DVB Logo
Home
မြန်မာသတင်း
သင်္ကြန်ပိတ်ရက် နေရပ်ပြန်ကြမည့် ပြည်သူများ ရထားလက်မှတ် ဝယ်မရမှာ စိုးရိမ်နေ
DVB
·
March 28, 2023
သင်္ကြန်ပိတ်ရက် နေရပ်ပြန်ကြမည့် ပြည်သူများ ရထားလက်မှတ် ဝယ်မရမှာ စိုးရိမ်နေ
Donate to DVB

လာမယ့် သင်္ကြန်ကာလအတွက် နေရပ်ပြန်မယ့်သူတွေ ကားလက်မှတ်တွေ ဝယ်ရခက်ခဲနေသလို ရထားနဲ့ ပြန်မယ့် ခရီးသည်တွေအတွက်လည်း ဧပြီ ၉ ရက်၊ ၁၀ ရက်နေ့တွေမှာ ရထား ခရီးစဉ်တွေ ထွက်မထွက် မသေချာသေးတာကြောင့် လက်မှတ်ဝယ်လို့ မရမှာ စိုးရိမ်ပူပန်နေကြပါတယ်။

သင်္ကြန်ပိတ်ရက် နယ်ပြန်ဖို့ ရထားလက်မှတ် စုံစမ်းခဲ့သူ တစ်ယောက်ကတော့ နှစ်စဉ် အခါကြီး ရက်ကြီးတွေမှာ ရထားလက်မှတ် ဝယ်ယူရခက်ခဲပြီး မှောင်ခိုလက်မှတ်တွေကို စျေးကြီးကြီး ပေးဝယ်ရတဲ့ အခြေအနေရှိတယ်လို့ ဒီဗွီဘီကို ပြောပါတယ်။

ရန်ကုန်-မန္တလေး ခရီးသည် ကိုပြည့်စုံက "လောလောဆယ်တော့ နယ်ပြန်ဖို့အတွက် ကားကော ရထားကော လက်မှတ်တွေ ဝယ်ဖို့ အခက်အခဲ ဖြစ်နေတယ်။ ဒီနှစ်လည်း တန်းစီပြီး ဝယ်မယ် ပြောရတယ်။ အရင်နှစ်တွေတုန်းကလည်း သင်္ကြန်ပိတ်ရက်အတွက်ဆို တန်းစီပြီး သွားဝယ်တယ်။ လူတွေက အများကြီး တန်းစီနေရတာ ဆိုတော့ မရတာ များတယ်။ မှောင်ခိုလက်မှတ်တွေ ဖြစ်သွားတာများတယ်။ အကုန်လုံး ကုန်သွားတယ်ချည်း ပြောတယ်။ ဘယ်တုန်းကမှ ရထားလက်မှတ်တွေဆို ၃ ရက် ကြိုဝယ်လည်း မရဘူး။ ၁ ရက် ကြိုဝယ်လည်း မရဘူး။ အခါကြီး ရက်ကြီးတွေဆို ဖြစ်နေကျ ပုံစံပေါ့။ ဒီနှစ်တော့ သေချာတော့ မသိသေးဘူး။ စောင့်ကြည့်ရမယ်။ အကြီးမားဆုံး အခက်အခဲက လက်မှတ်တွေ လွယ်လွယ်ကူကူ ဝယ်လို့ မရတာပေါ့"လို့ ပြောပါတယ်။ 

မြန်မာ့ မီးရထားကတော့ သင်္ကြန်ပိတ်ရက် မတိုင်ခင် ဧပြီ ၇ ရက်နဲ့ ၈ ရက်နေ့တို့မှာ ရန်ကုန်-မန္တလေး၊ ရန်ကုန်-နေပြည်တော်၊ ရန်ကုန်-မော်လမြိုင်၊ ရန်ကုန်-ပြည် စတဲ့ ခရီးစဉ်တွေကို အထူး ပြေးဆွဲသွားမယ်လို့ သိရပါတယ်။

သင်္ကြန်အထူးရထား လက်မှတ်တွေကို ပုံမှန်စျေးနှုန်း အတိုင်းသာ ရောင်းချသွားမှာဖြစ်ပြီး မှတ်ပုံတင် မူရင်းနဲ့ လူတစ်ယောက်ကို လက်မှတ် ၃ စောင် လာရောက် ဝယ်ယူနိုင်တယ်လို့ မြန်မာ့မီးရထား ရန်ကုန်ဘူတာကြီး လက်မှတ်ရောင်းဌာနဆီက သိရပါတယ်။

