DVB Logo
Home
မြန်မာသတင်း
ဇွန် ၁၃ ရက် နောက်ဆုံးထား ထွက်ခွာရန် ကျောက်တူးသမားများကို အမိန့်ထုတ်
DVB
·
June 11, 2014
ဇွန် ၁၃ ရက် နောက်ဆုံးထား ထွက်ခွာရန် ကျောက်တူးသမားများကို အမိန့်ထုတ်
Donate to DVB

ကချင်ပြည်နယ် ဖားကန့်ဒေသမှာ ရေမဆေးကျောက်ကောက်သူတွေနဲ့ တနိုင်တပိုင် ကျောက်တူးသမားတွေအနေနဲ့ လာမယ့် ဇွန်လ ၁၃ ရက်နေ့ နောက်ဆုံးထားပြီး ကျောက်လုပ်ကွက်တွေကနေ ထွက်ခွာဖို့ အာဏာပိုင်တွေက အမိန့်ထုတ်လိုက်ပါတယ်။

[caption id="attachment_53562" align="alignright" width="300"]ရေမဆေးကျောက် ရှာဖွေနေကြသူများ ရေမဆေးကျောက် ရှာဖွေနေကြသူများ[/caption]လုံးခင်း၊ ကုဋေမော်၊ လေးအိမ်စု၊ မော်ဆီဇာ၊ ဆိုင်းတောင်၊ ကရင်ချောင်း၊ ဆိတ်မူ အစရှိတဲ့ နေရာအနှံ့အပြားမှာ ပြီးခဲ့တဲ့ ရက်ပိုင်းလောက်က သတိပေးဆိုင်းဘုတ်တွေ ကပ်ထားပြီး ညွှန်ကြားချက်လိုက်မနာရင် တရားဥပဒေအရ အရေးယူအပြစ်ပေးခံရမယ်လို့ အာဏာပိုင်တွေက သတိပေးထားတယ်လို့ ဖားကန့်ဒေသခံတွေ က ပြောပါတယ်။

ဒီအမိန့်ကြောင့် မြန်မာပြည်အရပ်ရပ်က ရောက်လာတဲ့ ကျောက်တူးသမားတချို့ ပြန်ကုန်ကြပြီး တချို့က အိမ်ပြန်စရိတ်မရှိလို့ မပြန်နိုင်သေးကြောင်း မကွေးတိုင်း ပေါက်မြို့နယ် ငဖဲရွာကနေ ရောက်လာသူ ကိုမောင်ပွင့်က ဒီဗွီဘီကို ပြောပါတယ်။

“အကုန်လုံးကို အိမ်ပြန်ခိုင်းတယ်။ ကျောက်တူးလို့ လုံးဝ မရတော့ဘူး။ ပိတ်ထားတယ်။ စာတွေ ကပ်ထားတယ်။ တောမှော်ဘက်တွေ အကုန်လုံး ကပ်ထားတယ်။ စာတွေက နေရာ အနှံ့မှာ ကပ်ထားတယ်။ မြေစာပုံမှာ နေတဲ့သူတွေလည်း အကုန်လုံး ပြောင်းရွှေ့ခိုင်းတယ်။ ဖမ်းမိလို့ရှိရင် ထောင်ချမယ်ပြောနေတယ်။ မသွားရဲတော့ဘူး၊ ဖမ်းမိမှာ ကြောက်လို့ အိမ်မှာပဲ နေနေရတယ်။ ကျောက်မတူးရတော့ ပြန်တဲ့သူလည်း ပြန်ကုန်ပြီ။ အိမ်ကိုပဲ လမ်းစရိတ်မှာပြီး ပြန်ရတော့မလားလို့ အဲဒီလို ဖြစ်နေတယ်။”

နယ်မြေလုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေး ကြီးကြပ်မှုကော်မတီက မိုးရာသီမှာ သဘာဝဘေး အန္တရာယ်ဖြစ်စေတဲ့ ကျောက်တူးတာတို့၊ ရွှေတူးတာတို့ကို ခွင့်ပြုချက်မရဘဲ မလုပ်ဖို့၊ လုပ်ကွက်ထဲမှာ ဆောက်ထားတဲ့တဲအိမ်တွေ အကုန်ဖယ်ရှားဖို့၊ မလိုက်နာရင် ကျောက်မျက်ဥပဒေနဲ့ အရေးယူမယ်လို့ ထုတ်ပြန်ထားတာလည်းဖြစ်ပါတယ်။

အရင်ကလည်း ရေမဆေးကျောက် ကောက်သူတွေကို မကြာခဏ ၀င်ရောက်ဖမ်းဆီးတာတွေ ရှိပေမယ့် အဲဒီဒေသမှာ စားဝတ်နေရေးအတွက် ကျောက်တူးလုပ်ငန်းကိုပဲ မှီခိုအားထား ရတာမို့ အဖမ်းအဆီးတွေကြားက စွန့်စားလုပ်ကိုင်နေကြောင်း ဖားကန့်မြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒုဥက္ကဋ္ဌ ဦးတင်စိုးက ဒီဗွီဘီကို ပြောပါတယ်။

“တနိုင်းဘက်မှာ ရွှေကျင်းတွေလည်း ပိတ်တယ်။ နောက် ပယင်းမှော်တွေလည်း ပိတ်တဲ့ အခါကျတော့ အလုပ်အကိုင်က အင်မတန် ရှားပါးနေတဲ့ အနေအထားဖြစ်နေတယ်။ သိန်းနဲ့ ချီတဲ့ ရေမဆေးကျောက်သမားတွေရော သူတို့ကို မှီခိုပြီးတော့မှ ကျောက်တူးဖော် ရှာဖွေ စားသောက်နေရတဲ့ မိသားစုတော်တော်များများဟာ တော်တော်ကြီးကို အခက်အခဲတွေ့ ဖြစ်လာနိုင်တယ်။ ပြီးတော့ ဒီမှာကတော့ လူဦးရေက ထူထပ်တယ်။ ရေမဆေးသမားတွေထဲ မှာလည်း မူးယစ်ဆေးဝါးနဲ့ ပတ်သက်တဲ့ ပြဿ နာတွေ ရှိတဲ့အခါကျတော့ အဲဒီမူးယစ်ဆေးဝါးနဲ့ ဆက်နွှယ်ပြီးတော့မှ ငွေလိုနေတဲ့သူတွေလေ။ အဲဒါနဲ့ ပတ်သက်ပြီးတော့မှ ဥပဒေချိုးဖောက်မှုတွေ၊ ဆိုးခိုးလုယက်မှုတွေ ဖြစ်ပေါ်လာနိုင်တယ်လို့ အုပ်ချုပ်ရေးပိုင်းတွေရော၊ ကျနော်တို့ရော အဲဒီလိုပဲ သုံးသပ်ကြတယ်။”

ဒီမတိုင်ခင် ပြီးခဲ့တဲ့ ဇွန်လ ၅ ရက်နေ့က အမျိုးသားလွှတ်တော်အစည်းအဝေးမှာ လွှတ်တော်အမတ်တဦးက တရားမ၀င်ကျောက်မျက် တူးဖော်ခြင်းကိစ္စအရေးယူပေးဖို့ အစီအစဉ်ရှိမရှိ မေးမြန်းခဲ့ပြီး သတ္တုတွင်း ဒုဝန်ကြီးက အရေးယူဆောင်ရွက်မယ်လို့ ဖြေကြားပြီးတဲ့နောက် အခုလို ကျောက်တူးသမားတွေကို လုပ်ကိုင်ခွင့်ပိတ်ပင်လိုက်တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013