DVB Logo
Home
မြန်မာသတင်း
အိုင်စီစီတရားရုံးအနေဖြင့် မြန်မာစစ်တပ်ကို အရေးယူရန် အချိန်ကျပြီဟု အေအေပီပီပြော
DVB
·
March 23, 2023
အိုင်စီစီတရားရုံးအနေဖြင့် မြန်မာစစ်တပ်ကို အရေးယူရန် အချိန်ကျပြီဟု အေအေပီပီပြော
Donate to DVB

အခုအချိန်ဟာ အပြည်ပြည်ရာဇဝတ်ခုံရုံး(အိုင်စီစီ)နဲ့ တခြားဖြစ်နိုင်တဲ့ နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများအားလုံးကတဆင့် မြန်မာအကြမ်းဖက်စစ်တပ်ကို အရေးယူဖို့ အချိန်ကျရောက်နေပြီလို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (အေအေပီပီ) က ပြောလိုက်ပါတယ်။

မတ် ၂၃ ရက် ဒီကနေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ “တရားမျှတမှုအတွက် တာဝန်ခံမှု- မြန်မာနိုင်ငံတွင် စစ်တပ်၏ လူသားမျိုးနွယ်အပေါ် ကျူးလွန်သည့် ရာဇ၀တ်မှုများကို နိုင်ငံတကာ၏ ပြန်လည်အာရုံစိုက်မှု အရေးတကြီးလိုအပ်ချက် အစီရင်ခံစာ” မှာအခုလိုပြောထားတာပါ။

အေအေပီပီ တွဲဖက်အတွင်းရေးမှူး ဦးဘိုကြည်က “လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အေအေပီပီဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေကို စောင့်ကြည့်လေ့လာ နေပြီး၊ လူ့အခွင့်အရေး ချိုးဖောက်မှုများစွာကို မှတ်တမ်းပြုစုနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အဲ့ဒီလို ချိုးဖောက်မှုတွေကို လူ့အခွင့်အရေး ချိုးဖောက်မှုတွေဆိုပြီး ခေါ်နေရုံနဲ့ မလုံလောက်တော့ပါဘူး။ စစ်တပ်ဟာ အဆိုးရွားဆုံး နိုင်ငံတကာရာဇဝတ်မှုတွေဖြစ်တဲ့ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့၊ ကျူးလွန်နေဆဲပါ။ အခုအချိန်ဟာ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) နဲ့ တခြားဖြစ်နိုင်တဲ့ ယန္တရားတွေအားလုံးမှတဆင့် စစ်တပ်ကို အရေးယူဖို့ အချိန်ကျရောက်နေပြီ”လို့ ပြောပါတယ်။

အေအေပီပီအစီရင်ခံစာထဲမှာတော့ မအောင်မြင်တဲ့ စစ်အာဏာသိမ်းမှုဖြစ်ပွားချိန်က စတင်ပြီးတော့ မြန်မာနိုင်ငံမှာ စစ်တပ်ရဲ့ လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇ၀တ်မှုများဆိုင်ရာ အထောက်အထားတွေကို ၂၀၂၂ ခုနှစ်အတွင်း ဖြစ်ရပ်တွေကို အဓိကထား အသေးစိတ်ဖော်ပြထားတာ ဖြစ်ပါတယ်။ 

အေအေပီပီရဲ့ အတွင်းရေးမှူး ဦးတိတ်နိုင်ကတော့ “အဖွဲ့အစည်း ထူထောင်ခဲ့တဲ့ ၂၃ နှစ်တာ ကာလအတွင်း အေအေပီပီဟာ လူ့အခွင့်အရေး ကျူးလွန်မှု အမှုပေါင်းများစွာကို သက်သေ အထောက်အထားခိုင်လုံစွာနဲ့ ကောက်ယူမှတ်တမ်းတင်ခဲ့ပါတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ် အာဏာသိမ်းမှုဖြစ်ပြီးနောက်ပိုင်း မြန်မာစစ်တပ်က လူသားမျိုးနွယ်အပေါ် ကျူးလွန်ခဲ့တဲ့ ရာဇဝတ်မှုများဟာ အကြမ်းတမ်းဆုံးနဲ့ အရက်စက်ဆုံး စံချိန်တင်ကျူးလွန်ခဲ့ကြောင်း ဒီအစီရင်ခံစာက သက်သေပြုနေတာကို တွေ့ရမှာဖြစ်ပါတယ်။  နိုင်ငံတကာ တရားစီရင်ရေး ယန္တရားများက မြန်မာစစ်တပ်ရဲ့ ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုများအတွက် ထိရောက်တဲ့ အရေးယူမှုတွေကို ချက်ချင်းမဆောင်ရွက်နိုင်ရင် အခုထက်ဆိုးတဲ့ ရာဇဝတ်မှုပြစ်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်လာမှာ အသေအချာပါ။ ဒါကြောင့် အပြစ်မဲ့ လူသားတွေရဲ့ အကျိုးကို ရှေးရှုပြီး လက်တွေ့ကျတဲ့ ပြစ်ဒဏ်စီရင်ခြင်းကို နိုင်ငံတကာ အသိုင်းအဝိုင်းက အမြန်ဆုံးပြုလုပ်ဖို့ လိုအပ်နေတာဖြစ်ပါတယ်။” လို့ ပြောပါတယ်။

