DVB Logo
Home
မြန်မာသတင်း
ထိုင်း စစ်အစိုးရက တရားမ၀င်အလုပ်သမားများကို ဆက်တိုက်ဖမ်းဆီးနေ
DVB
·
June 12, 2014
ထိုင်း စစ်အစိုးရက တရားမ၀င်အလုပ်သမားများကို ဆက်တိုက်ဖမ်းဆီးနေ
Donate to DVB

ထိုင်းနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးတဲ့နောက် ပြုပြင်ပြောင်းလဲရေးစီမံချက်တွေ ချမှတ် ဆောင်ရွက်နေတာမှာ အဲဒီထဲက တရားမ၀င် အလုပ်သမားပြဿ နာ၊ ဖြေရှင်းရေး စီမံချက်ကြောင့် ထိုင်းနိုင်ငံတွင်းက မြန်မာအပါအ၀င် ရွှေ့ပြောင်း အလုပ်သမားတွေကို နေ့စဉ်လိုလို ဆက်တိုက် ဖမ်းဆီးမှုတွေ ရှိနေပါတယ်။

[caption id="attachment_58464" align="alignright" width="300"]ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမားများကို ဖမ်းဆီးစဉ် ထိုင်း-မြန်မာ နယ်စပ် မဲဆောက်မြို့တွင် ဇွန်လ ၁၂ ရက်နေ့က တရားမ၀င် မြန်မာအလုပ်သမားများကို ဖမ်းဆီးစဉ်[/caption]အမျိုးသား ငြိမ်းချမ်းရေးနဲ့ တရားဥပဒေစိုးမိုးရေးကောင်စီလို့ခေါ်တဲ့ ထိုင်းအာဏာသိမ်း စစ်အစိုးရအဖွဲ့က ဇွန် ၁၀ ရက်နေ့မှာ တရားမ၀င် အလုပ်သမားပြဿနာ၊ ဖြေရှင်းရေးနဲ့ စနစ်တကျ စီမံခန့်ခွဲရေးဆိုင်ရာ ကြေညာချက် အမှတ် ၅၉ ကို ထုတ်ပြန်လိုက်တဲ့နောက်ပိုင်း တရားမ၀င် အလုပ်သမားတွေကို စစ်ဆေးဖမ်းဆီးမှုတွေ ဆက်တိုက်ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

မြန်မာအလုပ်သမားအများစု နေထိုင်ရာ မဲဆောက်မြို့မှာဆိုရင် ဇွန် ၁၂ ရက် ဒီနေ့ မနက်စောစောမှာ ထိုင်းစစ်တပ်၊ ရဲနဲ့ မြို့နယ်အုပ်ချုပ်ရေးရုံး တာဝန်ရှိသူတွေ ပါဝင်တဲ့ အင်အား ၁၀၀ ကျော်ဟာ မဲဆောက်မြို့လယ်ခေါင် ဒေါက်ဘိုရပ်ကွက်ထဲကို ၀င်ရောက် စစ်ဆေးပြီး တရားမ၀င် မြန်မာအလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးခဲ့တယ်လို့ မန်နေဂျာအွန်လိုင်း ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

သူတို့တတွေဟာ နေထိုင်ခွင့် အထောက်အထားတွေ မရှိတဲ့အတွက် မြန်မာဘက်ခြမ်းကို ပြန်ပို့ဖို့ လ၀ကရုံးမှာ အမည်စာရင်း သွင်းနေပြီး နောက်ကိုလည်း ဆက်တိုက် ရှာဖွေ ဖမ်းဆီးဖို့ ရှိကြောင်း၊ သက်ဆိုင်ရာ အိမ်ရှင်တွေအနေနဲ့လည်း တရားမ၀င်အလုပ်သမားတွေကို လက်မခံဖို့ သတိပေးထားတဲ့အကြောင်း တာ့ခ်ခရိုင် လ၀ကရဲမှူးကြီး ဖုန်းနခွန်း နခွန်းဆန်တိဖပ်က သတင်းမှာ ပြောပါတယ်။

ဖမ်းဆီးမှုတွေကြောင့် မဲဆောက်က အိမ်ပိုင်ရှင်တွေဟာ လက်မှတ်မပြည့်စုံတဲ့သူတွေကို မငှားရဲတော့ဘဲ မနေ့ကဆိုရင် တရုတ်စာသင်ကျောင်းနောက်က မြန်မာအလုပ်သမားတို့ ဆောက်လုပ်နေထိုင်ရာ တဲအိမ်အလုံး ၄၀ ကျော် ပြန်ဖျက်ပေးခဲ့ရပြီး လူပေါင်း ၂၀၀ နီးပါး အိမ်မဲ့ယာမဲ့ ဘ၀ ရောက်နေရတယ်လို့ အလုပ်သမားတဦးက ဒီဗွီဘီကို ပြောပါတယ်။

