DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်တွင်းရွှေဈေး ၁ ကျပ်သားကို ကျပ်ငွေ ၂၉,၆၀,၀၀၀ အထိမြင့်တက်လာ
DVB
·
March 20, 2023
မြန်မာပြည်တွင်းရွှေဈေး ၁ ကျပ်သားကို ကျပ်ငွေ ၂၉,၆၀,၀၀၀ အထိမြင့်တက်လာ
Donate to DVB

ကမ္ဘာ့ရွှေဈေးဟာ မတ်လ ၁၀ ရက်ကစပြီး  တောက်လျှောက်တက်လာခဲ့ရာ ၁၀ ရက်အတွင်းမှာ ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၆၂ ဒေါ်လာအထိ အတက်ကြမ်းလာခဲ့ပြီး ဒီကနေ့ ပြည်တွင်းရွှေ(မီးလင်း)ဈေးက ၁ ကျပ်သားကို ကျပ်  ၂၉,၆၀,၀၀၀ အထိ ရှိလာတယ်လို့ ရွှေလုပ်ငန်းရှင်တွေက ပြောပါတယ်။

ဒီကနေ့(မတ်၂၀ရက်) နေ့လယ်ခင်းအတွက် ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ ရည်ညွှန်းရွှေဈေးနှုန်းက အကယ်ဒမီ(မီးလင်း) ၁ ကျပ်သားကို ၂၃,၄၄,၄၀၀ ကျပ် သတ်မှတ်ထားပေမယ့် အရောင်းအဝယ်ဖြစ်နေတဲ့ ဈေးနှုန်းက  ကျပ်  ၂၉,၆၀,၀၀၀ ရှိတာကြောင့် ဈေးကွက်ပေါက်ဈေးနဲ့ယှဉ်ရင် ၁ ကျပ်သားကို ၆၁၅,၆၀၀ ကျပ် ကွာနေပါတယ်။ 

ကမ္ဘာ့ရွှေဈေးက ၁ အောင်စကို အမေရိကန်ဒေါ်လာ ၁၉၉၄ ဒေါ်လာ ရှိပြီး ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်းက အမေရိကန် ၁ ဒေါ်လာကို ၂၈၇၀ ကျပ်နဲ့ အရောင်းအဝယ် ရှိနေပါတယ်။ ဒါကြောင့် လက်ရှိဖြစ်ပေါ်နေတဲ့ ကမ္ဘာ့ရွှေဈေးနဲ့ ပြည်တွင်းနိုင်ငံခြားငွေလဲနှုန်း တို့အပေါ် အခြေခံပြီး အရောင်းအဝယ် လုပ်နိုင်တဲ့ ပြည်တွင်းရွှေဈေး(မီးလင်း)က ၁ ကျပ်သားကို ၂၉,၆၀,၀၀၀ ကျပ်စွန်းစွန်း ရှိနေတာပါ။

ဒါပေမဲ့ စစ်ကောင်စီ လက်အောက်ခံ ရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းက ကမ္ဘာ့ရွှေဈေး ပြောင်းလဲမှုကြောင့် ပြည်တွင်းရွှေ(မီးလင်း)ဈေးကလည်း လိုက်ပါပြောင်းလဲမှုရှိလာတာကို မျက်ကွယ်ပြုထားပါတယ်။ 

ဒါကြောင့်ပဲ အဆိုပါအသင်းက ဒီကနေ့ထုတ်ပြန်တဲ့ ညွှန်ကြားချက်မှာ အခုပြင်ပရွှေဈေးကွက်မှာ အရောင်းအဝယ် ပြုလုပ်နေကြတဲ့ ဈေးနှုန်းမှာ လေပတ်ကားသမားတွေ၊ ဈေးကစားသူတွေရဲ့ ပါးစပ်မှာသာ ဈေးမြင့်တက်နေခြင်းတာဖြစ်ပြီး ဒီပုဂ္ဂိုလ်တွေကို သက်ဆိုင်ရာဌာန အဖွဲ့အစည်းတွေက တားဆီး ထိန်းသိမ်းဖို့ ဆောင်ရွက်နေတယ်လို့ ထုတ်ပြန်ထားပါတယ်။

