DVB Logo
Home
မြန်မာသတင်း
တရုတ်သွင်းကုန်များ စစ်ဆေးရေးတင်းကြပ်နေသဖြင့် ကုန်သည်နှင့်ကားသမားများ အခက်အခဲ ဖြစ်နေ
DVB
·
March 25, 2023
တရုတ်သွင်းကုန်များ စစ်ဆေးရေးတင်းကြပ်နေသဖြင့် ကုန်သည်နှင့်ကားသမားများ အခက်အခဲ ဖြစ်နေ
Donate to DVB

မြန်မာနိုင်ငံရဲ့ အရှေ့မြောက်ပိုင်း ကုန်သွယ်ရာလမ်းကြောမှာ တရုတ်ဘက်က သွင်းကုန်တွေကို စစ်ဆေးရေး တင်းကြပ်နေတာကြောင့် ကုန်သည်၊ ကားသမားတွေ အခက်အခဲ ဖြစ်နေပြီး ကုန်ကားတချို့ ခါလီ ထွက်ကြရကြောင်း နယ်စပ် ကုန်သည်၊ ကားသမားတွေက ပြောပါတယ်။ 

"တချို့လည်း တင်ထားတဲ့ ကုန် ပြန်ချပြီး ခါလီ ထွက်တယ်။ တချို့ကလည်း ချတယ်။ အခုက ၁၆ မိုင် နဲ့ ရေ ပူက အရမ်းစစ်တယ်လေ။ ဂျူတီ အကုန်စုံမှ အဲလိုတွေ ကြားနေရတော့ တော်ရုံတန်ရုံ ကားဆရာ မတင်ချင်တော့ဘူး အဲလို ဖြစ်နေတာ" လို့ ကုန်တင်ယာဉ်မောင်းတဦးက ပြောပါတယ်။ 

တရုတ်ဘက်က ထွက်လာတဲ့ ပစ္စည်းမျိုးစုံပါတဲ့ ကုန်စုံကိုတော့ ၁၀၅ မိုင်က ပေးပေမယ့် ရေပူဂိတ် နဲ့ ၁၆ မိုင်ဂိတ်မှာ ဂျူတီ မဆောင်တဲ့ ကုန်ပစ္စည်းပါရင် ဒဏ်ငွေ ၁၀ သိန်း ပေးရတယ်လို့ သူက ပြောပါတယ်။

"ပစ္စည်း ၁၀ မျိုး၊ ၁၅ မျိုး လောက်ပါပေမယ့် အခွန်ဆောင်တဲ့ ဂျူတီကျတော့ ပစ္စည်း ၁၀ မျိုး လောက်ပဲ ဆောင်တဲ့အခါကျတော့ ရေပူတို့ ၁၆ မိုင်တို့ကျ ဥပမာ ဖန်ခွက်တွေ တင်ခဲ့တာပဲ ဖြစ်ဖြစ်၊ ကော်ခွက်တွေ တင်ခဲ့တာဖြစ်ဖြစ်၊ ဂျူတီ မဆောင်တဲ့ ကုန်ပစ္စည်းပါရင် သူက ၁၀ သိန်းလေ ဒဏ်ငွေက။ အဲဒါတွေကြောင့် မတင်ရဲ ကြတော့တာ" လို့ သူက ရှင်းပြပါတယ်။ 

နယ်စပ်ကုန်သည် တဦးက "ပစ္စည်း ၁ ခုကို တယောက်က ဒါကို Instruments လို့ သတ်မှတ်လိုက်ပြီး ပေးလိုက်တယ်။ နောက်ဂိတ် တဂိတ်မှာ ရှိတဲ့ ဆရာက ဒါ Instruments မဟုတ်ဘူး။ ဒီဥစ္စာ Machine ဆိုပြီးတော့ ဖမ်းလိုက်တယ်။ အဲလိုမျိုးကျရင် ဒဏ်ကြေးနဲ့ ပြန်ရွေးရတယ်" လို့ ပြောပါတယ်။  

အရင်ကတော့ သွင်းကုန်တွေကို အခွန်အရင်ဆောင်ပြီးမှ ကုန်တွေစစ်တာဖြစ်ပေမယ့် လက်ရှိမှာတော့ ပစ္စည်းတွေကို အရင်ဦးဆုံး စစ်ဆေးပြီးမှသာ အခွန်ဆောင်ရတဲ့စနစ်ဖြစ်ပြီး ကားကို ကွင်းထဲ (စစ်ဆေး) စင်အောက်မှာ ဖွင့်ချလိုက်ပြီးတော့ အထဲမှာပါတဲ့ကုန် တူတာတွေကိုစု၊ အဲမှာပါတဲ့ အမျိုးအစားတွေကို လိုင်စင်ပြကာ ၁၀၅ မိုင်မှာ အခွန် (ဂျူတီ) ဆောင်ရတာလို့ ဆိုပါတယ်။ 