ရန်ကုန်ဘူတာကြီး လက်မှတ် အရောင်းဌာနမှ ဝန်ထမ်းတစ်ဦးက"သင်္ကြန်တွင်းက ၈ ရက်နေ့ကျရင် အထူး ၄ စီး ထွက်ပေးမယ်။ အထက်တန်းဆို ၃ ရက် ကြိုတင် ဝယ်ရမယ်။ ရိုးရိုးတန်းဆို ၁ ရက် ကြိုဝယ်ရမယ်။ နိုင်ငံသား မှတ်ပုံတင် မရှိရင် မရဘူး။ တဦးကို ၃ စောင် ရောင်းပေးတယ်။ ရထားက ခရီးသည်သွားနှုန်းများရင် ထပ်ပြီး တိုးချင် တိုးပေးနိုင်တယ်။ ခရီးသည် သွားနှုန်း နည်းရင် ရထားက ပြန်ဖျက်သိမ်းနိုင်တယ်။ သင်္ကြန်တွင်းမို့လို့ တက်တယ် မရှိဘူး။ ကိုယ်က စောစောလာမှ တန်းစီ ရှေ့ရောက်မှာ။ တဦးကို ၃ စောင် ရောင်းပေးတဲ့အတွက် လက်မှတ်တွေကုန်တာ မြန်တယ်"လို့ ပြောပါတယ်။

ရထားလက်မှတ်ခ စျေးနှုန်းအနေနဲ့ ရန်ကုန်-မန္တလေး အထက်တန်းခ ၁၆၀၀၀ ကျပ်၊ ရိုးရိုးတန်း ၈၀၀၀ ကျပ်၊ ရန်ကုန်-မော်လမြိုင် အထက်တန်း ၈၀၀၀ ကျပ်၊ ရိုးရိုးတန်း ၄၀၀၀ ကျပ်နဲ့ ရန်ကုန်-ပြည် အထက်တန်း ရထားလက်မှတ် ၇၀၀၀ ကျပ်စတဲ့ စျေးနှုန်း အစားစား ရှိပါတယ်။

ပုံမှန်ရက်တွေဆို ရထားလက်မှတ် ဝယ်ရတာ အခက်အခဲ မရှိပေမယ့် သင်္ကြန်ပိတ်ရက်တွေမှာတော့ လက်မှတ်ရဖို့ မသေချာဘူးလို့ ကိုယ်တိုင်ကြုံရသူတွေက ပြောပါတယ်။

ရန်ကုန်- မော်လမြိုင် ခရီးသည် မပိုးအိက "တနှစ်လုံးမှာဆိုရင် ရထားလက်မှတ် ဝယ်ရတာ အခါကြီးရက်ကြီး မဟုတ်တဲ့ ဒီပြင် အချိန်တွေဆို အဆင်ပြေတယ်။ ဘယ်ချိန်ပဲသွားသွား အဆင်ပြေတယ်။ အဲ့လိုမျိုး သင်္ကြန်ကာလဆို အဆင်မပြေဘူး။ သင်္ကြန်ကာလမှ ရထား လက်မှတ်ရဖို့ ကြိုဝယ်ရသလို မှောင်ခို ရောင်းတဲ့သူနဲ့ အဆက်အသွယ် ရှိတယ်။ ရထားလက်မှတ် မှောင်ခိုရောင်းတာ တခြားသူ မဟုတ်ဘူး။ ရထား ဝန်ထမ်းတွေပဲ၊ ရထားဝန်ထမ်းတွေက တချို့ လက်မှတ်တွေကို အရောင်းပြတယ်။ အမြဲလက်မှတ် ကုန်သွားပြီလို့ ပြတယ်။ တကယ် တန်းစီရင် ခက်ခဲတယ် မရတတ်ဘူး။ အဲ့တော့ မှောင်ခို ချိတ်ဆက်ပြီး ဝယ်ရတယ်။ နှစ်တိုင်းကတော့ အခက်အခဲ ရှိတယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မြန်မာ့မီးရထားဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ လူစီးအမြန်ရထား အစင်း ၄၀၊ စာပို့ရထား ၅၂ စင်း၊ ကုန်တင်ရထား ၄၈ စင်း၊ ခရီးတို ရထား ၁၆ စင်း၊ ခရီးဝေး ရထား စုစုပေါင်း ၁၅၆ စင်းနဲ့ ရန်ကုန်မြို့ပတ် ရထားတွေကို တွဲဆိုင်း ၂၁ ဆိုင်းနဲ့ နေ့စဉ် ခေါက်ရေ ၁၆၀ ကျော် ပြေးဆွဲခဲ့ပါတယ်။

စစ်တပ် အာဏာသိမ်းပြီးချိန်ကစလို့ မြန်မာ့မီးရထားဟာ CDM ဝန်ထမ်း အင်အားအများဆုံးနဲ့ အာဏာရှင်ကို တော်လှန်ခဲ့ကြပြီး၊ အာဏာသိမ်းပြီး ၂ နှစ်ကျော် ကြာတဲ့အထိ မီးရထားလုပ်ငန်းကို စစ်ကောင်စီက အောင်အောင်မြင်မြင် မလည်ပတ်နိုင်သေးပါဘူး။ 

ဇွဲသစ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013