DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီ ဖျက်သိမ်း
DVB
·
March 29, 2023
အန်အယ်လ်ဒီအပါအဝင် နိုင်ငံရေးပါတီ ၄၀ ကို စစ်ကောင်စီ ဖျက်သိမ်း
Donate to DVB

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD) နဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) အပါအဝင် နိုင်ငံရေးပါတီပေါင်း ၄၀  ကို ဖျက်သိမ်းလိုက်ကြောင်း စစ်ကောင်စီဩဇာခံ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မတ်လ ၂၈ ရက်ညမှာ ထုတ်ပြန်ကြေညာပါတယ်။

ဒေါ်အောင်ဆန်းစုကြည်အပါအဝင် အန်အယ်လီပါတီခေါင်းဆောင်တွေကို ဖမ်းဆီးထောင်ချပြီး တရားမဝင် အာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီဟာ နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်းဥပဒေသစ်ကို ဇန်နဝါရီ ၂၆ ရက်မှာ ထုတ်ပြန်ခဲ့ပြီး ဒီဥပဒေအရ နိုင်ငံရေးပါတီတွေ ရက်ပေါင်း ၆၀ အတွင်း မှတ်ပုံတင်ခွင့် ပြန်လည်လျှောက်ထားဖို့ သတ်မှတ်ပြဋ္ဌာန်းခဲ့တာ ဖြစ်ပါတယ်။

သတ်မှတ်ကာလအတွင်း လျှောက်ထားခြင်းမရှိတဲ့ ပါတီ ၄၀ ဟာ အလိုလျောက် ပျက်ပြယ်ပြီးဖြစ်လို့ ဒီပါတီတွေကို မတ်လ ၂၉ ရက် ဒီကနေ့ကစတင်ပြီး နိုင်ငံရေးပါတီအဖြစ် မှတ်ပုံတင်ထားခြင်းကနေ ပယ်ဖျက်ကာ ပါတီတွေကိုလည်း ဖျက်သိမ်းလိုက်တယ်လို့ စစ်ကောင်စီ ကော်မရှင် ဥက္ကဋ္ဌ ဦးသိန်းစိုးရဲ့ အမိန့်နဲ့ ထုတ်ပြန်လိုက်တာဖြစ်ပါတယ်။

ဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ထဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ရှမ်းတိုင်းရင်းသားများ ဒီမိုကရေစီအဖွဲ့ချုပ်၊ ရခိုင်ဒီမိုကရေစီအဖွဲ့ချုပ်၊ ချင်းအမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ကချင်အမျိုးသားပါတီ၊ တအာင်း(ပလောင်)အမျိုးသားပါတီ၊ ကယန်းအမျိုးသားပါတီ၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ)၊ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ စတဲ့ ပါတီတွေပါဝင်တာဖြစ်ပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာအနိုင်ရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီနဲ့ အင်အားအကြီးဆုံး တိုင်းရင်းသားပါတီဖြစ်တဲ့ ရှမ်းတိုင်းရင်းသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ပါတီတို့ကတော့ စစ်ကောင်စီကျင်းပမယ့် ရွေးကောက်ပွဲကိုရော၊ ရွေးကောက်ပွဲကော်မရှင်ကိုပါ အသိအမှတ်မပြုသလို ပါတီကိုပြန်ပြီး မှတ်ပုံတင်မှာမဟုတ်ဘူးလို့ကြေညာထားပါတယ်။

စစ်ကောင်စီထံမှာ ပါတီကို မှတ်ပုံမတင်ကြတဲ့၊ အတုအယောင်ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီတွေအားလုံးကို လေးစားဂုဏ်ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ (NUG)  ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

