
စစ်ကိုင်းတိုင်း မြောင်မြို့နယ်၊ နဘက်ရွာကို စစ်အာဏာရှင်တပ်က ဒရုန်း ၄ စီးနဲ့ ဇွန် ၂၅ ရက် ညပိုင်း ၇ နာရီခွဲမှာ ဗုံးကြဲချတိုက်ခိုက်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီးသွားတယ်လို့ ဒေသခံတွေ ဆီကနေ သိရပါတယ်။
နဘက်ရွာသားတယောက်က "လူအထိခိုက်ကတော့ မသိရသေးပါဘူး။ ကြဲချသွားတာက ရွာရဲ့ မြသိန်းတန်ဘုရားနား တဝိုက်ကို ကြဲချသွားတာဗျ။ အိမ်တွေကတော့ မီးလောင်နေတယ်။ မီးလောင် တာက အရမ်းများတယ်။ မီးငြှိမ်းသတ်လို့ မနိုင်ကြသေးဘူး။ အခု လတ်တလောကတော့ လူနေအိမ် ၆ လုံးကျော် မီးလောင်နေပါတယ်" လို့ ပြောပါတယ်။
နဘက်ရွာကို စစ်တပ်က အခုလို ဒရုန်းနဲ့ ဗုံးကြဲချပြီး လေယာဉ်နဲ့ နောက်ထပ် တိုက်ခိုက် လာဦးမယ် ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေတာကြောင့် ရွာသားအများစု ဘေးလွတ်ရာကို ရှောင်တိမ်းနေကြ ပါတယ်။
အဆိုပါ ဒရုန်း ၄ စီးဟာ မုံရွာ နမခ စစ်တပ်အတွင်းကနေ လာရောက်ကြဲချသွားတာလို့လည်း သိရ ပါတယ်။
မြောင် CDSOM အဖွဲ့ တာဝန်ရှိသူ ကိုနွေဦးက "နဘက်မှာက စစ်တပ်ဘက်က သတင်းပေးတွေက လိုင်းကားတွေ အတက်အဆင်းလုပ်တဲ့ နေရာတွေ၊ စားသောက်ဆိုင်တွေရဲ့ ဧည့်သည်အဝင်အထွက် အတက်အဆင်း နေရာတွေမှာ စောင့်ကြည့်ပြီး သတင်းပေးနေသူတွေ ရှိနေတာ တနှစ်နီးပါး ရှိနေပြီဗျ။ တိကျခိုင်လုံတဲ့ အထောက်အထား သက်သေတွေနဲ့ စစ်တပ်သတင်းပေးတွေကို ဖမ်းမိတဲ့အခါ အာမခံလိုက်ပေးသူ ဘယ်သူမဆို NUG က တာဝန်ရှိသူတွေဖြစ်ဖြစ်၊ local အဖွဲ့အစည်းတွေဖြစ်ဖြစ်၊ PDF တပ်ရင်းတပ်ဖွဲ့တွေဖြစ်ဖြစ်၊ NGO အဖွဲ့အစည်းတွေဖြစ်ဖြစ် တာဝန်ခံပြီး လုပ်ပေးလိုက်ရင် တာဝန်ပြန်ခံပေးနိုင်ရဖို့ တိကျပြတ်သားစွာ လုပ်မှရပါတော့မယ်။ ဒလန်တော်တော်များများက စစ်တပ်ကို သတင်းပေးနေတာ သိရင် အရေးယူခံရမှာ သိနေတဲ့အတွက် တဖက်မှာလည်း ထောက်ပို့လုပ်နေတယ်ဆိုတဲ့ အကာအကွယ်ရဖို့အတွက် ဆီလေးပေးသလို၊ ဆန်လေးပေးသလိုနဲ့ တော်လှန်ရေးသမားတွေကို ခုတုံးလုပ်ကာ ဖောက်ပြန်ရေးသမားတွေရဲ့ အကာအကွယ်ကို ယူနေကြတာတွေ များလာတော့ တော်လှန်ရေးသမားအချင်းချင်းပဲ သွေးကွဲစရာတွေ များလာနေတာ ဆင်ခြင်သုံးသပ်ကြရတော့မှာပါ" လို့ ပြောပါတယ်။
မြောင်မြို့နယ်၊ နဘက်ရွာကို စစ်အာဏာရှင်တပ်က ဧပြီ ၃ ရက်ကလည်း အခုလို ဝေဟင်ကနေ ဗုံးကြဲ တိုက်ခိုက်တာကြောင့် အရပ်သား ၃ ယောက် ထိမှန်ပြီး မိန်းကလေးငယ် ၁ ယောက် သေဆုံးခဲ့ တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။










