DVB Logo
Home
မြန်မာသတင်း
မြိုင်နှင့်ထီးလင်းတွင် တိုက်ပွဲများဖြစ်ပွား၊ ရေလယ်ကျွန်းစစ်ရှောင် ၄၀၀၀ ခန့် အကူအညီလိုအပ်
DVB
·
March 18, 2023
မြိုင်နှင့်ထီးလင်းတွင် တိုက်ပွဲများဖြစ်ပွား၊ ရေလယ်ကျွန်းစစ်ရှောင် ၄၀၀၀ ခန့် အကူအညီလိုအပ်
Donate to DVB

မကွေးတိုင်း ထီးလင်းမြို့နယ်မှာ မတ် ၁၅ ရက်နဲ့ ၁၆ ရက်တွေမှာ စစ်ကောင်စီစစ်ကြောင်း ၅ ကြိမ် တိုက်ခိုက်ခံရပြီး ထိခိုက်သေဆုံးသူ များပြားတယ်လို့ ဂန့်ဂေါခရိုင် တပ်ရင်း(၁၅၊၁၆၊၁၇)-YRA ထီးလင်းက သိရပါတယ်။

ပခုက္ကူမြို့ဘက်ကနေ ထီးလင်းမြို့ဘက်ထွက်လာတဲ့ စစ်ယာဉ်တန်းကို မတ် ၁၅ ရက် မနက် ၉ နာရီလောက်က ထီးလင်းနဲ့ပုဏ္ဏားကြားက မိုင်းကွင်းအရောက်မှာ မိုင်းဆွဲတိုက်ခိုက်ခဲ့ရာမှာ စစ်ကောင်စီတပ်သား ၂ ယောက်ပွဲသေဆုံးကာ အများအပြားဒဏ်ရာရခဲ့တယ်လို့ YRA-ထီးလင်းရဲ့ ခေါင်းဆောင် သခင်ဇော်က ပြောပါတယ်။

အဲဒီနေ့ မွန်လွဲ ၁ နာရီမှာလည်း ရွှေခုံတိုင်ရွာတောင်ဘက်က မန်ကျည်းပင်အောက်မှာ အရိပ်ခိုနေတဲ့  စစ်ယာဉ်တန်းကို ဒုတိယအကြိမ်မိုင်းဆွဲရာမှာလည်း ၂၆ ယောက် သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် ရွှေခုံတိုင်ရွာမှာ စခန်းချပြီး ကင်းလှည်ထွက်လာတဲ့ စစ်ကောင်စီ တပ်စုကို အဲဒီနေ့ ညနေ ၄ နာရီခွဲလောက်မှာ ပစ်ခတ်တိုက်ခိုက်ခဲ့လို့  ၃ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာရခဲ့ပါတယ်။

မတ် ၁၆ ရက် ညနေ ၄ နာရီလောက်မှာ ရွှေခုံတိုင်ရွာမှာ စခန်းချပြီး ပြန်ထွက်လာတဲ့ စစ်ကြောင်းကို မိုင်းရှင်းစဉ် ဖောက်ခွဲတိုက်ခိုင်ခဲ့တာကြောင့် ၂ ယောက် သေဆုံးခဲ့တယ်လို သခင်ဇော်က ဆိုပါတယ်။

အဲဒီနေ့ ညနေ ၅ နာရီလောက်မှာလည်း စစ်သည် ၅၀ ပါ စစ်ကြောင်းကို ဒေသကာကွယ်အဖွဲ့တွေ ပူးပေါင်းတိုက်လိုက်လို့ ၇ ယောက် သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရရှိခဲ့ပါတယ်။

မကွေးတိုင်း မြိုင်မြို့နယ်မှာ မတ် ၁၇ ရက် မနက်က ဖြစ်ပွားတဲ့ ကျောက်ခွက်ရေနံမြေ Well2 စခန်းတိုက်ပွဲမှာ PDF ရဲဘော် ၁ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရခဲ့တယ်လို့ မြိုင်ပကဖက ပြောပါတယ်။

မနေ့ မနက် ၆ နာရီခွဲလောက်မှာ အဲဒီစခန်းကို စီးနင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်တပ်က ထိခိုက်သူ ရှိနိုင်ပေမဲ့ မသိရဘူးလို့  မြိုင်ပကဖ တပ်ရင်း(၁)တပ်ရင်းမှူး ဗိုလ်လက်ယာက  ပြောပါတယ်။

