DVB Logo
Home
မြန်မာသတင်း
ရွှေဘိုမြို့နယ်၌ စစ်တပ်က လေကြောင်းမှတိုက်ခိုက်၊ မြောင်၊ ကနီနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
DVB
·
March 19, 2023
ရွှေဘိုမြို့နယ်၌ စစ်တပ်က လေကြောင်းမှတိုက်ခိုက်၊ မြောင်၊ ကနီနှင့် ပေါက်မြို့နယ်တို့တွင် စစ်ကောင်စီတပ်များ တိုက်ခိုက်ခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ဆိပ်ခွန်ကျေးရွာအနီးတစ်ဝိုက်ကို မတ် ၁၈ ရက် မွန်းလွဲ ၂ နာရီခွဲ လောက်မှာ စစ်တပ်က ရဟတ်ယာဉ်တစီးနဲ့  ပစ်ခတ်ခဲ့တာကြောင့် ဒေသခံ ၂ ယောက်  သေဆုံးကာ ၃ ယောက်  ဒဏ်ရာရခဲ့တယ်လို့ သိရပါတယ်။

ပစ်ခတ်မှုကြောင့် ဆိပ်ခွန်ရွာသားတွေဖြစ်တဲ့ အသက် ၂၂ အရွယ် ကိုတိုးတိုးနဲ့ အသက် ၆၃ နှစ်အရွယ် ဒေါ်ကြည်ဝင်းတို့ သေဆုံးခဲ့ပြီး ဦးထွား၊ မမာလွင်နဲ့ ဦးတင်တို့က ဒဏ်ရာအသီးသီး ရခဲ့တယ်လို့ ဒေသခံပြည်သူကာကွယ်ရေးခေါင်းဆောင် ကိုရဲခေါင်က ပြောပါတယ်။

ကိုရဲခေါင်က “ဆိပ်ခွန်အုပ်စုအနီးတစ်ဝိုက်က တောင်သူတွေ အများစုတောင်ယာလုပ်ငန်းတွေ ညအိပ် လုပ်ကိုင်နေတဲ့ နံ့သာကုန်းနဲ့ တင့်တယ်ရွာကြားထဲက ဖွားစောကုန်း၊ ပဲကုန်းလေးတို့ဆိုတဲ့ နေရာ‌တွေကို ရဟတ်ယာဉ်ပေါ်ကနေ စက်သေနတ်နဲ့ ပစ်သွားတယ်။ အဲဒီကုန်းတွေမှာ တောပြုတ်လေးတွေ ရှိနေတာကို PDF တွေ နေတယ်ဆိုတဲ့အထင်နဲ့ အခုလို ပစ်သွားတာ ဖြစ်နိုင်တယ်။” 

ဘုတလင်မြို့နယ် လေယာဉ်ပျံသန်းမှု စောင့်ကြည့်သူ တဦးက “ သူတို့ နမခကနေ  ၂ နာ ရီ ၁၀ မိနစ် က ပျံတက်သွားတယ်။ ရွှေဘိုကို သွားမှာကို အရာတော်မြို့ကို သွားသလိုလိုနဲ့ ရွှေဘိုဘက်ကို  သွား ပစ်တာ။ အခုအနောက်ပိုင်း တော်လှန်ရေးအဖွဲ့တွေအနေနဲ့ လေကြောင်းရန်ကို အထူး သတိထားသင့်တယ်” လို့ ပြောပါတယ်။

ရွှေဘိုမြို့နယ် ဆိပ်ခွန်ရွာအနီးတဝိုက်ကို စစ်ရေးပစ်မှတ်ထား တိုက်ခိုက်နေတာဟာ  ရည်ရွယ်ချက် ရှိရှိ ဒုက္ခပေးနေတာလို့ ဆိပ်ခွန်ကျေးရွာအုပ်စုအတွင်းက ဒေသခံတွေက ဆို‌ပါတယ်။

စစ်ကိုင်းတိုင်း မြောင်မြို့နယ်မှာတော့ ကျောက်ရစ်ရဲစခန်း မတ် ၁၇ ရက်နေ့မနက်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရပြီး အများအပြား ဒဏ်ရာရရှိခဲ့တယ်လို့ စစ်ကိုင်းခရိုင် တပ်ရင်း ၄ မြောင်အထူးကာကွယ် ရေးတပ်ဖွဲ့ MSDF ကနေ သိရပါတယ်။

မြောင်မြို့နယ် ကျောက်ရစ်ရဲစခန်းကို မတ် ၁၇ ရက်နေ့ မနက် ၁၀ နာရီ လောက်မှာ PDF တပ်ဖွဲ့တွေ တီထွင်ထုတ်လုပ်ထားတဲ့ ဒရုန်းနဲ့ ဗုံး ၄ လုံးကြဲပြီး တိုက်ခိုက်ခဲ့တယ်လို့ MSDF ရဲ့ ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီတပ်သားတွေနဲ့ ရဲတွေ ထိခိုက်ဒဏ်ရာရှိသူများပြားပြီး သေဆုံးသူတွေလည်း ရှိနိုင်ပေမယ့် အတိကျမသိရသေးဘူးလို့ ဆိုပါတယ်။

အဲဒီရဲစခန်းမှာ ရဲတွေနဲ့ စစ်ကောင်စီတပ်သားတွေ အထိုင်ချနေထိုင်ကာ အနည်းပတ်ဝန်းကျင်က ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာ၊ ပြည်သူတွေကိုမ တရားဖမ်းဆီးတာတွေအပြင် နည်းမျိုးစုံနဲ့ ဒုက္ခပေးနေကြတာလို့ ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုကို "ဒေါင်းတမန် လေကြောင်းစစ်ဆင်ရေး" လို့ အမည်ပေးထားပြီး MSDF၊ CDSOM-001၊ အညာသားပြောက်ကျားတပ်ဖွဲ့၊ ဖီးနစ်ပြောက်ကျားတပ်ဖွဲ့၊ CHU PDF၊ မင်းကင်းပြောက်ကျားတပ်ဖွဲ့-MGF တို့ ပူးပေါင်းပြီး Shar Htoo Waw နည်းပညာ Fixed Wing Drone တွေနဲ့ တိုက်ခိုက်ခဲ့ကြတာလို့ ဆိုပါတယ်။ 

