DVB Logo
Home
မြန်မာသတင်း
ဒီးမော့ဆို စစ်ရှောင်စခန်းအနီး စစ်တပ်က ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦး ဒဏ်ရာရ၊ ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်ကြုံ
DVB
·
March 29, 2023
ဒီးမော့ဆို စစ်ရှောင်စခန်းအနီး စစ်တပ်က ဗုံးကြဲသဖြင့် ပြည်သူ ၄ ဦး ဒဏ်ရာရ၊ ကရင်နီ စစ်ရှောင်များ စားနပ်ရိက္ခာ အခက်ကြုံ
1 / 4
Donate to DVB

ကရင်နီ(ကယား)ပြည်နယ် ဒီးမော့ဆို အနောက်ဘက်ခြမ်းမှာရှိတဲ့ စစ်ရှောင်စခန်းအနီးကို မတ်လ ၂၈ ရက် ညနေ ၆ နာရီလောက်မှာ စစ်ကောင်စီက လေကြောင်းကနေ ဗုံးကြဲချလို့ ပြည်သူ ၄ ဦး ထိခိုက်မိပြီး တဦးက စိုးရိမ်ရတယ်လို့ စစ်ရှောင်အရေး ကူညီပေးသူတဦးက ပြောပါတယ်။

“ပေါင် ၅၀၀ ဗုံးပါတဲ့ လေယာဥ်တစီးက နှစ်ကြိမ်လာကြဲတာ။ တကြိမ်ကို ၄ လုံးကြဲချတာ၊ နှစ်ကြိမ်ဆိုတော့ ၈ လုံးပေါ့။”

အရပ်သားပြည်သူတဦး အသက်အန္တရာယ်စိုးရိမ်ရပြီး ၃ ဦးကတော့ ဒဏ်ရာရတယ်လို့ သိရကာ အသေးစိတ် အချက်အလက်ကိုတော့ စုံစမ်းနေဆဲ ဖြစ်ပါတယ်။

စစ်ဘေးရှောင်ပြည်သူတဦးက “လေယာဥ်လာတာနဲ့ ဗုံးခိုကျင်းထဲ ပြေးပုန်းရတယ်။ သူတို့က လူစိတ်မရှိဘူး​​​လေ။ လုပ်ချင်ရာလုပ်နေကြတာ။ ပြည်သူထိခိုက်ရင်လည်း တာဝန်မယူပေးဘူး” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲချနေတဲ့အတွက် ပြည်သူတွေကို ဗုံးခိုကျင်း တူးထားကြဖို့ တိုက်တွန်းတာတွေလည်း ရှိတယ်လို့ သိရပါတယ်။

ကရင်နီပြည်မှာ ၂၀၂၃ ခုနှစ်အတွင်း လေကြောင်းနဲ့ တိုက်ခိုက်ခံရတဲ့ အကြိမ်ရေ ၁၃ ကြိမ် ရှိခဲ့ပြီး အာဏာသိမ်းပြီးနောက် စစ်ကောင်စီက စုစုပေါင်း ၁၉၇ ကြိမ် လေကြောင်းအသုံးပြု တိုက်ခိုက်ခဲ့တယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) ရဲ့ မတ်လ ၁ ရက်နေ့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ကရင်နီဒေသမှာရှိတဲ့ စစ်ဘေးရှောင်ပြည်သူတွေဟာ အထောက်အပံ့မရသည့်အတွက် စားနပ်ရိက္ခာ အခက်ခဲ ကြုံရတဲ့အပြင် ကုန်စျေးနှုန်းမြင့်တက်မှုကြောင့် စားဝတ်နေရေး ရပ်တည်ဖို့ ပိုမိုခက်ခဲလာတယ်လို့  မိုးဗြဲမြို့က စစ်ဘေးရှောင်အမျိုးသမီးတဦးက ပြောပါတယ်။

ဆန်တပြည်ကို အနိမ့်ဆုံး ကျပ် ၂၈၀၀ ရှိပြီး အမျိုးအစားကောင်းတဲ့ဆန်ဆိုရင် ၄၀၀၀ ကျော်ထိရှိတယ်လို့ သိရ​ပြီး လမ်းခရီးခက်ခဲတဲ့ ကျေးရွာတွေမှာ စျေးပိုမြင့်တယ်လို့လည်း သိရပါတယ်။

စစ်ဘေးရှောင်အမျိုးသမီးတဦးက “စစ်ရှောင်နေရတော့ နေ့စားအလုပ်လိုက်လုပ်တာမျိုး၊ အဝတ်လိုက်လျှော်တာမျိုး ကြုံရာလုပ်ရတာပေါ့၊ ဗိုက်ကဆာတတ်တာကိုး။ ဒီကြားထဲ ကုန်စျေးနှုန်းက တအားတက်တော့ ပိုစိတ်ညစ်ရတယ်”လို့ ပြောပါတယ်။

တချို့သော စစ်ဘေးရှောင်တွေက ကျေးရွာတွေမှာ တနိုင်တပိုင် စျေးရောင်းတာ၊ ဆံသဆိုင်ဖွင့်တာ၊ အသေးစားစားသောက်ဆိုင်ဖွင့်တာ၊ တက်တူးဆိုင်ဖွင့်တာ၊ အထည်ဆိုင်သေးဖွင့်တာစတဲ့ လုပ်ငန်းတွေကို တနိုင်တပိုင်လုပ်ကိုင်ပြီး ဝမ်းရေးအတွက် ဖြေရှင်းတာမျိုးတွေ ရှိတယ်လို့ သိရပါတယ်။

စစ်ကောင်စီတပ်က ကရင်နီဒေသကို ဖြတ်လေးဖြတ်လုပ်ပြီး ပိတ်ဆို့ထားတဲ့အပြင် ကုန်ပစ္စည်းပို့တဲ့အခါ ဖမ်းဆီးခံရလို့ ဆုံးရှုံးမှုတွေရှိပြီး ကုန်ပစ္စည်းတွေဝယ်ရတဲ့အခါ စျေးတက်လို့ ကူညီရတာလဲ နည်းသွားတယ်လို့ စစ်ဘေးရှောင်အရေးကူညီပေးသူအမျိုးသားတစ်ဦးက ပြောပါတယ်။

မြန်မာနိုင်ငံမှာ အိုးအိမ်စွန့်ခွာကာ စစ်ဘေးရှောင်နေရတဲ့ စစ်ဘေးရှောင်အရေအတွက်ဟာ ၁ ဒသမ ၇ သန်းကျော်ထိ မြင့်တက်လာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းကူညီမှုဆိုင်ရာ ပူးပေါင်းညှိနှိုင်းရေးမှူးရုံး (UNOCHA)က မတ်လ ၂၁ ရက်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013