DVB Logo
Home
မြန်မာသတင်း
ရခိုင်ပြည်နယ် မြေပုံဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး စတင်
DVB
·
June 16, 2014
ရခိုင်ပြည်နယ် မြေပုံဒုက္ခသည်စခန်းတွင် နိုင်ငံသားစိစစ်ရေး စတင်
1 / 3
Donate to DVB

အစိုးရက ၁၉၈၂ ခုနှစ် နိုင်ငံသားပြုမှုဥပဒေအရ နိုင်ငံသားဖြစ်ရေး၊ မဖြစ်ရေးအတွက် စိစစ်မှုတွေကို ရခိုင်ပြည်နယ် မြေပုံမြို့က ဘင်္ဂါလီဒုက္ခသည်စခန်းမှာ စမ်းသပ် ကောက်ခံ နေပါတယ်။

Mye Bon Refugee Camp copy နိုင်ငံသားစိစစ်ရေး လုပ်ငန်းကို လူဝင်မှုကြီးကြပ်ရေးနဲ့  အမျိုးသား မှတ်ပုံတင်ရေးဦးစီးဌာနရဲ့ ညွှန်ကြားရေးမှူးချုပ် ဦးမောင်မောင်သန်း လကိုယ်တိုင် ဦးဆောင်ကာ ဒေသထဲ ကွင်းဆင်းဆောင်ရွက်နေ တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ  တည်ဆဲဥပဒေအရ ၁၉၈၂ ခုနှစ် နိုင်ငံသားဥပဒေကို ကျင့်သုံးနေတာ ဖြစ်ပြီး လွန်ခဲတဲ့ ၂ နှစ်ခန့်က အစပြုတဲ့ နိုင်ငံသားဖြစ်ရေး အငြင်းပွားမှုကို အစိုးရက လက်တွေ့ ကိုင်တွယ်မှုအစ ဖြစ်ပါတယ်။

ဒီအစီအစဉ်ကို    ရခိုင်ပြည်နယ် မြေပုံမြို့နယ် ဒုက္ခသည်စခန်းမှာ ဇွန် ၁၅ ရက်နေ့က စတင် စမ်းသပ်ကောက်ယူနေတာ ဖြစ်ပြီး ၁၉၈၂  နိုင်ငံသားဥပဒေနဲ့  ညီတဲ့သူတွေကို  နိုင်ငံသား ဖြစ်ခွင့်ပြုမယ်လို့  ရခိုင်ပြည်နယ် ဥပဒေချုပ်နဲ့ အစိုးရပြန်ကြားရေးအဖွဲ့ခေါင်းဆောင် ဖြစ်သူ ဦးဦးလှသိန်းက  ဒီဗွီဘီကို ပြောပါတယ်။

ရခိုင်ပြည်နယ်က လူမှုအဖွဲ့အစည်းနဲ့ လွှတ်တော်အမတ်တွေရဲ့  တောင်းဆိုချက်အရ ဒီအစီအစဉ်ကို လုပ်ဆောင်တာလို့ ဆိုပါတယ်။

လူဦးရေ  ၃ ထောင်ကျော်ရှိတဲ့ အဲဒီစခန်းမှာ မနေ့မနက်ပိုင်းအထိ လူ ၃၀ ကျော်ဘဲ စိစစ်နိုင်သေးတဲ့အတွက် ဒီကနေ့လည်း ဆက်လက်ကောက်ခံနေကြောင်း  သူက ဆက်ပြောပါတယ်။

ဒီအစီအစဉ်မတိုင်ခင် ဇွန် ၁၄ ရက်နေ့က ပြည်ထောင်စုဝန်ကြီး ဦးခင်ရီ၊ လ၀က ညွှန်ချုပ်နဲ့ တာဝန်ရှိသူတွေဟာ မြေပုံမြို့မှာ မြို့မိမြို့ဖတွေ၊ ရခိုင်လူမှုကွန်ရက်အဖွဲ့အစည်းကလူတွေ၊ ဘင်္ဂါလီလူမျိုးကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း၊ ၂ ဖက်လုံးက လက်ခံပြီး  ဘဂါင်္လီလူမျိုးတွေအနေနဲ့လည်း ရခိုင်လူမျိုးတွေ မနှစ်သက်တဲ့အမည်ကို မသုံးဘဲ ဘဂါင်္လီဆိုတဲ့ အမည်နဲ့ ကောက်ခံဖို့ သဘောတူခဲ့တဲ့အတွက်  အဆင်ပြေကြောင်း၊ အားလုံးသဘောကျမယ်လို့ ထင်ကြောင်း ဦးလှသိန်းက ပြောပါတယ်။

