DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်ကို ရုရှားက ထောက်ပံ့ပေးနေမှု ဒေသတွင်းပဋိပက္ခကို မီးထိုးပေးနေဟု အမေရိကန်ပြော
DVB
·
March 24, 2023
မြန်မာစစ်တပ်ကို ရုရှားက ထောက်ပံ့ပေးနေမှု ဒေသတွင်းပဋိပက္ခကို မီးထိုးပေးနေဟု အမေရိကန်ပြော
Donate to DVB

ရုရှားနိုင်ငံအနေနဲ့ မြန်မာအကြမ်းဖက်စစ်အုပ်စုကို ကျောထောက်နောက်ခံအနေနဲ့ ရပ်တည်ပေးနေတာက လက်ခံနိုင်စရာ မရှိကြောင်းနဲ့ ဒီလိုအခြေအနေမှာ လက်နက်တွေ ထောက်ပံ့ပေးနေတာက တိုင်းပြည်အတွက် ကပ်ဆိုးဖြစ်လာနေတဲ့ ဒေသတွင်းပဋိပက္ခတွေကို မီးထိုးပေးရာ ရောက်နေတယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ပြောပါတယ်။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် စစ်အာဏာသိမ်းပြီးနောက်ပိုင်း ကြုံတွေ့နေရတဲ့ ပြင်းထန်တဲ့ အကျပ်အတည်းတွေနဲ့အတူ မြန်မာမှာ စစ်အခြေစိုက်စခန်း ထူထောင်ဖို့ ကြိုးစားနေတဲ့ ရုရှားနဲ့ မြန်မာစစ်အစိုးရ ဆက်ဆံရေး တိုးတက်လာမှုအပေါ် အမေရိကန်က စိုးရိမ်နေတယ်လို့လည်း အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်က ရိုက်တာသတင်းဌာနကို ပြောပါတယ်။

“ရုရှားနဲ့ ပြောဆိုဆက်ဆံနေတဲ့ ဘယ်သူမဆို သူတို့အနေနဲ့ စစ်အုပ်စုကို စစ်ရေးအရ ဆက်လက်ထောက်ပံ့နေမှုတွေဟာ လက်သင့်ခံနိုင်စရာ မရှိဘူးလို့ ပြောဖို့လိုအပ်တယ်။ ဒါက (ဒေသတွင်း) မတည်ငြိမ်မှုတွေ ဖြစ်နေတာ။ နောက်ပြီးတော့ ဒါက မြန်မာနိုင်ငံအတွက်သာမက ဒီဒေသတွင်း ပြဿနာတခု ဖြစ်တယ်။”

အာဏာသိမ်းစစ်အုပ်စုကတော့ သူတို့ အာဏာတည်မြဲရေးအတွက် ဆက်လက်ပြီးတော့ အကြမ်းဖက်မှုတွေ လုပ်ဆောင်နေပြီး ကုလသမဂ္ဂကထုတ်ပြန်တဲ့ ကိန်းဂဏန်းတွေအရ ပဋိပက္ခနဲ့ တိုက်ပွဲတွေကြောင့် နေရပ်စွန့်ခွာ ထွက်ပြေးရသူဦးရေဟာ ၁ ဒသမ ၇ သန်း ကျော်လာခဲ့ပြီလို့ ဆိုပါတယ်။

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေနဲ့ ကုလသမဂ္ဂ ကျွမ်းကျင်ပညာရှင်တွေက ရုရှားနဲ့ တရုတ်နိုင်ငံတွေကို အကြမ်းဖက်စစ်အုပ်စုကို လက်နက်ထောက်ပံ့မှုတွေ မလုပ်ဖို့ ရှုတ်ချ တောင်းဆိုနေကြပေမဲ့ စစ်အုပ်စုကတော့ ဒါဟာ အကြမ်းဖက်တွေကို တိုက်ခိုက်နေတာလို့ ပြောနေခဲ့တာပါ။

အမေရိကန် နိုင်ငံခြားရေးဌာန အတိုင်ပင်ခံပုဂ္ဂိုလ် ဒဲရက်ခ်ချောလက်ကတော့ “ပြီးခဲ့တဲ့ နှစ်ပေါင်းများစွာအတွင်း ကျနော်မြင်ခဲ့ရတာကတော့ (မြန်မာနဲ့ အဆိုပါနိုင်ငံတွေကြား) စစ်ဘက်ဆက်ဆံရေးဟာ တိုးမြင့်လာနေပါတယ်။ အဓိကကတော့ ရုရှားကနေ မြန်မာနိုင်ငံထဲကို လက်နက်တွေ ထောက်ပံ့ရေးနဲ့ ပတ်သက်ပြီး အခု ပိုပြီးတော့ စိုးရိမ်မိပါတယ်” လို့ ပြောပါတယ်။

