မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းဟာ ဖျက်သင်္ဘောတစင်းရဲ့ တပ်တော်ဝင်အခမ်းအနားကို တက်ရောက်ခဲ့တဲ့ ဗီဒီယိုဖိုင်ကို ဇွန် ၂၄ ရက်က နိုင်ငံပိုင် KRT ရုပ်သံမှာ ထုတ်လွှင့်ပြသခဲ့ပါတယ်။
အဲဒီအခမ်းအနားမှာ ကင်မ်ဂျုံအန်းက လာမဲ့ ၅ နှစ်အတွင်း တန်ချိန် ၅,၀၀၀ ရှိတဲ့ 'ချွဲဟျွန်း' သင်္ဘောလောက် ကြီးတဲ့ စစ်သင်္ဘောမျိုးကို တနှစ်ကို ၂ စင်းနှုန်းနဲ့ မဖြစ်မနေ တည်ဆောက်ရမယ်လို့ ပြောကြားခဲ့ပါတယ်။
မြောက်ကိုရီးယားအစိုးရရဲ့ တရားဝင် သတင်းအေဂျင်စီဖြစ်တဲ့ KCNA ရဲ့ ထုတ်ပြန်ချက်အရ ကင်မ်ဂျုံအန်းဟာ ဇွန် ၂၃ ရက်က နမ်ဖိုဆိပ်ကမ်းမှာ ပြုလုပ်ခဲ့တဲ့ ဘက်စုံသုံး ဖျက်သင်္ဘောအသစ် 'ချွဲဟျွန်း' ရဲ့ တပ်တော်ဝင်အခမ်းအနားကို တက်ရောက်ခဲ့တာပါ။
ဒီဖျက်သင်္ဘောဟာ ပြီးခဲ့တဲ့ ၁၄ လလုံးလုံး စစ်ဆင်ရေးဆိုင်ရာ စမ်းသပ်မှုတွေကို အောင်အောင်မြင်မြင် လုပ်ဆောင်နိုင်ခဲ့တယ်လို့လည်း KCNA က ဆိုပါတယ်။
ဒါ့အပြင် တန်ချိန် ၅,၀၀၀ ရှိတဲ့ 'ဂန်းဂွန်း' အမည်ရှိ နောက်ထပ်ဖျက်သင်္ဘောတစင်းနဲ့ တန်ချိန် ၁၀,၀၀၀ ရှိတဲ့ မဟာဗျူဟာမြောက် စစ်သင်္ဘောတွေကိုပါ မကြာခင် ဖြန့်ကြက်ချထားဖို့ စီစဉ်နေတယ်လို့ ကင်မ်ဂျုံအန်းက ပြောကြားခဲ့ကြောင်းလည်း သတင်းမှာ ဖော်ပြထားပါတယ်။
'ဂန်းဂွန်း'သင်္ဘောဟာ ပြီးခဲ့တဲ့နှစ်က ရေချပွဲလုပ်တုန်းက တစိတ်တပိုင်း တိမ်းမှောက်ခဲ့လို့ ပြန်ပြင်ထားရတဲ့သင်္ဘော ဖြစ်ပါတယ်။
အရင်ကတော့ ရေတပ်ဟာ မြောက်ကိုရီးယားစစ်တပ်ထဲမှာ အားအနည်းဆုံး အစိတ်အပိုင်း ဖြစ်ခဲ့ပေမဲ့ အခုခါမှာတော့ ရေတပ်ရဲ့စွမ်းဆောင်ရည်ဟာ "စိတ်ကူးလို့တောင် မရနိုင်လောက်အောင် အံ့ဩစရာ ကောင်းလာလိမ့်မယ်” လို့ ကင်မ်ဂျုံအန်းက ဖြည့်စွက် ပြောကြားခဲ့ပါတယ်။
Source: Reuters