ထိုင်းနိုင်ငံမြောက်ပိုင်း ချင်းမိုင်မြို့မှာလည်း ဇွန် ၁၁ ရက်နေ့ ညပိုင်းက မြန်မာအလုပ်သမားတွေ အများအပြား အလုပ်လုပ်ကိုင်နေတဲ့ ချင်းမိုင်ညဈေးတန်းကို အရပ်ဝတ်ရဲတွေ ၀င်ရောက် စစ်ဆေးပြီး အနှိပ်ဆိုင်ခန်းတခုက အလုပ်သမား ၂၀ ဦးကို ဖမ်းခေါ်သွားကြောင်း၊ ခုရက်ပိုင်းအတွင်း စစ်ဆေးမှုတွေ မကြာခဏရှိတဲ့အတွက် ကျီးလန့်စာစား အလုပ်လုပ်နေရတယ်လို့ ဈေးရောင်းအကူ နန်းချိုက ဒီဗွီဘီကို ပြောပါတယ်။

“အရပ်ဝတ်နဲ့ပဲ ဖမ်းတာ ရဲဝတ်မလာဘူး။ ကြောက်နေရတယ်။ ကြောက်ကြောက်နဲ့ပဲ လုပ်စားနေရတာပေါ့။ ရွေးချယ်စရာ လမ်းမှ မရှိတာ။”

အလားတူ ရှမ်းအလုပ်သမားအများစု နေထိုင်ရာ ချင်းမိုင် ၀ပ်ပါပေါဝ့် ရှမ်းဘုန်းကြီးကျောင်း အနောက်က ရပ်ကွက်ထဲလည်း အင်အားရာနဲ့ ချီရှိတဲ့ စစ်တပ်နဲ့ ရဲတွေ ၀င်ရောက်ဖမ်းဆီးရာမှာ အလုပ်သမား ၃၀ ကျော် ပါသွားပြီး ၁ ဦးကို ဒဏ်ငွေ ဘတ် ၅၀၀ စီနဲ့ မနေ့ည မိုးချုပ်မှ ပြန်လွတ်လာခဲ့ပါတယ်။

တချိန်တည်းမှာ ဘန်ကောက်မြို့က အနည်းဆုံးနေရာ ၂ ခုလောက်မှာ တရားမ၀င်အလုပ်သမား ၀င်ရောက် စစ်ဆေးမှုတွေ ရှိပြီး ကမ္ဘောဒီးယားနိုင်ငံက တရားမ၀င်အလုပ်သမား ၁၀၀ ကျော်ကို ဖမ်းဆီးရမိတယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။

ခုလို ထိုင်းအစိုးရက တရားမ၀င်အလုပ်သမား နှိမ်နင်းရေးတွေ ဆောင်ရွက်နေတဲ့အပေါ်မှာ မြန်မာအလုပ်သမားတွေလည်း အဖမ်းအဆီး မခံရဖို့ မိမိအထောက်အထားတွေ ပြည့်စုံအောင် သွားရောက် ဆောင်ရွက်ထားဖို့ ထိုင်းနိုင်ငံဆိုင်ရာ မြန်မာသံရုံး အလုပ်သမားသံမှူး ဦးသိန်းနိုင်က ပြောပါတယ်။

“မိမိတို့ ထိုင်းနိုင်ငံမှာ ရောက်နေတဲ့အချိန်မှာ ဖွင့်ထားတဲ့ စခန်းတွေမှာ မိမိတို့ရဲ့ အခက်အခဲတွေကို လာရောက်အချိန်မရွေး ဆက်သွယ်ပါ။ နောက်တခါ တရားဝင်ဖြစ်အောင် အမြန်ဆုံး ဆောင်ရွက်ပါ။ ဆောင်ရွက်ဖို့အတွက်လည်း အကူအညီ ပေးပါ့မယ်။”

တရားမ၀င် အလုပ်သမားပြဿနာ၊ ဖြေရှင်းရာမှာ ထိုင်း၊ မြန်မာနဲ့ လာအို ၃ နိုင်ငံ နယ်စပ် ခရိုင်ပေါင်း ၃၁ ခုမှာ ရှိတဲ့ ဒေသ ၈၉ ခုမှာ ဆောင်ရွက်ဖို့ ရှိပြီး နယ်စပ် နေ့ချင်းပြန်အလုပ်သမား၊ ရာသီလိုက် ငှားရမ်းတဲ့အလုပ်သမား၊ တရားမ၀င်အလုပ်သမားနဲ့ ထိုင်းနိုင်ငံထဲ နေထိုင်ခွင့် လက်မှတ်ရှိ အလုပ်သမားတွေကို စနစ်ကျဖို့ စိစစ်ဆောင်ရွက်သွားမယ်လို့ ထိုင်းအမျိုးသား တည်ငြိမ်မှု ထိန်းသိမ်းရေးကောင်စီရဲ့ ဇွန် ၁၀ ရက်နေ့ထုတ် ကြေညာချက် အမှတ် ၅၉ မှာ ဖော်ပြထားပါတယ်။

ထိုင်းနိုင်ငံထဲမှာ မြန်မာနိုင်ငံက အလုပ်သမားတွေ၊ တရားဝင်အနေနဲ့ရော တရားမ၀င်တွေပါ စုစုပေါင်း ၃ သန်းကျော် ၀င်ရောက်လုပ်ကိုင်နေတယ်လို့ မြန်မာအလုပ်သမားဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013