DVB Logo
Home
မြန်မာသတင်း
အန်အယ်လ်ဒီပါတီ ဆိုင်းဘုတ်ဖြုတ်ချပေးရန် ခြိမ်းခြောက်ခံရ
DVB
·
June 13, 2014
အန်အယ်လ်ဒီပါတီ ဆိုင်းဘုတ်ဖြုတ်ချပေးရန် ခြိမ်းခြောက်ခံရ
Donate to DVB

ရှမ်းပြည်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ ကျေးသီးမြို့နယ်၊ နောင်စွမ်းကျေးရွာရှိ အန်အယ်လ်ဒီပါတီ ဆိုင်းဘုတ်ဖြုတ်ချပေးဖို့နဲ့ ဖြုတ်ချမပေးရင် အသက်အန္တရာယ်ရှိတယ်လို့ ခြိမ်းခြောက်ခံနေရကြောင်း တိုင်းနဲ့ ခရိုင် ပါတီတာဝန်ရှိသူတွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ ၉ရက်မှာ တိုက်နယ်ဥက္ကဋ္ဌနဲ့ ကျေးရွာသူကြီးတို့က အမိန့်အရ ဆိုင်းဘုတ်ဖြုတ်ချပေးဖို့ လာရောက်ခြိမ်းခြောက် ပြောဆိုခဲ့တာဖြစ်တယ်လို့ လွိုင်လင်ခရိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဝင်တဦးက ပြောပါတယ်။

nld_flag_by_spidyweb-d4wo1lx“ဖြုတ်ရင်ဖြုတ်ရင် မဖြုတ်ရင် မင်းတို့အိမ်ကို မီးရှို့ပြီး မင်းတို့ကို သတ်ပြစ်လို့ရတယ်လို့ ရတယ်ဆိုတဲ့အထိ ခြိမ်းခြောက်လာတဲ့အခါကျတော့ အိမ်ရှင်က ကြောက်လန့်ပြီးတော့ သူက ခရိုင်ကို ပြေးလာတဲ့ သဘောဗျ။ အဲဒါကြောင့် ကျနော်တို့ကလည်း အေးဒါဆိုလို့ရှိရင် အသက်နဲ့တော့ မရင်းနဲ့ တကယ်လို့ အတင်းအဓမ္မဖြုတ်လာရင် ကိုယ်ကိုယ်တိုင် မဖြုတ်နဲ့ သူတို့ ဘာသာသူတို့ ဖြုတ်ခိုင်း ဖြုတ်တဲ့အချိန်မှာ မှတ်တမ်းတင် ဓာတ်ပုံတွေဘာတွေ ရိုက်ထား အဲဒီလိုတော့ မှာလိုက်တယ်ဗျ။”

နောင်စွမ်းကျေးရွာ အန်အယ်လ်ဒီပါတီ သတင်းပြန်ကြားရေးတာဝန်ခံ အိုက်တီ (ခေါ်) ခွန်ကျော်ထွန်းရဲ့ နေအိမ်ရှေက ပါတီဆိုင်းဘုတ်ကို ဖြုတ်ချခိုင်းနေတာဖြစ်ပြီး ဖြုတ်ချဖို့ လာရောက် ခြိမ်းခြောက် ပြောဆိုသူက အနီးနား ၀မ်းဟိုင်းကျေးရွာက ဦးလုံးဆိုင်း ဆိုသူ ဖြစ်တယ်လို့လည်း ဆိုပါတယ်။

ဒီရွာက ပါတီဆိုင်းဘုတ်ကို ပြီးခဲ့တဲ့ ဇန်န၀ါရီလကုန်ပိုင်း ဒေါ်အောင်ဆန်းစုကြည် တောင်ကြီးခရီး အပြီး တင်ခဲ့တာပါ။ အခုလို ပါတီဆိုင်းဘုတ်ဖြုတ်ချခိုင်းမှုနဲ့ ပတ်သက်ပြီး အကျိုးအကြောင်း မေးမြန်းဖို့ ဒေသခံ အစိုးရ အာဏာပိုင်တွေနဲ့ အဆက်အသွယ် မရသေးပါဘူး။

ရှမ်းပြည်နယ်၊ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်ခင်မိုးမိုးကတော့ ကျေးရွာပါတီဆိုင်းဘုတ် ဖြုတ်ချခိုင်းနေတာနဲ့ ပတ်သက်ပြီး အခုလို ပြောပြပါတယ်။

“ကျမကတော့ တတ်နိုင်ရင်တော့ အဲဒီ တိုက်နယ် အုပ်ချုပ်ရေးမှူးနဲ့ သူကြီးကို သူတို့ဘာကြောင့် ဒီဆိုင်းဘုတ်ကို ဖြုတ်ချခိုင်းတယ် ဘယ်သူက ဖြုတ်ချခိုင်းတယ်ဆိုတာကို စာလေးရေးယူ ထားလိုက်ပါပေါ့။ တကယ်လို့ စာရေးမပေးနိုင်ဘူးဆိုရင်လည်း သူတို့က မကျေနပ်ဘူး ဆိုရင်တော့ သူတို့ရှေ့တင် ဖြုတ်ချပြီးတော့ ဓာတ်ပုံတွေဘာတွေ ရိုက်ထားလိုက်ပါလို့ ကျမ ပြောလိုက်တယ်။ အသက်နဲ့ ရင်းပြီးတော့ ကျမတို့လည်း ဘာမှ မလုပ်ပေးနိုင်ဘူး။ တရားဥပဒေ စိုးမိုးရေးနဲ့ တော်တော်ကြီးကို အလှမ်းဝေးတဲ့ နေရာဆိုတော့ ကိုယ့်အသက်ကိုယ်တော့ ဂရုစိုက်ပါလို့ အဲဒီလိုပဲ ကျမပြောလိုက်တယ်။”

ပြီးခဲ့တဲ့ ဇွန်လဆန်းပိုင်းကတင် ရှမ်းပြည်နယ် ဟိုပုံးမြို့နယ် မိုင်းပျဉ်းကျေးရွာ အန်အယ်လ်ဒီပါတီ ဥက္ကဋ္ဌတဦးကို အမည်မသိ အဖွဲ့အစည်းမသိ သူတွေက လာခေါ်သွားပြီး သေနတ်နဲ့ ပစ်သတ်ခံခဲ့ရ တာ အခုချိန်ထိ ဘယ်သူဘယ်ဝါ လက်ချက်မှန်း အမှုမှန် မပေါ်ပေါက်သေးပါဘူး။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013