DVB Logo
Home
မြန်မာသတင်း
ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း စစ်ကိုင်းတွင် ရွေးကောက်ပွဲ အထမြောက်စရာမရှိဟု သပိတ်ခေါင်းဆောင်များပြော
DVB
·
March 30, 2023
ပါတီ ၄၀ ကို ဖျက်သိမ်းခဲ့သော်လည်း စစ်ကိုင်းတွင် ရွေးကောက်ပွဲ အထမြောက်စရာမရှိဟု သပိတ်ခေါင်းဆောင်များပြော
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) အပါအဝင် ပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့ပေမယ့် စစ်ကိုင်းတိုင်းမှာ ရွေးကောက်ပွဲ အထမြောက်စရာအကြောင်းမရှိဘူးလို့ စစ်ကိုင်းသပိတ်ခေါင်းဆောင်တွေက ပြောဆိုလိုက်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲအနိုင်ရ NLD အပါအဝင် နိုင်ငံရေးပါတီ ၄၀ ကိုဖျက်သိမ်းကြောင်း စစ်ကောင်စီက မတ်လ ၂၈ ရက်နေ့မှာ ကြေညာခဲ့တာပါ။

စစ်အာဏာစသိမ်းတဲ့ ၂၀၂၁ ခုနှစ်အထိ  တရားဝင်မှတ်ပုံတင်ထားတဲ့ ပါတီ ၉၁  ပါတီရှိခဲ့ပြီး အဲ့ဒီအထဲက ပါတီ ၆၃ ပါတီက  စစ်ကောင်စီရဲ့ပါတီမှတ်ပုံတင်ခြင်းဥပဒေသစ်အတိုင်း ပြန်လည်မှတ်ပုံတင်ခဲ့ပြီး ပြန်မှတ်ပုံမတင်ခဲ့တဲ့ပါတီ ၄၀ ကို စစ်ကောင်စီက ဖျက်သိမ်းခဲ့တာ ဖြစ်ပါတယ်။

စစ်အာဏာစသိမ်းကတည်းက ရွေးကောက်ပွဲပြန်ကျင်းပပေးမယ်လို့ စစ်ခေါင်းဆောင်က အကြိမ်ကြိမ် ပြောဆိုခဲ့ပေမယ့် အချိန် ၂ နှစ်ကျော်ကြာတဲ့အထိ သူ့ရဲ့ကတိအတိုင်း ရွေးကောက်ပွဲကို ကျင်းပနိုင်ခြင်းမရှိသေးပါဘူး။

စစ်ခေါင်းဆောင်ရဲ့ ရွေးကောက်ပွဲပြန်ကျင်းပပေးချင်တယ်ဆိုတဲ့ဆန္ဒဟာ ပြည်သူတွေကို စစ်ကျွန်အဖြစ် ဆက်အုပ်ချုပ်နိုင်ဖို့သာဖြစ်တယ်လို့ စစ်ကိုင်းဒေသခံ သပိတ်ခေါင်းဆောင် တယောက်က ပြောပါတယ်။ 

မုံရွာသပိတ်ဦးဆောင်ကော်မတီမှ ကိုခန့်ဝေဖြိုးက "စစ်တပ်အလိုကျ အရပ်သားတပိုင်း စစ်အစိုးရတပိုင်း အစိုးရမျိုးပဲ ပေါ်ပေါက်လာမယ်ဆိုတာ ၂၀၁၀ ရော ၂၀၁၅ရော ပြပြီးသားဖြစ်ပါတယ်။ အဲ့ဒီအတွက်ကတော့ ဘယ်လိုပဲ ၂၀၀၈ဖွဲ့စည်းပုံအောက်က ကျင်းပမယ်ဆိုရင် စစ်တပ်နောက်မြှီးဆွဲပါတီနဲ့ စစ်တပ်နဲ့ အာဏာခွဲဝေပြီးတော့ စစ်တပိုင်း အစိုးရပုံစံမျိုးနဲ့ နိုင်ငံကိုပြည်သူလူထုကို စစ်ကျွန်အနေနဲ့ ဆက်ပြီးတော့အုပ်ချုပ်ဖို့ သူတို့ရဲ့အစီအမံလို့ ကျနော်တို့ကတော့ မြင်ပါတယ်”လို့ပြောပါတယ်။

