DVB Logo
Home
မြန်မာသတင်း
မုံရွာမြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရ
DVB
·
March 22, 2023
မုံရွာမြို့တွင် ရွှေဆိုင်ဓားပြတိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ မုံရွာမြို့၊ အောင်မင်္ဂလာရပ်ကွက်၊ ဗိုလ်ချုပ်လမ်းမပေါ်မှာရှိတဲ့ ပေါ်ဦးရွှေဆိုင်ကို မတ် ၂၁ ရက် နေ့လယ် ၁၂ နာရီကျော်ခန့်က ဓားပြတိုက်ခံရတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

မျက်နှာဖုံးစွပ်နဲ့ လူ ၅ ယောက်က  ပေါ်ဦးရွှေဆိုင်ကို ဝင်ရောက်ဓားပြတိုက်ခဲ့တာဖြစ်ပြီး  ရွှေထည်ပစ္စည်းနဲ့ ငွေကြေးတွေ ဘယ်လောက်ပါသွားတယ်ဆိုတာကိုတော့ မသိရသေးပါဘူး။

မျက်မြင်တွေ့သူတဦးက “သူတို့လာတာက အိမ်စီးကားလေးနဲ့ ရောက်လာတယ်။ ကိုယ်လည်း ခါတိုင်းလို ရွှေဝယ်သူတွေလို့ပဲ ထင်နေတာပေါ့။ နောက်တော့ ကားပေါ်ကနေ မျက်နှာဖုံးစွပ်တွေနဲ့ ၅ ယောက်လောက် ဆင်းလာတာ မြင်လိုက်တော့ ဓားပြတိုက်ပြီဆိုတာ သိလိုက်တယ်။ သူတို့ ဓားပြတိုက်လို့သာ တိုက်တာ၊ ရွှေဆိုင်နဲ့ အနီးအနားမှာ မြန်မာ့စီးပွားရေးဘဏ်ကို စောင့်နေတဲ့ စစ်သားတွေ၊ ရဲတွေလည်း ရှိတယ်။ သူတို့လှုပ်ရှားတာလည်း မြန်တယ်။ ဆိုင်ထဲ ၅ မိနစ်လောက်ပဲ ကြာတယ်။ ပြန်ထွက်လာပြီး ကားကို မောင်းသွားတယ်။ လုယက်သူ‌တွေရဲ့ အသက်အရွယ် ဘယ်လောက်ရှိနိုင်သလဲဆိုရင် အသက်က ၂၀ ကျော်နဲ့ ၃၀ လောက်တွေ ဖြစ်ဖို့များမယ်”လို့ ပြောပါတယ်။

စစ်ခေါင်းဆောင်မင်းအောင်လှိုင် မုံရွာမြို့ကိုလာရောက်ပြီး ရက်ပိုင်းအတွင်း လုံခြုံရေးတင်းကျပ် ချထားတဲ့ မုံရွာမြို့ရဲ့ အချက်အချာကျတဲ့နေရာမှာ ဓားပြတိုက်မှုဖြစ်ပွားတာဖြစ်ပေမဲ့ ဓားပြတွေကို ဖမ်းဆီးနိုင်ခြင်းမရှိပါဘူး။

မုံရွာ မြို့ခံစီးပွားရေးသမားတစ်ဦးက “ကျနော်တို့ မြို့ပေါ်မှာ ဒီလောက်အချက်အချာကျပြီး လူစည်ကားတဲ့နေရာမျိုးမှာ လုယက်ဓားပြတိုက်တာဟာ တော်ရုံလူတွေ မလုပ်ရဲဘူးလေဗျာ။ ပေါ်ဦးရွှေဆိုင်က မုံရွာမှာ နှစ်ဆိုင်ရှိတာ။ တဆိုင်က မြို့လယ်မီးပွိုင့်အနီးက ပင်မဆိုင်၊ အခု လုယက်ဓားပြတိုက်ခံရတဲ့ဆိုင်က ဟောင်ကောင်ဖုန်းဆိုင်အနီးက ဆိုင်သစ်လို့ ပြောတယ်ဗျ။ အဲဒီဆိုင်အနားမှာ ဈေးလည်းရှိတယ်။ ပြောချင်တာကဗျာ လူလည်းမပြတ်၊ အမြဲစည်ကားနေတဲ့နေရာကို အခုလို ဓားပြတိုက်တာကတော့ သာမန်အရပ်သားတို့၊ PDF တို့ ဘယ်လိုနည်းနဲ့မှ မဖြစ်နိုင်ဘူး။ ဗိုလ်ချုပ်လမ်းမပေါ်မှာ သူတို့ကင်းပုန်းတွေ မိုးလင်း၊ မိုးချုပ်အထိ ရှိတယ်။ ဒါကို အတိုက်ခံရတာဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ”လို့ ပြောပါတယ်။

မုံရွာမြို့ပေါ်မှာ စစ်ကောင်စီ အာဏာသိမ်းပြီးချိန်ကစပြီး သိန်းတရာရွှေဆိုင်၊ ပေါ်ဦးရွှေဆိုင်အပြင် Mobile One ဖုန်းဆိုင်နဲ့ ကုန်စုံဆိုင် ၅ ဆိုင်ထက်မနည်း လုယက် ဓားပြတိုက်ခံခဲ့ရတာတွေ ရှိခဲ့ပါတယ်။

စစ်ကောင်စီအနေနဲ့လည်း ပြစ်မှုကျူးလွန်သူ တရားခံ တစ်ဦး တစ်ယောက်ကိုမှ မဖမ်းဆီးနိုင်သေးဘူးလို့ မုံရွာမြို့ခံတွေက ပြောပါတယ်။

မုံရွာဒေသခံက ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကလည်း PDF ရဲဘော်တွေအနေနဲ့ အဆိုပါ ဓားပြမှုတွေကို လုပ်ဆောင်ခဲ့တာမရှိဘူးလို့  ငြင်းဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013