Well 2 ရေနံမြေစခန်းဟာ အခိုင်အမာ ဘန်ကာတွေ တည်ဆောက်ထားတာဖြစ်လို့ အနီးကပ် တိုက်ခိုက်နိုင်ပေမဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် စခန်းမသိမ်းနိုင်ခဲ့ဘူးလို့ ဆိုပါတယ်။

စစ်တပ်က လေကြောင်း ၃ ကြိမ် တိုက်ခိုက်ရာမှာ  မြိုင်ပကဖ တပ်ရင်း(၁)၊တပ်ခွဲ(၁)က ရဲဘော် ၁ ယောက် သေဆုံးပြီး ၄ ယောက် ဒဏ်ရာ ရခဲ့တယ်လို့ ဗိုလ်လက်ယာက ပြောပါတယ်။

ဒဏ်ရာရရှိတဲ့ ရဲဘော်တွေထဲက ၁ ယောက်က စိုးရိမ်ရတဲ့အတွက် အရေးပေါ်ကုသပေးထားကာ လွှဲပြောင်းကုသပေးဖို့ စီစဥ်ထားတယ်လို့လည်း ဆိုပါတယ်။

အဲဒီတိုက်ခိုက်မှုကို ကျားသစ်နက်တပ်မတော်က ဦးဆောင်ကာ ဒေသကာကွယ်ရေးတပ်ဖွဲ့ ၃၅ ဖွဲ့က ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး  စစ်ကောင်စီ တပ်သား ၇ ယောက်သေဆုံးခဲ့တယ်လို့ ကျားသစ်နက်တပ်မတော်က ထုတ်ပြန်ထားပါတယ်။

မကွေးတိုင်း ရေစကြိုမြို့နယ်နဲ့ စစ်ကိုင်းတိုင်း မြောင်မြိုနယ်က ရေလယ်ကျွန်းဒေသကို မတ် ၇ ရက်ကစပြီး စစ်တပ်က စစ်ဆင်ရေးဝင်နေတာကြောင့် ဒေသခံ ၄၀၀၀ လောက် ဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ သိရပါတယ်။

ရေလယ်ကျွန်းဒေသကို မတ် ၇ ရက်နေ့က စတင်ကာ ဘုန်းကောင်းရွာနဲ့ မင်းတန်းရွာဘက်ကနေ စစ်ကြောင်း ၂ ကြောင်းနဲ့ဝင်ရောက်လာတာလို့ ရွှေလှံကျေးရွာဒေသခံတဦးက ပြောပါတယ်။

စစ်ကောင်စီဘက်က လက်နက်ကြီး လက်နက်ငယ်တွေနဲ့ ပစ်ခတ်ဝင်ရောက်လာလို့ ရွှေလှံ၊ ရွာသစ်၊ မင်းလှ၊ မြစ်သာ၊ မြစ်ဆုံ၊ ဆူးလေကုန်း၊ နနွင်းကိုင်း၊ ရွှေတချောင်း၊ ငါးပယ်၊ ပေါက်ချောင်း၊ ရွာပုလဲ၊ ဆင်ခြေယာ၊ မာလကာခြံနဲ့ မြေစွန်းကျေးရွာတွေက ဒေသခံတွေ ထွက်ပြေးနေရတာပါ။ 

စစ်ရှောင်တဦးက “စစ်ကြောင်းထိုးလာပြီလို့ သတင်းရတဲ့အတွက် အဝတ်တထည်ကိုယ်တခုနဲ့ ထွက်ပြေးခဲ့ရတာပါ။ နွေရာသီဖြစ်တဲ့အတွက်နေ့ခင်းဘက်မှာ အပူဒဏ်ကို ခံစားကြရသလို ညဘက်တွေမှာလည်း အမိုးအကာ မရှိတာကြောင့် ရာသီဥတုအေးတဲ့ဒဏ်ကို ခံကြရတယ်”လို့ ဆိုပါတယ်။

စစ်ဘေးရှောင်ပြည်သူတွေအတွက် စားနက်ရိက္ခာ၊ အဝတ်အထည်၊ စောင်၊ ခြင်ထောင်၊ ခေါင်းအုံး၊ အမိုးအကာ၊ ဆေးဝါးနဲ့ ကျန်မာရေးစောင့်ရှောက်မှုတွေ လိုအပ်နေလို့  ဆိုပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013