DVB Logo
Home
မြန်မာသတင်း
စစ်တပ်နှင့်နီးစပ်သည့် ဥပဒေအကြံပေး ၁ ဦး ပစ်သတ်ခံရ
DVB
·
March 25, 2023
စစ်တပ်နှင့်နီးစပ်သည့် ဥပဒေအကြံပေး  ၁ ဦး  ပစ်သတ်ခံရ
Donate to DVB

ရန်ကုန်၊ သန်လျင်မြို့နယ်၊ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေးလမ်းဆုံအနီးမှာ မတ်လ ၂၄ ရက် နေ့လယ်က စစ်‌တပ်နဲ့နီးစပ်သူ ဥပဒေအကြံပေး ဦးမင်းတေဇညွန့်တင် ပစ်သတ်ခံခဲ့ရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။ 

မနေ့ နေ့လယ် ၁၂ နာရီ ၄၅ လောက်မှာ အမှုထမ်းရပ်ကွက်၊ ဖွံ့ဖြိုးရေး ၆ လမ်းရှိ နေအိမ်ကို ဦးမင်းတေဇညွန့်တင်ကားနဲ့ ပြန်လာချိန် လမ်းဆုံရောက်မှာ Urban Owls အဖွဲ့ဝင် သေနတ်သမား  ၂ ဦးက သေနတ်နဲ့ ၁၄ ချက်ပစ်ခတ်ခဲ့တာပါ။

ပစ်ခတ်ခံရတာကြောင့် ကျောကုန်းထိမှန် ၂ ချက်၊ ခါးထိမှန်  ၂ ချက်၊ လက်ဖျံနှစ်ဖက်ထိခိုက်မှု ၆ ချက်၊ ညာလက်ထိမှန်မှု ၂ ချက်နဲ့ ဘယ်ဘက် နံရိုးထိမှန်မှု ၁ ချက်တို့ ရရှိသေဆုံးခဲ့တာဖြစ်ပြီး  ကျည်အိမ် ၁ ခု၊ 9 mm ကျည်ခွံ ၁၄ ခု တွေ့ရတယ်လို့  မြို့ခံပရဟိတအသင်းကနေသိရပါတယ်။

သံလျင်ပရဟိတအသင်းဝင်တဦးက " စုစုပေါင်း ၁၄ ချက်၊ ဝဲဘက် နံရိုးဖောက်ဝင်ဒဏ်ရာနဲ့ DB (အလောင်း) ပါ၊ ဥပဒေအကြံပေးလို့ ပြောတယ်၊ သူစီးလာတဲ့ ဆူဇူကီးကား ဘေးမှန်ဖောက်ဝင်၊ ကျည်ဆန်အရာတွေများတယ်၊ ကားကွေ့ဖို့ လုပ်နေတုန်း အနီးကပ်ပစ်သွားတာလို့ ပြောတယ်" လို့ ဆိုပါတယ်။

အခုပစ်ခတ်မှုကို  Urban Owls မြို့ပြပြောက်ကျားအဖွဲ့က လုပ်ဆောင်ခဲ့တာလို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဦးမင်းတေဇညွန့်တင်ဟာ “Biz Law Consult Myanmar”  စီးပွားရေးနဲ့ ကုန်အမှတ်တံဆိပ်တွေနဲ့ ပတ်သက်တဲ့ ဥပဒေရေးရာအတိုင်ပင်ခံ အကျိုးဆောင်လုပ်ငန်းကို တည်ထောင်ပြီး စီအီးအိုအဖြစ် တာဝန်ယူလုပ်ကိုင်နေသူဖြစ်ပြီး ထိုင်း၊ စင်ကာပူ၊ ကမ္ဘောဒီးယားနဲ့ ဗီယက်နမ်နိုင်ငံတွေမှာလည်း ရုံးခွဲတွေ ဖွင့်လှစ် ထားသူဖြစ်ပါတယ်။

ပစ်ခတ်ခံရသူဟာ လေတပ်ဦးစီးချုပ်ဟောင်း ဗိုလ်ချုပ်ကြီး မြတ်ဟိန်းအပါအဝင် စစ်ဗိုလ်ချုပ်တွေနဲ့ ရင်းနှီးသူဖြစ်ပြီး ထားဝယ်အထူးစီးပွားရေးဇုန်ကဥပဒေရေးရာကော်မတီဝင်တစ်ဦးဖြစ်သလို စစ်ခေါင်းဆောင်နဲ့ နီးစပ်တဲ့ ခရိုနီလက်နက်ပွဲစား ဦးထွန်းမင်းလတ် ထိုင်းမှာ အဖမ်းခံနေရတဲ့ အမှုမှာ တရားခံဘက်ကနေ ဥပဒေပိုင်းဆိုင်ရာ အကြံပေးနေသူလို့လည်း သိရပါတယ်။

ဦးမင်းတေဇညွန့်တင်ဟာ သန်လျင်မြို့၊ အေးမြဂုဏ်ရည် ကျောင်းတိုက်မှာ   သားဖြစ်သူရဲ့ ရှင်ပြုအလှူပွဲကို  မတ်လ ၂၅ ရက် ဒီနေ့မနက် ကျင်းပဖို့ အစီအစဉ်ရှိနေတာလည်း ဖြစ်ပါတယ်။

မနေ့နေ့လယ် ၁ နာရီဝန်းကျင်မှာလည်း သန်လျင် ၁၈ ကုန်း စစ်‌ဆေးရေးဂိတ် ထပ်မံအပစ်ခံရလို့ စစ်ကောင်စီဘက်က သန်လျင်တံတား အမှတ် ၁ နဲ့ အမှတ် ၂ ကို ဖြတ်သန်းသွားလာခွင့်ကို ညနေ ၄ နာရီမှာ သန်လျင်မြို့အဝင်သာခွင့်ပြုထားပြီး အထွက်ပိတ်ထားထားတာကြောင့် ယာဉ်ကြောပိတ်ဆို့ ခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013