စစ်ကောင်စီရွေးကောက်ပွဲကော်မရှင်ဆီမှာ မှတ်ပုံပြန်တင်တဲ့ ပါတီ ၆၃ ပါတီမှာ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ ၁၁ ပါတီပါဝင်ပြီး သူတို့အနိုင်ရတဲ့ လွှတ်တော် နေရာအရေအတွက်က ၁၂၆ နေရာရှိခဲ့ပါတယ်။

ဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ မှာ ၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရထားတာ ၈ ပါတီပါဝင်ပြီး သူတို့အနိုင်ရတဲ့ နေရာအရေအတွက်က ၉၈၇ နေရာအထိရှိခဲ့တာကြောင့် ဒီအချက်အလက်အရ ရွေးကောက်ပွဲမှာ အဓိကနေရာအများစုအနိုင်ရခဲ့တဲ့ NLD နဲ့ တိုင်းရင်းသားပါတီ တွေဖျက်သိမ်းခံခဲ့ရတာဖြစ်ပါတယ်။ 

ကနီသပိတ်ခေါင်းဆောင် ကိုပြည့်အောင်နိုင်က "နောက်ထပ်လုပ်မယ့်ရွေးကောက်ပွဲမှာပေါ့ သူတို့ဘာသာသူတို့ပြိုင်မယ် သူတို့ဘာသာသူတို့ နိုင်မယ်ဆိုတဲ့ ပုံစံမျိုးကိုဖန်တီးပြီးတော့မှ ရွေးကောက်ပွဲတွေလုပ်ပြီးတော့မှ ဒီလိုနိုင်တာဆိုပြီး သူတို့က ကမ္ဘာနဲ့ပြည်သူကိုပြောချင်ပုံရတယ်။ တကယ်တော့ အဲ့ဒီလိုဖျက်သိမ်းလိုက်တာဟာ ပြောင်ပြောင် တင်းတင်း ဥပဒေချိုးဖောက်ခြင်း သက်သက်သာဖြစ်တယ်။ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရခဲ့တဲ့ NLD အပါအဝင် တချို့သောပါတီတွေလည်းပါနေတာကို တွေ့ရတယ်။ ပါတီပိုင်ပစ္စည်းတွေကို သိမ်းလိုက်တယ် ဆိုကတည်းက ပြည်သူကိုပြောင်ပြောင်တင်းတင်း စော်ကားတာ ဥပဒေချိုးဖောက်တာ” လို့ ပြောပါတယ်။

စစ်ကောင်စီထံမှာ မှတ်ပုံတင်ပြန်လျှောက်ထားတဲ့ နိုင်ငံရေးပါတီ ၆၃ ပါတီရှိရာမှာ ပြည်ထောင်စုတဝန်း မဲဆွယ်စည်းရုံးမယ့်ပါတီ ၁၂ ပါတီရှိနေပြီး တိုင်းနဲ့ပြည်နယ်အလိုက် စည်းရုံးမယ့်ပါတီ ၅၁ပါတီရှိနေတယ်လို့ စစ်ကောင်စီရဲ့ထုတ်ပြန်ချက်အရသိရပါတယ်။  

