DVB Logo
Home
မြန်မာသတင်း
ကလိန်အောင်-ထားဝယ်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်၊ ပုလောမြို့နယ်၌ စစ်တပ်က ဒေသခံများကို ဖမ်းဆီး
DVB
·
March 21, 2023
ကလိန်အောင်-ထားဝယ်လမ်းပိုင်းတွင် ပစ်ခတ်မှုဖြစ်၊ ပုလောမြို့နယ်၌ စစ်တပ်က ဒေသခံများကို ဖမ်းဆီး
Donate to DVB

တနင်္သာရီတိုင်း၊ ရေဖြူမြို့နယ်၊ ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းမှာ စစ်ကောင်စီဂိတ် ၂ ခုနဲ့ အုတ်သယ်ကားတစီး မတ်လ ၁၆ ရက်၊ ၁၇ ရက်နဲ့ ၂၀ ရက်တွေမှာ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရပါတယ်။

မတ်လ ၁၆ ရက်က ကလိန်အောင်မြို့အဝင်တံတားရှိ စစ်ကောင်စီ စစ်ဆေးရေးဂိတ် ပစ်ခတ်တိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီက ကလိန်အောင်မြို့အနီးပတ်ဝန်းကျင်ရှိ တောစပ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ကလိန်အောင်-ထားဝယ် ကားလမ်းပိုင်းရှိ ဥဿရံအရှေ့ရွာအနီး မိုင်တိုင် ၂၃ မှာ မတ်လ ၁၇ ရက် ညနေပိုင်းက ကလိန်အောင်မြို့ဘက်ကနေ ရေဖြူမြို့ဘက်ကို အုတ်သယ်ဖို့လာတဲ့ ကန်တာအမျိုးအစား မော်တော်ကားတစီး ပစ်ခတ်ခံရပြီး ယာဉ်မောင်း ကိုထွန်းထွန်းလေး ဝမ်းဗိုက်နဲ့ ဦးခေါင်းမှာ ကျည်ထိမှန်ခဲ့ကာ ထားဝယ်ဆေးရုံကြီးမှာ ဆေးကုသမှု ခံယူနေရပါတယ်။

ကိုထွန်းထွန်းလေးရဲ့မိသားစုနဲ့ နီးစပ်သူတဦး“၁၈ ရက်နေ့က အော်ပရေးရှင်း (ခွဲစိတ်ခန်း) ဝင်တယ်။ အခုတော့ ဆေးရုံကြီးမှာပဲ သက်သာနေပါပြီ။ ဒဏ်ရာက ဗိုက်မှာတချက်၊ နောက်စေ့မှာ ရှပ်ထိတာက တချက်၊ အားလုံး ၂ ချက်ထိတယ်” လို့ ပြောပါတယ်။

ကလိန်အောင်တံတားဂိတ် ပစ်ခတ်ခံရမှုနဲ့ အုတ်သယ်ကား ပစ်ခတ်ခံရမှုတွေကို ဘယ်အဖွဲ့က လုပ်ဆောင်ခဲ့တယ်လို့ ထုတ်ပြန်တာမျိုး မတွေ့ရသေးပါဘူး။

မတ်လ ၂၀ ရက် နေ့လယ် ၁ နာရီလောက်မှာလည်း ထားဝယ်မြို့နယ်နဲ့ ရေဖြူမြို့နယ်အကြား ထားဝယ်နည်းပညာတက္ကသိုလ်အနီး ဘုရားမဲ စစ်ကောင်စီစစ်ဆေးရေးဂိတ်ကို DGRF၊ ဧဒင်မှူး (ထားဝယ် ပကဖ) နဲ့ ဥသြစစ်ကြောင်းက သွားရောက်တိုက်ခိုက်ခဲ့တယ်လို့ မတ်လ ၂၁ ရက်မှာ DGRF အဖွဲ့က သတင်းထုတ်ပါတယ်။

အဲဒီဘုရားမဲဂိတ် ပစ်ခတ်တိုက်ခိုက်မှုဟာ တနာရီနီးပါးကြာခဲ့ပြီး ပြည်သူ့ကာကွယ်ရေး တပ်တွေဘက်က ၄၀ မမ၊ ၈၁ မမ လက်နက်ကြီးတွေနဲ့ လက်ဦးမှုယူကာ ပစ်ခတ်နိုင်ခဲ့တာကြောင့် စစ်ကောင်စီဘက်က အထိအခိုက်ရှိခဲ့ပြီး အရေးပေါ်ကား ၂ စီးနဲ့ လာရောက်သယ်ဆောင်သွား ကြောင်း ထုတ်ပြန်ထားပါတယ်။

