DVB Logo
Home
မြန်မာသတင်း
သန္တိသုခ ချိပ်ပိတ်မှု လိမ်ညာခံခဲ့ရဟု စည်းကမ်းထိန်းသိမ်းရေး သံဃာအချို့ပြော
DVB
·
June 12, 2014
သန္တိသုခ ချိပ်ပိတ်မှု လိမ်ညာခံခဲ့ရဟု စည်းကမ်းထိန်းသိမ်းရေး သံဃာအချို့ပြော
Donate to DVB

ဇွန်လ ၁၁ ရက်နေ့ညက သံဃာ့မဟာနာယကအဖွဲ့က တာမွေမြို့နယ်က မဟာသန္တိသုခ ကျောင်းတော်ကြီးကို ၀င်ရောက်ချိပ်ပိတ်မှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်အချို့ဟာ သူတို့ကို တိုင်းသံဃမဟာနာယကအဖွဲ့က သတင်းအမှားပေးပြီး လိမ်လည်ခေါ်ယူခဲ့တယ်ဆိုပြီး မကျေနပ်ဖြစ်နေကြပါတယ်။

Thanithuka10062014(3တာမွေမြို့နယ်က မဟာသန္တိသုခကျောင်းတော်ကြီးကို နိုင်ငံတော်သံဃာ့ မဟာနာယက အဖွဲ့က ညအချိန်မတော် ၀င်ရောက်ချိပ်ပိတ်ဖို့ ကြိုးပမ်းမှုမှာ ရန်ကုန်တိုင်းအတွင်း ရှိတဲ့ စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေကို ခေါ်ယူခဲ့ပါတယ်။

ဒါပေမယ့် အဲဒီသံဃာတော်တွေကို သန္တိသုခကျောင်းမှာ နယ်စပ်က၀င်လာသူတွေ ဒုလ္လဘ၀တ်နေတယ်၊ သူတို့ဆီမှာ လက်နက်တွေဘာတွေ ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း သံဃာ့နာယက ဥက္ကဋ္ဌက ပြောဆိုပြီး ခေါ်ယူခဲ့တာလို့ အဲဒီညက ပါဝင်ခဲ့တဲ့ စည်းကမ်းထိန်းသံဃာတော်တပါးက မိန့်ပါတယ်။

“ငါတို့ကို အဲဒီနေ့ည ၈ နာရီခွဲကို တိုင်ရုံးအရောက်လာခဲ့ပါတဲ့။ မြို့နယ် ၁၂ မြို့နယ်က တချို့နယ်ကို အပါး ၂၀ ခေါ်တယ်။ အားလုံး သူတို့ရံထားတဲ့ သံဃာနဲ့ဆိုရင် သံဃာ ၃၀၀ ရှိတယ်။ Express ကားကြီး ၆ စီးနဲ့။ သူတို့ ကြိုတင်လွှတ်ထားတာ ရှိတယ်။ ကြိုတင် အစောင့်တွေ ချထားတာ ရှိတယ်။ တို့ကို ၈ နာရီခွဲ အရောက်ခေါ်တယ်။ ၁၀ နာရီထိုးလောက်မှ နိုင်ငံတော် သံဃနာယက ပေးတဲ့ အိတ်ကို ချိပ်ဖောက်တယ်လို့ ပြောတယ်။ စာရွက်ကြီးနဲ့ အများကြီး ပြောတယ်။ ငါတို့ကို ဆရာတော်ကြီး ရှိတဲ့ပုံစံမျိုး လုပ်နေတာ။”
သန္တိသုခ ကျောင်းတော်ကြီးကို အခုလိုဝင်ရောက်ခဲ့ရတာဟာ ခိုင်းတဲ့အလုပ်ကို လုပ်ခဲ့ရတာသာဖြစ်ပြီး သူ့အနေနဲ့ ရှက်မိပါတယ်လို့ ဆရာတော်က ဆက်လက်မိန့်ကြားပါတယ်။
“ငါတို့က ဘာမှ မသိဘူး။ ငါတို့ကို အဲဒီလို ခေါ်သွားလို့ ပါသွားတာ။ ဟိုရောက်မှ ၀င်စီးရမယ်ဆိုတာသိတာ။ ကားတွေမြင်တော့မှ အဝေးကို သွားရမယ်ဆိုတာ သိတာ။ ခုခံလို့ ရှိရင် သွေးတစက်ကျရင် သူမခံဘူးလို့ ပြောတယ်။ လူမိုက်စကားတွေ ပြောတယ်။ နယ်စပ်က ရောက်တဲ့ သံဃာတွေ ဒုလ္လဘ ၀တ်တွေနဲ့ အဲဒီကောင်တွေစီမှာ ဓားလက်နက်ဘာညာ ရှိနိုင်တယ်ပေါ့။ ဟိုရောက်တော့ ဘုန်းကြီးတွေက အေးဆေးပါ။ တို့လည်း အေးဆေးပြောတယ်။”