စစ်ကိုင်းနယ်ခံနိုင်ငံရေးသမား ဦးစိုးဝင်းဆွေက "မှတ်ပုံမတင်တဲ့ပါတီတွေကိုဖျက်သိမ်းတယ်။ ပါတီရုံးခန်းတွေကို သိမ်းတယ်ဆိုတာကတော့ ဖက်ဆစ်တပ်ရဲ့ နှိပ်ကွပ်မှုတခုလို့ပဲ မြင်တယ်။ မေးစရာရှိတယ်ဗျာ။ အစိုးရတခါပြောင်းတိုင်း နိုင်ငံရေးပါတီမှတ်ပုံတင်တခါပြောင်းပြီး ပါတီတွေက အကြိမ်ကြိမ်မှတ်ပုံတင်နေရမှာလား မေးစရာရှိတယ်ဗျ။ ကျားသနားမှ နွားချမ်းသာမယ့် နိုင်ငံရေးမျိုးကိုလုပ်ရမယ့်အနေအထားရှိတယ်ဗျ။ နောက်ထပ်လည်း သူအလိုမကျတိုင်း ပါတီမှတ်ပုံတင်ဥပဒေတွေပြောင်းပြီးတော့ ပါတီတွေအပေါ်မှာ နိုင်ငံရေးအရဖိနှိပ်မယ်။ ကျနော်တို့က စစ်အာဏာရှင်စနစ်ကို အမြစ်ဖြုတ်မတိုက်ထုတ်နိုင်သေးဘူးဆိုရင် ကျနော်တို့ နိုင်ငံမှာတည်ငြိမ်တဲ့နိုင်ငံရေးကိုဖော်ဆောင်နိုင်မှာမဟုတ်ဘူး။ ကျနော်တို့ လိုချင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီစနစ်တခုကို ထူထောင်နိုင်မှသာ နိုင်ငံရေးပြဿနာတွေကို နိုင်ငံရေးနည်းလမ်းနဲ့ဖြေရှင်းနိုင်တဲ့အခြေအနေတခုကိုရောက်မယ်လို့မြင်တယ်"လို့ ပြောပါတယ်။

စစ်ကောင်စီက နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေအသစ်ကို ဇန်နဝါရီ ၂၆ ရက်နေ့မှာ ထုတ်ပြန်ကြေညာခဲ့ပြီး တည်ဆဲပါတီအားလုံး ရက်ပေါင်း ၆၀ အတွင်းမှာ မှတ်ပုံပြန်တင်ဖို့နဲ့ မှတ်ပုံပြန်မတင်ရင် အလိုအလျောက်ပါတီအဖြစ်ကနေ ဖျက်သိမ်းပြီးသားဖြစ်မယ်လို့ ဆိုခဲ့ပါတယ်။

ရက်ပေါင်း ၆၀  ပြည့်ပြီးနောက်  မတ်လ ၂၈ ရက်နေ့မှာ မှတ်ပုံပြန်မတင်တဲ့ NLD အပါအဝင် ဂုဏ်သိက္ခာရှိတဲ့ နိုင်ငံရေးပါတီ ၄၀ ကို  ဖျက်သိမ်းကြောင်း စစ်ကောင်စီက ကြေညာခဲ့တာ ဖြစ်ပါတယ်။ 

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကတော့ တရားဝင်ဖွဲ့စည်းထားတဲ့နိုင်ငံရေးပါတီတွေကို တရားမဝင် အာဏာသိမ်း စစ်ကောင်စီရဲ့ လက်ဝေခံ ရွေးကောက်ပွဲကော်မရှင်အနေနဲ့  ဖျက်သိမ်းခွင့် ၊ အတည်ပြုခွင့် လုံးဝမရှိကြောင်းနဲ့ ပြည်သူရှိနေသရွေ့ ပါတီရှိနေမယ်လို့  မတ်လ ၂၉ ရက်မှာ ကြေညာပါတယ်။ပြည်သူနဲ့ တသားတည်းရပ်တည်ပြီး ပြန်လည်မှတ်ပုံမတင်တဲ့ နိုင်ငံရေးပါတီတွေကိုလည်း အသိအမှတ်ပြုလေးစားတဲ့အကြောင်း ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

သုတချမ်းသ

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013