အခုပစ်ခတ်တိုက်မှု အပါအဝင် ဘုရားမဲ စစ်ကောင်စီဂိတ် ပစ်ခတ်တိုက်ခိုက်ခံနေရတာဟာ ၃ ကြိမ်ထက်မနည်း ရှိပြီလို့ ဒေသခံတွေက ဆိုပါတယ်။

DGRF ရဲ့ ထုတ်ပြန်ချက်မှာ မဟာမိတ်အဖွဲ့တွေဟာ စစ်ကောင်စီကို အလျဉ်းသင့်သလို စီးနင်းတိုက်ခိုက်မှုတွေ အရှိန်မြှင့်လုပ်ဆောင်မှာဖြစ်တဲ့အတွက် ပြည်သူတွေအနေနဲ့ စစ်ကောင်စီနဲ့ပတ်သက်တဲ့ လူ၊ အဆောက်အဦ၊ မော်တော်ယာဉ်တွေနဲ့ ရှောင်ကြဉ်သွားလာပေးကြဖို့ မေတ္တာရပ်ခံထားပါတယ်။

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် တပိုရွာနဲ့ ဇရပ်ဆိပ်ရွာမှာ စစ်ကောင်စီက အင်အားအလုံးရင်းနဲ့ မတ်လ ၁၈ ရက်မှာ စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို ခေါ်ယူဖမ်းဆီး စစ်ဆေးခဲ့တယ်လို့ ဒေသခံတွေထံမှ သိရပါတယ်။

“စကစကနေပြီး အင်အားအလုံးအရင်းနဲ့ ရွာထဲကိုဝင်လာတယ်။ ရွာသားတွေကို လာတွေ့ခိုင်းတယ်။ လာမတွေ့ရင် သတ်ပစ်မယ်လို့ ပြောတယ်” လို့ ဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီတပ်သားတွေက တပိုရွာဘုန်းကြီးကျောင်းမှာ စခန်းချပြီး ဖမ်းဆီးခံရတဲ့ ဒေသခံတွေကို ပလရဲစခန်းမှာ ထိန်းသိမ်းထားကာ တချို့ကိုတော့ ပြန်လွှတ်လိုက်တယ်လို့ ဆိုပါတယ်။

မြိတ်ခရိုင်တပ်ရင်း-၁ သတင်းနဲ့ ပြန်ကြားရေးတာဝန်ခံက “မနေ့က ဖမ်းဆီးခံရတာ ၁၀ ယောက်ကျော် ဖမ်းခံရတယ်။ ဆရာမတယောက် အပါအဝင် ၅ ယောက်ကိုတော့ တိုင်းဗဟို ၁၂ ကို ပို့လိုက်ပြီ” လို့ ပြောပါတယ်။

အဲလိုဖြစ်ရပ်မျိုး မင်းထိန်ရွာမှာလည်း စစ်ကောင်စီက စစ်ကြောင်းထိုးလာပြီး ဒေသခံတွေကို မတ်လ ၁၉ ရက်မှာ ခေါ်ယူစစ်ဆေးခဲ့တယ်လို့ ဒေသခံတဦးက ပြောပါတယ်။

တပိုရွာမှာ အိမ်ခြေ ၁၀၀ ဝန်းကျင်ခန့်နဲ့ ဇရပ်ဆိပ်ရွာမှာ အိမ်ခြေ ၃၀၀ ဝန်းကျင်ခန့်ရှိပြီး ဒေသခံတွေဟာ အခြေအနေရ စစ်ရှောင်နေရသူတွေဖြစ်ကာ တိုက်ပွဲမရှိရင် မိမိတို့နေရပ်မှာ ပြန်လည်နေထိုင်သူတွေ ဖြစ်ကြပါတယ်။

မြိတ်ခရိုင် သတင်းနဲ့ပြန်ကြားရေးတာဝန်ခံက “စခတွေက အကြမ်းဖက်အလုပ်ကို လုပ်နေသလို ကျနော်တို့ကလည်း သူတို့ကို အမြစ်ပြတ်တဲ့အထိ တော်လှန်သွားမှာပါ။ ပြည်သူတွေအနေနဲ့ စခတွေကို ထိပ်တိုက်မတိုးမိအောင် ရှောင်ကြပါ။ အရေးကြီး စာရွက်စာတမ်းများ ကြိုတင်ပြင်ဆင်ထားကြပါ။ စစ်ရေးသတင်း အမြဲနားစွင့်ထားပေးကြပါ” လို့ ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013