ဒီ့အတွက်ကြောင့် အသင်းမှာ လေနဲ့ အရောင်းအဝယ်လုပ် ကစားတာ လုံးဝ ခွင့်မပြုကြောင်းနဲ့ အရင်ကလည်း ခွင့်မပြုခဲ့သလို ရှိလည်းမရှိခဲ့တဲ့အတွက် ရွှေအရောင်းအဝယ်ကို ရွှေထိ ငွေထိ သာလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။ ဒီ့ပြင် ပြင်ပမှာ ဈေးကစားမှုများ ရှိခဲ့ပါက အသင်းအနေနဲ့ခွင့် မပြုသလို တာဝန်လည်း မယူတာကြောင့် ဈေးကစားသူတွေရဲ့ တာဝန်သာ ဖြစ်တယ်လို့ သတိပေးထားပါတယ်။

အခုလို သတိပေးထုတ်ပြန်ချက်တွေ ထုတ်ပြန်လာတဲ့အပြင် ပြည်တွင်းမှာ အရောင်းအဝယ် ဖြစ်တဲ့ ရွှေဈေးနှုန်း အမှန်ကိုလည်း ထုတ်ဖော်မပြောဖို့ စစ်ကောင်စီက ဖိအားပေးထားတဲ့အကြောင်း ရွှေလုပ်ငန်းရှင်တွေက ဆိုပါတယ်။

ရွှေကုန်သည် တဦးက “အခုအခြေအနေက ကျနော်တို့မှာ ရွှေဈေးနှုန်းကို ပြောပိုင်ခွင့် မရှိဘူးခင်ဗျ။ အခု ဘယ်ဆိုင်ကမှ ရွှေဈေးနှုန်း ပြောလို့မရဘူး။ သူတို့ လိုက်ပိတ်ထားတယ်။ ကမ္ဘာ့ရွှေဈေး သက်ရောက်မှုကြောင့် ပြည်တွင်းရွှေဈေးလည်း တက်ပါတယ်။ ဒါပေမဲ့ အရောင်းအဝယ် အခြေအနေကတော့ ဝယ်လိုအားက နည်းပါတယ်။ လူတွေလည်း စီးပွားရေးက သိပ်ပြီး အဆင်ပြေတဲ့အပိုင်းမှာ မရှိကြဘူးလေ။ ပြီးတော့ ပြည်တွင်းက လူတွေကလည်း မောကုန်ကြပါပြီ။ အရင်က တအားတွန်းပြီး ဝယ်ခဲ့ကြတာလေ။ အခုတော့ အရင်လို မလိုက်တော့ပါဘူး” လို့ ဒီဗွီဘီကို ပြောပါတယ်။

လက်ရှိမှာဆို ရွှေစုဆောင်းသူတွေက အလျော့တွက်ခ ရှုံးတဲ့ လက်ဝတ်ရတနာ(အထည်)တွေကို မဝယ်တော့ဘဲ ငွေဖြစ်လွယ်တဲ့ အတုံးတွေကို ပြောင်းလဲ စုဆောင်းလာကြပါတယ်။

လက်ဝတ်ရတနာလုပ်ငန်းရှင်တဦးက “အရင် ဈေးမတက်ခင်က ဝယ်ထားတဲ့ အထည်တွေ အခုလို ဈေးရတဲ့အချိန် ပြန်ထုတ်ရောင်းတာက ပုံမှန်အခြေအနေပါပဲ။ ဒါကလည်း အများစုရဲ့စိတ်ထဲမှာ လက်ထဲ ကျပ်ငွေကို သိပ်ပြီး ကိုင်မထားချင်ကြဘူး။ အဲဒီတော့ ဆိုင်ရာဆိုင်ရာ ပစ္စည်းလေးတွေကို ကိုင်ကြတာ များပါတယ်။ ဒါပေမဲ့ ပြေးတက်လို့ ပြေးရောင်းတယ် ဆိုပြီး အရင်လိုတော့ တအားကြီး မလုပ်တော့ပါဘူး။ အရင်ကတော့ ပြေးရောင်းလိုက် ပြေးဝယ်လိုက်နဲ့လေ။ ပြီးတော့ အရင်ထက်စာရင်တော့ မျက်စိပွင့် နားပွင့်လာတဲ့ သဘောလည်း ရှိတယ်။ အရင်ကတော့ အထည်တွေ ဝယ်ဝတ်ကြတာပေါ့။ အထည်တွေ ဝယ်ဝတ်တော့ ပြန်ရောင်းတဲ့အခါ သူက အလျော့တွက်ခ ရှုံးတယ်။ အခုတော့ အတုံးလေးတွေ ဝယ်စုကြတယ်။ ဘာလို့လဲဆိုတော့ သူက ငွေဖြစ်လွယ်တယ်။ ဒါကြောင့် အတုံးလေးတွေ စုတဲ့သူက များလာတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013