"အပြည့်ဆောင်ပြန်တော့လည်း Brand Name လွဲလို့တဲ့ ဖမ်းတယ်။ ဒီဘက်က ဆရာက ပေးလိုက်တဲ့ ဥစ္စာကို ဟိုဘက်ဆရာက မရဘူးဆိုပြီးတော့ ပြန်ဖမ်းပြီးတော့ ဒဏ်ငွေရိုက်လိုက်တယ်။ ... ၁၀၅ မိုင်ကနေ ကားလွှတ်ပြီးတော့မှ ဖမ်းတာကတော့ ရက်စက်ပါတယ်။ သူက နဂိုတည်းကိုက သွင်းကုန်ဦးစားပေး မူဝါဒ မဟုတ်ဘူး။ ပို့ကုန် ဦးစားပေး မူဝါဒ။ ... အပြည့်မဆောင်နိုင်မထွက်နဲ့ မလုပ်နိုင်ရင် မလုပ်နဲ့ ငါတို့ import ကုန်တွေအဓိကထားတာမဟုတ်ဘူးတဲ့" လို့ နယ်စပ်ကုန်သည် နောက်တဦးက ပြောပါတယ်။

တနိုင်တပိုင် ကုန်သည်လုပ်ငန်းရှင်တွေ အနေနဲ့တော့ ကုန်ပစ္စည်းတွေကို တယောက်နည်းနည်း စီစုပြီး ကားပေါင်းငှားရတာဖြစ်ပြီး အမျိုးအမည်များပေမယ့် အရေအတွက် နည်းပါးတာကြောင့် အခက်ကြုံရတယ်လို့ ဆိုပါတယ်။ 

မူဆယ်ခရိုင် (Task Force) လုပ်ငန်းအဖွဲ့ကတော့ ဆဲဗင်းဟွာကျင့်နဲ့ ရွှေလွယ်အင် ကားကွင်းတွေမှာ မြန်မာကားနဲ့ တင်သွင်းထားတဲ့ သွင်းကုန်ကားတွေ အနေနဲ့ မူဆယ်အထွက် မောင်းတံဂိတ်အနီးရှိ နှင်းနှင်းခိုင် ဒါမှမဟုတ် ၁၀၅ မိုင် ယာဉ်စစ်ကွင်းကို ဝင်ရောက်ဖို့ ဒါမှဟုတ် ၁၀၅ မိုင်ရှိ ကုမ္ပဏီ ဂိုဒေါင်တွေမှာ ဂိုဒေါင်ချ ပြုလုပ်ဖို့၊ မပြုလုပ်ပါက အထူးစစ်ဆေးရေးအဖွဲ့နဲ့ ခွဲထုတ်ပြီး စစ်ဆေးသွားမယ်ဆိုပြီး အသိပေးကြေညာစာ ထုတ်ပြန်ထားပါတယ်။ 

လက်ရှိမှာတော့ တရားမဝင် ကုန်စည် တိုက်ဖျက်ရေး အဖွဲ့တွေ ဖွဲ့စည်းထားပြီး တရားမဝင် ကုန်စည်တိုက်ဖျက်ရေး လုပ်ငန်းတွေလည်း ဆောင်ရွက်နေတာတွေ ရှိကြောင်း ဌာနဆိုင်ရာနဲ့ နီးစပ်သူ နယ်စပ် ဒေသခံတဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ မတ် ၁၄ ရက်နေ့မှာလည်း ရေပူ စစ်ဆေးရေးစခန်းနဲ့ လားရှိုး အကောက်ခွန်ဦးစီး ဌာနမှူးရုံးမှ ဖမ်းဆီးရမိတဲ့ အထွေထွေလူသုံးကုန် ပစ္စည်းတွေကို လားရှိုး မြို့နယ်အကောက်ခွန်ဦးစီးဌာနမှူးရုံးမှာ လေလံတင်ရောင်းချခဲ့ပါသေးတယ်။

အခုရက်ပိုင်းအတွင်း ကျင်စန်းကျော့ ဆဲဗင်းဟွာကျင့် ကားကွင်းထဲမှာတော့ ကုန်တင်ပြီးသား ကုန်စုံ မြန်မာကားတွေ အများကြီး ရှိပေမယ့် တချို့ကားတွေက ပစ္စည်းချပြီး ခါလီထွက်တာတွေ ရှိနေပြီး မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်မှာ ကား ပါးနေသလို လမ်း‌ကြောပေါ်မှာလည်း ကားသိပ်မရှိဘူးလို့ ကုန်တင်ယာဉ်မောင်းတွေက ပြောပါတယ်။ 

လတ်တလောမှာတော့ တရုတ်ဘက်ကနေ မြန်မာဘက်ကို အာလူး၊ ကြက်သွန် အပါဝင် ကုန်တွေ အထွက်နည်းပြီး မြန်မာဘက်ကနေ တရုတ်ဘက်ကို ပဲတီစိမ်း တမျိုးပဲ အဓိက တင်ပို့နေတာတွေ့ရပြီး ကြက်သွန်၊ ဖရဲ၊ ရေထွက်ကုန် တွေရှိပြီး ပြောင်းကတော့ ပြီးခဲ့တဲ့ သောကြာနေ့ကစ မျော အမှန်နဲ့ တင်လို့ ရပြီလို့ သိရပြီး ကျန်တဲ့ ဆန်၊ နှမ်း မရှိသေးကြောင်း နယ်စပ် ကုန်တင် ယာဉ်မောင်းတွေဆီက သိရပါတယ်။ 

ယခင်က မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်ဘက် ကုန်သွယ်ရာမှာ နယ်စပ်ကုန်သွယ်မှုတွေထဲက အများဆုံး ကုန်သွယ်ရေးစခန်း ဖြစ်ခဲ့ပေမယ့် လတ်တလောမှာတော့ ကုန်ကားတွေ ပါးနေတာဖြစ်ပါတယ်။ 

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013