မြေပုံဒုက္ခသည်စခန်းနေသူ ဦးဇော်ဖော်က ဇွန် ၁၅ ရက်နေ့မှာ လ၀က၊ ရဲနဲ့ အုပ်ချုပ်ရေးမှူးတွေပါတဲ့အဖွဲ့ငယ်ဟာ စခန်းတွင်းက လူ ၄၇ ဦးကို ကောက်ခံ စာရင်းသွင်းခဲ့ပြီး ဒီနေ့လည်း ဆက်ကောက်နေတယ်လို့ ပြောပါတယ်။

“မနေ့ကတော့ ၄၇ ယောက်။ ဒီကနေ့ ၁၀ ကျော်ပြီးပြီ။ လူတွေကတော့ အများကြီးပဲ။ ကျနော်တို့ကတော့ လူ ၆၀ လောက်ပဲ လုပ်မယ်။ သူတို့ အခြေအနေကြည့်မယ်။ အခြေအနေပေါ် မူတည်ပြီးမှ နောက် လုပ်သင့်ရင် လုပ်မယ်၊ မလုပ်သင့်ရင်လည်း မလုပ်ဘူးပေါ့” လို့ ပြောပါတယ်။

အခု ကောက်ခံမှုဟာ ၁၉၉၀ ရွေးကောက်ပွဲ မတိုင်ခင်က ကိုင်စွဲတဲ့ အစိမ်းရောင် သုံးခေါက်ချိုး ကိုင်ဆောင်သူတွေကို ဦးစားပေးကောက်ယူတာ ဖြစ်တယ်လို့ ဆိုပါတယ်။

စာရင်းသွင်းရာမှာ ဘင်္ဂါလီနဲ့ ကမန် နှစ်မျိုးကိုသာ ထည့်သွင်းခွင့်ပြုတဲ့အတွက် အမည်အတွက် အကျပ်အတည်းဖြစ်ရတယ်လို့ ပြောပါတယ်။

“ကျနော်တို့ ဒုက္ခက  အစိုးရက တမျိုး။ ကိုယ့်မွတ်စလင်အသိုင်းအ၀ိုင်းက တမျိုး။ ရခိုင်အဖွဲ့အစည်းက တမျိုးဆိုတော့ ကြားထဲမှာ နေရတာ တော်တော့်ကို ဒုက္ခဖြစ်တယ်ဗျာ။ ဒီမှာက ဘင်္ဂလီလို့ လက်ခံပြီး လုပ်တယ်ဆိုရင်လည်း မွတ်စလင်အသိုင်းအ၀ိုင်းတွေဆီက ဖုန်းတွေ လာကြပြန်တယ်၊ မင်းတို့က ဘာဖြစ်လို့ ညာဖြစ်လို့ ငါတို့ကို သတ်လိုက်တာလား ဘာညာပေါ့။ ကျနော်တို့ အဖွဲ့အစည်းက ဒါကို လက်မခံဘူးဆိုရင်လည်း ဒီအထဲက ရခိုင်ကို တိုင်မယ့်သူနဲ့ အစိုးရကို တိုင်မယ့်သူကို ကြောက်ရတာက တမျိုး၊ နေရတာက တော်တော့်ကို စိတ်ပျက်ဖို့ ကောင်းတယ်။ ကျနော်တို့လည်း ပြေးချင်နေပြီ ဒီနေရာကနေ။”

ဒီ နိုင်ငံသားစိစစ်မှုမှာ ဘင်္ဂါလီနဲ့ ကမန်လူမျိုးကိုသာ စာရင်းသွင်းခွင့်ပြု ကောက်ခံတာဖြစ်ပြီး လူမျိုးနေရာ မဖြည့်ပဲလည်း ရတယ်လို့ ဆိုပါတယ်။

သန်းခေါင်စာရင်း ကောက်ယူစဉ်ကာလတုန်းကလို၊ ဆွဲတင်စစ် အစီအစဉ်ကာလ တုန်းကလို ရိုဟင်ဂျာနာမည် ထည့်သွင်းပေးဖို့ အတင်းတောင်းခံတာမျိုး မရှိဘူးလို့ ဆိုပါတယ်။

၁၉၈၂  နိုင်ငံသားဖြစ်မှု ဥပဒေအရ  ၁၉၄၈ မြန်မာနိုင်ငံ လွတ်လပ်ရေးမရခင် ၀င်ရောက်လာတဲ့   ဆွေစဉ်မျိုးဆက်တွေကို နိုင်ငံသားဖြစ်ခွင့်ပြုမှာ ဖြစ်ပါတယ်။

လက်ရှိ ရခိုင်ပြည်နယ်ထဲမှာ ဘဂါင်္လီလူမျိုး စုစုပေါင်း ၁၀ သိန်းကျော် ရှိမယ်လို့  ပြည်နယ် အစိုးရက ခန့်မှန်းထားပြီး နိုင်ငံသားဖြစ်သူ၊ တရားဝင်နေထိုင်သူနဲ့ တရားမ၀င်နေထိုင်သူတွေကို စိစစ်နေတာ ဖြစ်ပါတယ်။

အပြည့်အစုံ အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013