ကုလသမဂ္ဂအရာရှိဟောင်းတွေနဲ့ ဖွဲ့စည်းထားတဲ့ မြန်မာနိုင်ငံဆိုင်ရာအကြံပေးကောင်စီ (SAC-M)ကလည်း ပြစ်ဒဏ်ကင်းလွတ်ခွင့်ရနေတဲ့ မြန်မာစစ်တပ်ကို အပြည်ပြည်ဆိုင်ရာ  ရာဇဝတ်ခုံရုံး(အိုင်စီစီ) ကနေ အရေးယူပေးဖို့ ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာလတုန်းက ကြေညာချက်ထုတ်ပြန် တောင်းဆိုထားပါတယ်။

မြန်မာစစ်တပ်ဟာ ၂ဝ၂၁ ခုနှစ် အာဏာသိမ်းပြီးချိန်ကစလို့ လူ့အခွင့်အရေး ချိုးဖောက်မှုတွေကို ရက်ရက်စက်စက် ကျူးလွန်နေပြီး ၂ဝ၂၂ ခုနှစ် တလျှောက်လုံးမှာလည်း ရပ်သွားတာမရှိဘဲ ဆက်လက်ကျူးလွန်နေတယ်လို့ ကုလအရာရှိဟောင်းတွေက ထောက်ပြပါတယ်။

တာဝန်ရှိတဲ့ မြန်မာစစ်ခေါင်းဆောင်တွေကို တာဝန်ယူမှု၊ တာဝန်ခံမှုရှိအောင် လုပ်နိုင်မှ အကြမ်းဖက်လုပ်ရပ်တွေ ရပ်တန့်သွားမှာဖြစ်ကြောင်း၊ ဒီလိုလုပ်ဖို့  အိုင်စီစီတရားရုံးအနေနဲ့ အရေးယူနိုင်တဲ့ အခွင့်အလမ်းရှိသလို အရေးယူလည်း ယူရမယ်လို့ အကြံပေးကောင်စီ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

စစ်တပ်ဟာ မြန်မာပြည်သူတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်ပြီး ကျူးလွန်နေမှာဖြစ်ပြီး ဒါတွေ ရပ်တန့်အောင် မလုပ်နိုင်မချင်း ကျူးလွန်နေမှာဖြစ်လို့ နိုင်ငံတကာ အသိုက်အဝန်းကနေ ဒီစစ်ဗိုလ်ချုပ်တွေကို အိုင်စီစီတရားရုံးမှာ တရားစွဲနိုင်ရေး လုပ်နိုင်တာအားလုံး လုပ်ဖို့လိုကြောင်း မြန်မာနိုင်ငံဆိုင်ရာ ကုလလူ့အခွင့်အရေးကိုယ်စားလှယ်ဟောင်း မစ္စယန်ဟီးလီက ပြောပါတယ်။

မြန်မာစစ်တပ်ရဲ့ လူမျိုးတုံးသတ်ဖြတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ရိုဟင်ဂျာတွေ ထွက်ပြေးရတဲ့ကိစ္စနဲ ပတ်သက်လို့ ပြီးခဲ့တဲ့ ၂ဝ၁၉ ခုနှစ်မှာ အိုင်စီစီ တရားရုံးကနေ အချက်အလက်ရှာဖွေ စုံစမ်းစစ်ဆေးမှုတစ်ခု စတင်ခဲ့ပါတယ်။ မြန်မာစစ်တပ် ကျူးလွန်ခဲ့တဲ့ စစ်ရာဇဝတ်မှုအထောက်အထားတွေ အများအပြားရှိတယ်လို့ ကုလသမဂ္ဂက ဖွဲ့စည်းပေးထားတဲ့ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှုယန္တရားအဖွဲ့ကလည်း ပြောဆိုနေပေမယ့် အခုအချိန်အထိ တမှုတလေတောင် တရားရုံးတင် လက်တွေ့အရေးယူ ဆောင်ရွက်တာ မရှိသေးပါဘူး။

လတ်တလောမှာတော့ အာဏာသိမ်းစစ်အုပ်စုရဲ့ ပြည်သူလူထုအပေါ် အကြမ်းဖက် ဖိနှိပ်ဖမ်းဆီး တိုက်ခိုက်သတ်ဖြတ်နေမှုတွေကို ပြည်သူတရပ်လုံးက အသက်ရှင်သန်ရေးအတွက် ခုခံကာကွယ်ပိုင်ခွင့်အရ ပြည်သူ့ခုခံစစ်ကို ဆင်နွှဲနေကြပါတယ်။

အေအေပီပီရဲ့ နောက်ဆုံးထုတ်ပြန်ချက်မှာတော့ မြန်မာနိုင်ငံမှာ အာဏာသိမ်း ၂ နှစ်ကျော်အကြာ စစ်ကောင်စီတပ်တွေ အကြမ်းဖက် ပစ်ခတ်သတ်ဖြတ်မှုတွေကြောင့် နိုင်ငံတဝန်း အပြစ်မဲ့ကျဆုံးပြည်သူ ၃,၁၅၄ ယောက်နဲ့ ဖမ်းဆီးထိန်းသိမ်းခံရသူပေါင်း ၂၀,၇၉၃ ယောက်ထိ ရှိလာခဲ့ပြီဖြစ်တယ်လို့ ဆိုပါတယ်။

ဒီစာရင်းဟာ ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက်မှ ၂၀၂၃ ခုနှစ်၊ မတ် ၂၂ ရက်အထိ အေအေပီပီက ကောက်ယူမှတ်တမ်းပြုစုထားတာဖြစ်ပြီး အမှန်တကယ် ကျဆုံးသူတွေဟာ ဒီထက်ပိုနိုင်တယ်လို့ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013