DVB Logo
Home
မြန်မာသတင်း
ပီအာစနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု ဆုံးဖြတ်
DVB
·
June 11, 2014
ပီအာစနစ်ကျင့်သုံးရန် အမျိုးသားလွှတ်တော် အတည်ပြု ဆုံးဖြတ်
Donate to DVB

နောင်လာမယ့် ရွေးကောက်ပွဲတွေကျရင် အမျိုးသားလွှတ်တော်အတွက် ကိုယ်စား လှယ်တွေ ရွေးချယ်ရာမှာ အချိုးကျ ကိုယ်စားပြု ပီအာစနစ်ကို ကျင့်သုံးဖို့ ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်းအဆို အနိုင်ရသွားပါတယ်။

national parlimentဒီအဆိုနဲ့ ပတ်သက်ပြီး အမျိုးသားလွှတ်တော်မှာ ကိုယ်စားလှယ်ပေါင်း ၂၀ ကျော်က ၃ ရက်ကြာ ဆွေးနွေးခဲ့ကြပြီးတဲ့နောက် ဇွန် ၁၁ ရက် လွှတ်တော်ထဲ မတ်တပ်ရပ်ပြီး မဲခွဲ ဆုံးဖြတ်ရာမှာ ထောက်ခံသူ ၁၁၇ ဦး၊ ကန့်ကွက်သူ ၈၅ ဦး၊ ကြားနေသူ ၃ ဦးရှိပြီး အဆိုအောင်မြင်ခဲ့တာဖြစ်ပါတယ်။

အချိုးကျကိုယ်စားပြုစနစ်ကျင့်သုံးဖို့ အဆိုကို အမျိုးသားလွှတ်တော်တင်ခဲ့တဲ့ အမျိုးသားဒီမို ကရေစီအင်အားစု (အန်ဒီအက်ဖ်) ပါတီက အမျိုးသားလွှတ်တော်အမတ် ဒေါ်ခင်ဝိုင်းကြည်က သူ့အဆိုကို လွှတ်တော်က ဆုံးဖြတ်ခဲ့ပုံနဲ့ပတ်သက်ပြီး ခုလို ပြောပါတယ်။

“အခုဆွေးနွေးတဲ့သူတွေ အကုန်လုံး ၃ ရက် ဆွေးနွေးထားတယ်။ ဆွေးနွေးထားတဲ့သူတွေ အကုန်လုံးက ပီအာစနစ်နဲ့ ပတ်သက်ပြီး လေ့လာဖို့၊ နောက် ဒီစနစ်တခု ရောက်ဖို့အတွက် မြန်မာနိုင်ငံနဲ့ ဘယ်လိုလုပ်ရင် သဟဇာတ ဖြစ်မလဲ။ အကုန်လုံးနဲ့ ဘယ်လို ကိုက်ညီမလဲဆိုတာကို ကော်မရှင်တရပ်အနေနဲ့ ဆောင်ရွက်ဖို့ ဆိုပြီး၊ နဂိုတုန်းက လွှတ်တော်မှာ ဖွဲ့ထားတဲ့ ဥပဒေနဲ့ ပတ်သက်ပြီး ကော်မရှင်တခု ရှိတယ်။ အဲဒီ ကော်မရှင်နဲ့ ဒီက ဆွေးနွေးထားတဲ့ သူတွေနဲ့ ပေါင်းပြီးဆောင်ရွက်ဖို့ ဆုံးဖြတ်လိုက်တယ်။ ရွေးကောက်ပွဲကော်မရှင်ပါ ပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကော၊ ဒီကလူတွေကော အကုန်လုံးနဲ့ ညှိပြီး ဆွေးနွေးပြီးတော့ နောက်ဆုံး ဆွေးနွေးဆုံးဖြတ်ချက် အစီရင်ခံစာကို လွှတ်တော်ကို တင်ပြရမယ်။ ကော်မရှင်ဖွဲ့ပြီးတော့မှ ဆက်လက်ဆောင်ရွက်ဖို့ဆိုတာက ဥက္ကဋ္ဌကြီးက သူသင့်တင့်တယ်ဆိုတဲ့ ဟာကို သူ့လုပ်ပိုင်ခွင့် ဘောင်ထဲက ဆောင်ရွက်တယ်နဲ့တူတယ်။ အခါတိုင်းလည်း လယ်မြေကိစ္စ မှာလည်း ကော်မရှင်၊ အလုပ်သမားကိစ္စတွေမှာလည်း ကော်မရှင် အဲဒီလိုမျိုးလေးတွေ အရင်ညှိနှိုင်း ပြီးတော့မှ လိုအပ်တာကို ဆက်လုပ်တာ အမှားအယွင်းနည်းမယ်လေ။ လုပ်ငန်းလည်း ချောမွေ့ မယ် ထင်တယ်။ အဲဒီလိုလုပ်တာ ပိုကောင်းမယ်ထင်တယ်။