အနောက်နိုင်ငံတွေက နှစ်နိုင်ငံစလုံးအပေါ် ပိတ်ဆို့အရေးယူမှုတွေ အရှိန်မြှင့်လာချိန်မှာပဲ ရုရှားဟာ စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာနိုင်ငံရဲ့ အရင်းနှီးဆုံး မဟာမိတ်ဖြစ်လာပြီး ရုရှားကာကွယ်ရေးဝန်ကြီးနဲ့ ထိပ်တန်းသံတမန်တွေဟာလည်း မြန်မာနိုင်ငံကို လာရောက်လည်ပတ်ခဲ့သလို စစ်အုပ်စုအကြီးအကဲ မင်းအောင်လှိုင်ဟာလည်း ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်ကတည်းက ရုရှားနိုင်ငံကို အကြိမ်ပေါင်းများစွာ သွားရောက်ခဲ့တာကို တွေ့ရပါတယ်။

လတ်တလောမှာတော့ ယူကရိန်းမှာ ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေအတွက် အပြည်ပြည်ဆိုင်ရာ ရာဇဝတ်တရားရုံး (အိုင်စီစီ) က ရုရှားသမ္မတ ဗလာဒီမာပူတင်ကို ဖမ်းဝရမ်းထုတ်ထားပြီးတော့ ပူတင်ဟာ ယူကရိန်းကို ကျူးကျော်တဲ့ စစ်ပွဲအတွင်း ကလေးငယ်တွေကို ယူကရိန်းသိမ်းပိုက်နယ်မြေကနေ ရုရှားကို တရားမဝင်ပြန်ပို့တာ အပါအဝင် ရုရှားတပ်တွေ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုတွေမှာ တာဝန်ရှိသူဖြစ်တယ်လို့ အိုင်စီစီတရားရုံး အကြီးအကဲ ပီအိုတာဟော့်မန်စကီးက မတ်လ ၁၇ ရက်မှာ ကြေညာထားပါတယ်။

ဒါ့အပြင် မြန်မာအကြမ်းဖက်စစ်တပ်ကိုလည်း  အိုင်စီစီနဲ့ တခြားဖြစ်နိုင်တဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများအားလုံးကတဆင့် အရေးယူဖို့ အချိန်ကျရောက်နေပြီလို့ တော်လှန်ရေးအဖွဲ့အစည်းတွေက ပြောထားသလို ကုလသမဂ္ဂ အရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ အကြံပေးကောင်စီ (SAC-M) ကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ  ရာဇဝတ်ခုံရုံး (အိုင်စီစီ) ကနေ အရေးယူပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေပြီး ၂ဝ၂၂ ခုနှစ် တလျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက်ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။ 

တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်နိုင်မှ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ဖို့ အိုင်စီစီတရားရုံးအနေနဲ့ အရေးယူနိုင်တဲ့ အခွင့်အလမ်းရှိသလို အရေးယူလည်း ယူရမယ်လို့ အကြံပေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီး ကျူးလွန်နေမှာ ဖြစ်ပြီး ဒါတွေ ရပ်တန့်အောင် မလုပ်နိုင်မချင်း ကျူးလွန်နေမှာဖြစ်လို့ နိုင်ငံတကာ အသိုက်အဝန်းကနေ ဒီစစ်ဗိုလ်ချုပ်တွေကို အိုင်စီစီတရားရုံးမှာ တရားစွဲနိုင်ရေး လုပ်နိုင်တာ အားလုံးလုပ်ဖို့လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ကိစ္စနဲ့ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်မှာ အိုင်စီစီတရားရုံးကနေ အချက်အလက်ရှာဖွေ စုံစမ်းစစ်ဆေးမှုတခု စတင်ခဲ့ပါတယ်။

မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှု အထောက်အထားတွေ အများအပြားရှိတယ်လို့ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာ လွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ကလည်း ပြောဆိုနေပေမဲ့ အခုအချိန်အထိ တမှုတလေတောင် တရားရုံးတင် လက်တွေ့အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။

Ref-Reuters/CNA

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013