“တချိန်တည်းမှာပဲ အကြမ်းဖက်စစ်တပ်ရဲ့ အတုအယောင် ရွေးကောက်ပွဲမှာ ပါတီကို မှတ်ပုံမတင်ကြ၊ ရွေးကောက်ပွဲကို အသိအမှတ် မပြုကြတဲ့ နိုင်ငံရေးပါတီများအားလုံးကိုလည်း လေးစား ဂုဏ်ပြု ကြောင်း ဒီနေရာကနေပြောလိုပါတယ်။ ဒါ့အပြင် ဖက်စစ်အကြမ်းဖက်ခေါင်းဆောင် မင်းအောင်လှိုင်ဟာ သူ့ရဲ့ လက်ဝခေံ လက်နက်ကိုင် အဖွဲ့ကို ကောင်းစွာ မထိန်းချုပ်နိုင်တော့တဲ့အပြင်၊ လက်တွေ့မှာလည်း ကျနော်တို့ အမျိုးသား ညီညွတ်ရေးအစိုးရနဲ့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ နယ်မြေစိုးမိုးထားနိုင်မှုကို ထိတ်လန့် ကြောက်ရွံ့လျက်ရှိတာကို တွေ့ရပါတယ်။ ဖက်ဆစ်တော် လှန်ရေးနေ့ကို ပုံဖျက်ထားတဲ့နေ့မှာ တော်လှန်ရေးအင်အားစုတွေကို အမြစ်ဖြတ်ချေမှုန်းမယ်ဆိုတဲ့ စကားဟာ စစ်အုပ်စုရဲ့ ကြောက်စိတ် ကို ဖော်ပြနေတယ်ဆိုတာထင်ရှားပါတယ်” လို့ ယာယီသမ္မတ ဒူဝါလရှီးလက ပြောပါတယ်။

စစ်ကောင်စီကျင်းပဖို့ စီစဉ်နေတဲ့ ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံရဲ့သမိုင်းမှာ သွေးထွက်သံယိုမှု အများဆုံးရွေးကောက်ပွဲဖြစ်လာနိုင်ပြီး ကုလသမဂ္ဂ အပါအဝင် နိုင်ငံတကာက  ဒီရွေးကောက်ပွဲကို လက်မခံ တရားမဝင်ကြောင်း လူသိရှင်ကြားကြေညာဖို့နဲ့ ရွေးကောက်ပွဲ မကျင်းပရေး တားမြစ်ဖို့ နိုင်ငံတကာပဋိပက္ခလေ့လာစောင့်ကြည့်အဖွဲ့ (ICG) က မနေ့က အစီရင်ခံစာထုတ်ပြန် တိုက်တွန်းထားပါတယ်။

စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ကတော့ ရွေးကောက်ပွဲသစ် ကျင်းပဖို့နဲ့ပတ်သက်လို့လည်း   တည်ငြိမ်အေးချမ်းဖို့လိုတဲ့အကြောင်းနဲ့ ရွေးကောက်ပွဲကို ပြီးစလွယ်မလုပ်ဖို့  မတ်လ ၂၇ ရက်  နေပြည်တော် စစ်ရေးပြအခမ်းအနား မိန့်ခွန်းမှာ ပြောပါတယ်။

လက်ရှိအချိန်အထိ မှတ်ပုံတင်လျှောက်ထားကြတဲ့ နိုင်ငံရေးပါတီပေါင်း  ၆၃ ပါတီရှိတယ်လို့  စစ်ကောင်စီ ကော်မရှင်က သီးခြားထုတ်ပြန်ကြေညာထားပြီး ဒီအထဲမှာ တနိုင်ငံလုံးစည်းရုံးလှုပ်ရှားမှုပါတီ ၁၃ ပါတီနဲ့  ပြည်နယ်နဲ့တိုင်းတွေမှာပဲ စည်းရုံးလှုပ်ရှားမယ့်ပါတီ ပေါင်း ၅၀ ရှိပါတယ်။

မှတ်ပုံပြန်တင်တဲ့ပါတီတွေထဲမှာ ၂၀၂၀ ရွေးကောက်ပွဲတုန်းက အနိုင်ရထားတာ ၁၁ ပါတီပါပြီး   လွှတ်တော်နေရာအရေအတွက်က ၁၂၆ နေရာရှိတယ်။

ဖျက်သိမ်းခံရတဲ့ ပါတီ ၄၀ ထဲမှာတော့ ၂၀၂၀ ရွေးကောက်ပွဲမှာ အနိုင်ရထားတဲ့ပါတီ  ၈ ပါတီပါဝင်ပြီး ဒီပါတီတွေရထားတဲ့ လွှတ်တော် နေရာအရေအတွက်က ၉၈၇ နေရာအထိရှိတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013