ကန့်ကွက်ခဲ့ကြသူတွေထဲ အန်အယ်ဒီပါတီနဲ့ စစ်တပ်က တပ်မတော်သားကိုယ်စား လှယ်တွေလည်း ပါဝင်တယ်လို့ ပြောပါတယ်။

တိုင်းရင်းသားပါတီတွေနဲ့ စုဖွဲ့ထားတဲ့ ညီနောင်တိုင်းရင်းသားများဖက်ဒရေးရှင်းပါတီက ပီအာစနစ်နဲ့ပတ်သက်ပြီး ကန့်ကွက်ကြောင်း နေပြည်တော်မှာ မီဒီယာတွေနဲ့ မနေ့က တွေ့ဆုံ သဘောထားထုတ်ပြန်ခဲ့ပြီး လူထုဆန္ဒထုတ်ဖော်သွားမယ်လို့ ကြေညာထားပါတယ်။
ရခိုင် အမျိုးသားလွှတ်တော်အမတ်တဦးဖြစ်တဲ့ ဒေါက်တာအေးမောင်ကတော့ ဒီစနစ်အပေါ် တိုင်းရင်းသားဒေသတွေမှာ ဆန့်ကျင်ကန့်ကွက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ သုံးသပ် ပြောပါတယ်။

“ဒီဆိုကတော့ဖြင့် မတင်သင့်သေးတဲ့ အဆိုပေါ့နော်။ နောက်လူများစုနဲ့ အနိုင်မယူသင့်တဲ့ လုပ်ရပ်လို့ မြင်တယ်။ အဲဒါကြောင့် ကျနော်ထင်တယ် ၄၃၆ လှုပ်ရှားမှု အရှိန် ပိုမြင့်လာနိုင်တယ်။ အဲဒီလိုပဲ ပီအာနဲ့ပတ်သက်တဲ့ တိုင်းရင်းသားဒေသတွေမှာ ဆန့်ကျင်မှုတွေ ဥပဒေဘောင် အတွင်းက တိုင်းရင်းသားများ ညီနောင် ဖက်ဒရေးရှင်း ကြေညာထားသလို ဖြစ်လာနိုင်တယ်။”

လက်ရှိ ကျင်းပနေတဲ့ ပြည်သူ့လွှတ်တော်မှာလည်း ပီအာစနစ်ကျင့်သုံးဖို့ ရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်းကြောင်းအဆိုတင်ထားပြီး ရှေ့လာမယ့်အပတ် ပြည်သူ့လွှတ်တော်ထဲ ဆွေးနွေးကြဖို့ ရှိပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ထဲ အချိုးကျကိုယ်စားပြု (ပီအာ) စနစ်ကျင့်သုံးဖို့ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီက ရွေးကောက်ပွဲကော်မရှင်ကတဆင့် ပြည်ထောင်စုလွှတ်တော်ထံ တင်ပြခဲ့ဖူးပြီး အဲ့ဒီတုန်းက ပြည်ထောင်စုလွှတ်တော်က လွှတ်တော်လုပ်ထုံးလုပ်နည်းတွေနဲ့ မညီညွတ်ဘူးဆိုပြီး ပယ်ချခဲ့ပါတယ်။

လက်ရှိ မြန်မာပြည်မှာ ခေတ်အဆက်ဆက် ရွေးကောက်ပွဲတွေမှာ ကျင့်သုံးခဲ့ကြတာ မဲအများဆုံးရရှိသူ အနိုင်ပေးတဲ့ (First Past The Post – FPTP System) စနစ် ဖြစ်ပြီး အရိုးရှင်းဆုံးနဲ့ လက်ရှိ မြန်မာနိုင်ငံအနေနဲ့ အကိုက်ညီဆုံးစနစ်လို့ ပီအာစနစ်ကန့်ကွက်သူတွေ ဘက်က ပြောပါတယ်။

အချိုးကျကိုယ်စားပြုစနစ် (Proportional Representative-PR) ပြောင်းလဲကျင့်သုံးဖို့ ထောက်ခံသူတွေကတော့ ပီအာစနစ်ဟာ ပါတီအားလုံးက အမတ်တွေ လွှတ်တော်ထဲရောက်နိုင်ပြီး ပါတီစုံဒီမိုကရေစီစနစ်နဲ့ ပို သင့်တော်ကိုက်ညီတယ်လို့ ပြောထားပါတယ်။
အသံဖိုင်နားဆင်ရန်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013