲ့သူသာ နိုင်ကြေး . . . ဟေ့”

တေဇာဆန်း

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024