အဲဒီ တိုက်ခိုက်မှုအတွင်းမှာ စစ်ကောင်စီဘက်က ထိခိုက်သေဆုံးတဲ့အခြေနေကို သီးခြားအတည်မပြုနိုင်သေးဘဲ ပြည်သူ့ကာကွယ်ရေး ရဲဘော်တွေ ထိခိုက်မှုမရှိခဲ့ဘူးလို့ သိရပါတယ်။

စစ်ကိုင်းတိုင်း ကနီမြို့နဲ့ အလယ်ကျွန်းပျူစောထီးရွာကို ကနီမြို့ကနေ ရိက္ခာလာပို့တဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို မတ် ၁၈ ရက် မနက် ၈ နာရီ လောက်မှာ သရက်တောကျေးရွာနားကနေ ကြားဖြတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံကာကွယ်ရေးခေါင်းဆောင်တွေက ပြောပါတယ်။

အင်အား ၅၀ ကျော်နဲ့ ၈၀ နီးပါးပါတဲ့ စစ်သည်တွေက ကနီမြို့ကနေ လှည်း ၅ စီးနဲ့ အလယ်ကျွန်းပျူရွာကို ရိက္ခာလာပို့ရင်းအခုလို ကြားဖြတ်တိုက်ခိုက်ခံခဲ့ရလို့ ဆိုပါတယ်။

DRPA အဖွဲ့တာဝန်ရှိသူ ကိုလင်းနွေက “လှည်း သုံးစီးကတော့ ပျက်တယ်။ ၂ စီးကတော့ အလယ်ကျွန်းရွာထဲအထိ သူတို့ သယ်သွားနိုင်တယ်။ သရက်တောရွာနားမှာ ကြိုစောင့်ပြီး ရှေ့ထွက်ပြောင်း နဲ့ ပစ်လိုက်တယ်။ နောက်မှ လက်နတ်ငယ်တွေနဲ့ သူပစ်၊ ကိုယ်ပစ် ပစ်ကြတယ်။ ရှေ့ထွက်ပြောင်းတိုက်နဲ့ပစ်လို့ ၃ ဦး သေဆုံးပြီး ပျူ တစ်ဦးကတော့ ပေါင်ကြိုး ဒဏ်ရာရတယ်”လို့ ဆိုပါတယ်။

အခုတိုက်ပွဲကို ကျောက်လုံးကြီး KLG တပ်မဟာအဖွဲ့၊ တပ်ရင်း ၁ ၊ တပ် ရင်း ၂ ၊ DRPA ၊  ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တွေ ပူးပေါင်းကာ တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

မကွေးတိုင်း ပေါက်မြို့မှာလည်း မတ် ၁၇ နဲ့ ၁၈ ရက် နှစ်ရက်ဆက် စစ်ကောင်စီတပ်သားတွေတိုက်ခိုက်ခံခဲ့ရတယ်လို့ သိရပါတယ်။ 

ပေါက်မြို့ တိုင်းရင်းဆေးရုံမှာ အထိုင်ချတပ်စွဲထားတဲ့ စစ်ကောင်စီတပ်သား အင်အား ၃၅ ယောက် လောက်ကို ဒီနေ့ မနက် ၁၀ နာရီခွဲလောက်က ၆၀ မမ၊ ၄၀ မမ၊ M 16 တွေနဲ့ သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေဝယက္ခတပ်ဖွဲ့ရဲ့ လက်နက်ထုတ်လုပ်ရေး တာဝန်ခံ ဗိုလ်လပြည့်က ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုအတွင်းမှာ ရဲဘော်တွေဘက်က ထိခိုက်မှုမရှိပေမဲ့ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးသူရှိနိုင်ပြီး အတိအကျ မသိရသေးဘူးလို့ ဆိုပါတယ်။

မကွေးတိုင်း ပေါက်မြို့နယ်၊ သန်းတောအိုင့်ရွာနားမှာ မတ် ၁၇ ရက် မနက်ပိုင်း ၇ နာရီကလည်း စစ်ကောင်စီစစ်ကြောင်းတခု တိုက်ခိုက်ခံရပြီး ၁ ယောက်သေဆုံးကာ အများအပြား ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပကဖက သိရပါတယ်။

မနေ့က အဲဒီစစ်ကြောင်းကို  ဒေသကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့က ဒရုန်း  နဲ့ ဗုံးချ တိုက်ခိုက်ခဲ့သလို စစ်တပ်ကလည်း ဒရုန်းနဲ့ ပြန်လည်တိုက်ခိုက်ခဲ့တယ်လို့မြိုင် ပကဖတပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက ပြောပါတယ်။

တိုက်ပွဲအတွင်း မနက် ၉ နာရီလောက်မှာ တိုက်ခိုက်ရေး ရဟတ်ယာဉ်က လာရောက် ပစ်ခတ်ခဲ့ပေမဲ့ ရဲဘော်တွေ ထိခိုက်မှု မရှိဘူးလို့ ဗိုလ်လက်ယာက ဆိုပါတယ်။

ပေါက်မြို့နယ်အတွင်းမှာ စစ်ကြောင်း ၃ ကြောင်းထိုးနေတာကြောင့် တိုက်ပွဲတွေ ဆက်ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013