DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာရ
DVB
·
March 25, 2023
ဘားအံတွင် လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ကလေး ၁ ဦး ဒဏ်ရာရ
Donate to DVB

ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ(၁)၊ သထုံခရိုင်နယ်မြေ၊ ဘားအံမြို့နယ်မှာ စစ်ကောင်စီတပ်ရဲ့ လေကြောင်းအပြင် လက်နက်ကြီးနဲ့ ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၂ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ပါတယ်။

ညောင်တုန်းကျေးရွာအခြေစိုက် စစ်ကောင်စီ BGF တပ်စခန်းကို မတ် ၂၂ ရက် မနက်ပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်က သွားရောက် တိုက်ခိုက်ပြီးနောက် စစ်ကောင်စီဘက်က လေကြောင်းအပြင် လက်နက်ကြီးတွေနဲ့ ကျေးရွာတွေထဲ ပစ်ခတ်တိုက်ခိုက်ခဲ့တာပါ။

စခန်းတိုက်ခိုက်ခံရပြီးနောက် မတ် ၂၂ ရက် မနက် ၆ နာရီလောက်မှာ ညောင်တုန်း ကျေးရွာအခြေစိုက် စစ်ကောင်စီ BGF တပ်စခန်းကနေ ကျုံခနကျေးရွာအုပ်စု တံတားဦး ကျေးရွာထဲကို လက်နက်ကြီး ၅ ချက်ထက်မနည်း ပစ်ခတ်ခဲ့တာပါ။

စစ်ကောင်စီ လက်အောက်ခံ BGF တပ်စခန်းက ပစ်ခတ်လိုက်တဲ့ လက်နက်ကြီးကျည်ကြောင့် အသက် ၆၆ နှစ်အရွယ် သီလရှင်တပါး ထိမှန်သေဆုံးခဲ့ပြီး အသက် ၁၃ နှစ်အရွယ် မိန်းကလေးငယ် တဦးမှာလည်း ကျည်ထိမှန်ဒဏ်ရာရှိခဲ့ပါတယ်။

အဲဒီနေ့ ည ၁၁ နာရီလောက်မှာလည်း ဘားအံမြို့နယ်၊ တကောင်ဘိုးကျေးရွာအုပ်စု လာခဲ့ခေါ်ကျေးရွာထဲ တိုက်လေယာဉ် ၂ စီးနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တဲ့အတွက် ရွာသားတဦး ထိမှန်သေဆုံးခဲ့ပြီး လူနေတဲတလုံးနဲ့ မန်ဂျာရှား စိုက်ခင်းခြံတခြံ ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။

တိုက်ပွဲဖြစ်တိုင်း စစ်ကောင်စီတပ်ဟာ အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထားတိုက်ခိုက်မှုကို ဆက်တိုက်ကျုးလွန်နေပြီး ဒီလုပ်ရပ်တွေအတွက် တာဝန်ခံရမယ်လို့ KNU သထုံခရိုင် မိတ်ဖက်ရေးရာကြီးကြပ်ကွပ်ကဲမှုကော်မတီ ဥက္ကဋ္ဌ ဗိုလ်မှူးစောကျော်မြင့်က  ပြောပါတယ်။

ကရင်အမျိုးသားအစည်းအရုံး (KNU) သထုံခရိုင် မြို့နယ်တွေ ဖြစ်တဲ့ ဘီးလင်း၊ ကျိုက်ထို၊ သထုံနဲ့ ဘားအံမြို့နယ်တို့မှာ အခုလအတွင်း စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်မှုကြောင့် အရပ်သား ၇ ဦး သေဆုံးပြီး ၆ ဦးဒဏ်ရာရရှိထားတယ်လို့ KNU သထုံခရိုင်က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013