
ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊ ဆားပြင်နဲ့ ကင်းတောင်ကျေးရွာအနီးရှိ တောင်တန်းတွေကို စစ်အာဏာရှင်တပ်က ဇွန် ၁ ရက် ဒီမနက်ပိုင်းက လေယာဉ် ၆ စင်းနဲ့ အပြင်းအထန် ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ တောင်ကုတ်ဒေသခံတွေက ပြောပါတယ်။
ဆားပြင်နဲ့ ကင်းတောင်ကျေးရွာ အရှေ့ဘက်ရှိ တောင်တန်းတွေကို စစ်အာဏာရှင်တပ်က ဇွန် ၁ ရက် မနက် ၉ နာရီကနေ ၁၁ နာရီကျော်အထိ ဂျက်တိုက်လေယာဉ် ၄ စင်း၊ Y-12 ၂ စင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာ ဖြစ်ပြီး အရပ်သား ထိခိုက်မှု ရှိ၊ မရှိ မသိရသေးဘူးလို့ တောင်ကုတ်ဒေသခံ အမျိုးသားတယောက်က ပြောပါတယ်။
“မနက်က ဗုံးကြဲသွားတာ အတော်လေးကို ကြောက်ဖို့ကောင်းတယ်။ ဒီဘက်မှာ အရင်က ဗုံးကြဲရင်လည်း တခါကြဲပြီးသွားရင် ပြီးပြီ။ အခုက တခါကြဲပြီးရင် နောက်ထပ် လာကြဲတယ်။ ဂျက်နဲ့ ဗုံးကြဲပြီး ပြီးရင် Y-12 နဲ့ ပတ်ပြီးတော့ နာရီနဲ့ချီ ဗုံးထပ်ကြဲချသေးတယ်။ ဆားပြင်နဲ့ ရွာမကျေးရွာအနီးက တောင်တန်းတွေကို ကြဲချသွားတာ။ အရပ်သား ထိခိုက်မှု ရှိ၊ မရှိတော့ မသိရသေးဘူး။”
အခုဗုံးကြဲခံရတဲ့ ကျေးရွာတွေဟာ တောင်ကုတ်-မအီ လမ်းပိုင်းမှာ တည်ရှိနေကြတာဖြစ်ပြီး တောင်ကုတ် မြို့သိမ်းတိုက်ပွဲတွေတုန်းကလည်း လေကြောင်းတိုက်ခိုက်မှုတွေကို ခံခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
စစ်အာဏာရှင်တပ်ဟာ ရခိုင်ပြည်နယ်က အာရက္ခတပ်တော် ထိန်းချုပ်ထားတဲ့ တောင်ကုတ်၊ ပလက်ဝ၊ ရမ်းဗြဲ၊ ပေါက်တော စတဲ့မြို့နယ်တွေကို အခုရက်ပိုင်းအတွင်းမှာ ဆက်တိုက် ဗုံးကြဲတိုက်ခိုက်မှုတွေ ပြုလုပ်နေတာလည်း ဖြစ်ပါတယ်။
မေ ၂၉ ရက်ကလည်း ပလက်ဝနဲ့ ရမ်းဗြဲမြို့နယ်တို့ကို စစ်အာဏာရှင်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သား ၄ ယောက် သေဆုံးခဲ့ပြီး ၉ ယောက် ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။
စစ်အာဏာရှင်တပ်က ရခိုင်ပြည်က မြို့၊ ရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်လာနေတာကြောင့် အရပ်သား ထိခိုက်သေဆုံးမှု ဆက်တိုက်မြင့်တက်လာနေသလို အာရက္ခတပ်တော်ကလည်း လေကြောင်းအန္တရာယ် အထူးသတိထားကြဖို့ကို ပြည်သူတွေကို တိုက်တွန်းထားပါတယ်။
အာရက္ခတပ်တော်ဟာ ရခိုင်ပြည်နယ်နဲ့ ချင်းပြည်နယ်က မြို့နယ် ၁၅ ခုကို သိမ်းပိုက် ထိန်းချုပ်ထားပြီး လက်ရှိမှာ စစ်တွေနဲ့ ကျောက်ဖြူမြို့နယ်တို့မှာလည်း စစ်အာဏာရှင် တပ်စခန်းတွေကို ထိုးစစ်ဆင် တိုက်ခိုက်နေပါတယ်။










