DVB Logo
Home
မြန်မာသတင်း
ကျိုက်ထို မရမ်းချောင်းစစ်ဆေးရေးဂိတ်နှင့် ရေးမြစ်ကူးတံတား ကင်းစခန်း တိုက်ခိုက်ခံရ
DVB
·
March 28, 2023
ကျိုက်ထို မရမ်းချောင်းစစ်ဆေးရေးဂိတ်နှင့်  ရေးမြစ်ကူးတံတား ကင်းစခန်း တိုက်ခိုက်ခံရ
Donate to DVB

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်းကျေးရွာရှိ စစ်ကောင်စီရဲ့ အမြဲတမ်းစစ်ဆေးရေး စခန်းကို  ဖက်ဆစ်တော်လှန်ရေးနေ့  မတ် ၂၇ ရက် မွန်းလွဲ ၁၂နာရီ ၄၅ မိနစ်မှာ ဒေသခံ PDF အဖွဲ့က ဒရုန်းနဲ့ ဗုံး ၄ လုံးချ တိုက်ခိုက်ခဲ့တယ်လို့ စစ်ကောင်စီတပ်နဲ့ နီးစပ်တဲ့ ဒေသခံတွေက ပြောပါတယ်။

လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် မရမ်းချောင်း စစ်ဆေးရေးစခန်း တာဝန်ကျ  ဒုရဲမှူး ကျော်သန်းဝင်းနဲ့ ရဲတပ်သား ကျော်လင်းထွန်းတို့  မစိုးရိမ်ရ ဒဏ်ရာတွေ အသီးသီး ရရှိခဲ့တယ်လို့ ဆိုပါတယ်။

မရမ်းချောင်းစစ်ဆေးရေးဂိတ် တိုက်ခိုက်ခံရအပြီးမှာ မုပ္ပလင်လမ်းဆုံဂိတ်၊ မုပ္ပလင်ရဲကင်း စစ်တောင်းတံတား မုပ္ပလင်ဂျပန်ကျောင်းဘက်ကိုလည်း ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

မနေ့မနက် ၃ နာရီ ၅၅ မိနစ်ကလည်း သထုံမြို့နယ် ဒူးရင်းဆိပ်ရွာရှိ ကျားမနိုင်အနောက်ဘက် တာဝါတိုင်ကို PDF က ဒုံသမိချောင်းထဲကနေ စက်လှေနဲ့လာပြီး ရှော့တိုက်မိုင်း ထောင်ဖောက်ခွဲခဲ့ရာ တာဝါတိုင် ၄ တိုင် စလုံးကို မိုင်းထောင်ခဲ့ပေမဲ့  သံတိုင်တတိုင်သာ အောက်ခြေပြတ်သွားခဲ့တယ်လို့ စစ်တပ်နဲ့နီးစပ်သူက ပြောပါတယ်။

အလားတူ မွန်ပြည်နယ်၊ ရေးမြစ်ကူးတံတားရှိ  စစ်တပ်ကင်းစခန်းကိုလည်း  မတ် ၂၇ ရက် မနက် ၁၀ နာရီ ၄၀ မိနစ် လောက်က ရေးဘီးလူးအဖွဲ့က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ရေးဘီးလူးအဖွဲ့ခေါင်းဆောင်က ပြောပါတယ်။

ရေးဘီးလူးအဖွဲ့ ခေါင်းဆောင်က “ဒရုန်းဗုံးသီး တလုံးက စစ်ကောင်စီကင်းစခန်းကို ထိမှန်ခဲ့တယ်။ တပ်မတော်နေ့လည်း ဖြစ်တာကြောင့် စစ်ကောင်စီဘက်က အင်အားတွေ ဖြည့်တင်းထားတယ်။ သူ့တို့ဘက်က ထိခိုက် သေဆုံးမှုတော့ရှိနိုင်ပြီး ဒရုန်းပစ်ခတ်ခံရပြီးတာနဲ့ စစ်ကောင်စီဘက်က ကင်းပုန်းသမားတွေက လက်နက်ငယ်တွေနဲ့ ပစ်ခတ်နေခဲ့တယ်”လို့ ဆိုပါတယ်။

ဖြစ်စဉ်ဖြစ်ပွားပြီးနောက် စစ်တပ်က ပြန်လည်ပစ်ခတ်ပေမယ့် ရေးဘီးလူးအဖွဲ့သားတွေကတော့ ဘေးကင်းစွာပြန်လည်ဆုတ်ခွာလာခဲ့တယ်လို့ ဆိုပါတယ်။

ဒေသခံတယောက်က “ပစ်ခတ်ပေါက်ကွဲသံတွေက ထပ်မံကြားရတယ်။ တံတားကြီးဘက် စစ်ဆေးရေး ဂိတ်ကိုတော့ လူတွေအသွားလာလည်း သိပ်မရှိကြဘူး။ ဒီနေ့လည်း လူတွေ အရင်ရက်တွေလို့ မသွားလာကြဘူး”လို့ ပြောပါတယ်။

ရေး မြစ်ကူးတံတားက ကင်းစခန်ကို ဒေသကာကွယ်ရေး တပ်တွေက မကြာခဏဝင်ရောက် ပစ်ခတ်လေ့ရှိပြီး လုံခြုံရေးလည်းတင်းကျပ်ထားတဲ့ စစ်ဆေးရေးဂိတ်တခုလည်း ဖြစ်ပါတယ်။

အဆိုပါ ပစ်ခတ်တိုက်ခတ်မှုတွေနဲ့ ပတ်သက်ပြီး စစ်ကောင်စီဘက်ကတော့ သတင်းထုတ်ပြန်တာ မရှိပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013