သန္တိသုခကျောင်းက သံဃာတော်တွေကို ကမ္ဘာအေးရှိ သံဃမဟာနာယကရုံးကို ခေါ်ဆောင်သွားပြီးနောက် သံဃာတော်တွေကို လူဝတ်လဲခိုင်းတဲ့အခါ ဗဟန်းမြို့နယ် သံဃာ့နာယကအဖွဲ့ အတွင်းရေးမှူးဆရာတော်က လူဝတ်လဲခိုင်းခြင်းမပြုဖို့နဲ့ လျော့ပေါ့စဉ်းစားပေးဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့တယ်လို့ သိရပါတယ်။

“သာသနာအတွက်၊ ဘာသာအတွက် နိုင်ငံတော်အတွက် မဖြစ်စေချင်ဘူး။ တကယ်တမ်း ကိုယ့်အချင်းချင်း ရန်ဖြစ်ရမယ့်သူတွေမဟုတ်ဘူး။ ကိုယ့်အချင်းချင်း ဒီလိုလုပ်ရမယ့်သူတွေ မဟုတ်ဘူး။ အမြင်ကျဉ်းတဲ့ ဆရာတော်လည်း မဟုတ်ဘူး။ အမြင်ကျယ်တဲ့ ဆရာတော်ကို သံဃာနာယက က ခိုင်းလို့ လုပ်ရတယ်ဆိုတာ သိပ်မဟုတ်ဘူးပေါ့ကွာ။ ကိုယ့်ကိုယ်ကိုယ်လည်း ရှက်တာပေါ့။ ခိုင်းတဲ့ အလုပ်ကို လုပ်ရတယ်ဆိုတော့။ ကိုယ့်လူတွေ မထိရအောင် ကိုယ်က လုပ်ရတာပေါ့။ ကမ္ဘာအေးမှာ ကား ၂ စီးနဲ့ ဗဟန်းရယ် စမ်းကျောင်းရယ် ဒီပြင်မြို့နယ်က သံဃာ အားလုံး ၆၀ လောက်ပါသွားတယ်။”

ဒါ့အပြင် သန္တိသုခကျောင်းတော်ကြီးကို ပီနန်ဆရာတော်ကြီး ပြည်ပသာသနာပြုခရီးကြွချီစဉ် ခေတ္တအပ်နှံထားခဲ့တဲ့ သုံးထပ်ကျောင်းဆရာတော်ကလည်း သံဃာတော်တွေကို လူဝတ်မလဲခိုင်းဖို့ ၀င်ရောက်မေတ္တာရပ်ခံခဲ့ပေမယ့် ခွင့်မပြုတာကြောင့် စည်းကမ်းထိန်းသိမ်းရေး သံဃာတော်တွေက နောက်နောင်သံဃမဟာနာယကအဖွဲ့က ခေါ်ယူရင် လိုက်ပါဆောင်ရွက်ပေးမှာ မဟုတ်ကြောင်း ပြန်လည် မိန့်ကြားခဲ့တယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013