DVB Logo
Home
မြန်မာသတင်း
မြန်မာစစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ဓာတ်ပုံသက်သေနှင့်တကွ ကုလသမဂ္ဂတွင် သံအမတ်ကြီး တင်ပြ
DVB
·
March 17, 2023
မြန်မာစစ်တပ်၏ ပြည်သူအပေါ် အကြမ်းဖက်သတ်ဖြတ်မှုများကို ဓာတ်ပုံသက်သေနှင့်တကွ ကုလသမဂ္ဂတွင် သံအမတ်ကြီး တင်ပြ
Donate to DVB

စစ်ကောင်စီတပ်ရဲ့ ပြည်သူအပေါ်ကျူးလွန်မှုတွေဟာ လူ့အခွင့်အရေးချိုးဖောက်မှုသာ မဟုတ်တော့ဘဲ စနစ်တကျ၊ ကျယ်ကျယ်ပြန့်ပြန့်နဲ့ အချိတ်အဆက်မိမိ ပြည်သူကို တိုက်ခိုက်နေတာဖြစ်ပြီး လူသားမျိုးနွယ်အပေါ် ကျူးလွန်တဲ့ပြစ်မှုနဲ့ စစ်ရာဇဝတ်မှု မြောက်တယ်လို့ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြောကြားလိုက်ပါတယ်။

နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်မှာ မတ်လ ၁၆ ရက်က ကျင်းပတဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံရဲ့ အလွတ်သဘော အစည်းအဝေးမှာ မြန်မာနိုင်ငံအခြေအနေနဲ့ ပတ်သက်ပြီး ဆွေးနွေးပြောကြားရာမှာ သံအမတ်ကြီးက ထည့်သွင်းပြောဆိုခဲ့တာပါ။

မြန်မာနိုင်ငံမှာ တရားမဝင် စစ်အာဏာသိမ်းမှု ၂  နှစ် ကျော်လာပြီးနောက် ပြည်သူတွေအပေါ် ကျရောက်တဲ့ အကျိုးသက်ရောက်မှုတွေ ဆိုးရွားသည်ထက် ဆိုးရွားနေကြောင်း၊ ရိုဟင်ဂျာတွေ အပါအဝင် မြန်မာပြည်သူတွေ ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခတွေဟာ တခြားနေရာဒေသက အခြေအနေတွေထက် မလျော့နည်းကြောင်း၊ စစ်တပ်ရဲ့ မတရားအာဏာသိမ်းမှုကြောင့် ပေးဆပ်ရတဲ့ အရင်းအနှီးဟာ မြန်မာပြည်သူတွေရဲ့ အနာဂတ်ဘဝနဲ့ ဒေသတခုလုံးအတွက်ပါ ကြီးလေးတဲ့ ဆိုးကျိုးသက်ရောက်မှုရှိတယ်လို့ ပြောပါတယ်။

စစ်တပ်ဟာ မတရားအာဏာသိမ်းရန် ကြိုးပမ်းချိန်ကစပြီး ပြည်သူအယောက် ၃,၁၃၀ ကျော်ကို ရက်စက်စွာ သတ်ဖြတ်ခဲ့ပြီး သတ်ဖြတ်မှုထဲမှာ ဆန္ဒပြသူတွေကို ရည်ရွယ်ချက်ရှိရှိ ဦးခေါင်းကို ချိန်ရွယ်ပစ်ခတ်တာ၊ အကျဉ်းထောင်မှာ ဖမ်းဆီးခံ ပြည်သူ ၉၂၀ လောက်နဲ့ စစ်ကြောရေးမှာ စစ်ဆေးမေးမြန်းစဉ် ၁၄၅ ဦးတို့ကို သတ်ဖြတ်တာတွေ ပါဝင်တယ်လို့ ဆိုပါတယ်။

လူအစုလိုက်အပြုံလိုက် သတ်ဖြတ်မှုပေါင်း ၆၄ မှုကိုလည်း ကျူးလွန်ခဲ့ပြီး ဒီအထဲမှာ သေဆုံးသူ ကလေးငယ် ၆၂ ဦး အပါအဝင် စုစုပေါင်း ၇၆၆ ဦးကို သတ်ဖြတ်ခဲ့ကြောင်း၊ ယခုလအတွင်း စစ်ကိုင်းတိုင်း တာတိုင်ရွာနဲ့ ရှမ်းပြည်နယ်၊ ပင်လောင်းမြို့နယ်၊ နမ့်နိမ်ရွာ  လူအစုလိုက် အပြုံလိုက် သတ်ဖြတ်မှုနဲ့ ပတ်သက်ပြီး သက်သေအထောက်အထား ဓာတ်ပုံတွေကိုလည်း သံအမတ်ကြီးက ကုလသမဂ္ဂညီလာခံမှာ ပြသခဲ့ပါတယ်။

မြန်မာနိုင်ငံအခြေအနေဟာ နိုင်ငံရေးပါတီတခုနဲ့ စစ်တပ်အကြားဖြစ်တဲ့ နိုင်ငံရေးပဋိပက္ခ မဟုတ်ကြောင်း၊ စစ်တပ်က ရက်စက်ကြမ်းကြုတ်တဲ့ စစ်အာဏာရှင်စနစ်ကို ပြန်လည် အကောင်အထည်ဖော်ဖို့ ကြိုးပမ်းတာနဲ့ နိုင်ငံအား ဥပဒေမဲ့တဲ့၊ ဆိုးရွားတဲ့ ဆင်းရဲနွမ်းပါးတဲ့ အနေအထားသို့ နောက်ကြောင်းပြန်ဆွဲခေါ်တဲ့ စစ်အာဏာရှင်ရဲ့ ထိန်းချုပ်မှုအောက်သို့ ပြန်လည်သွားရောက်နိုင်မှုကို အကြွင်းမဲ့ကန့်ကွက်တဲ့ ပြည်သူ့ဆန္ဒတို့အကြား ယှဉ်ပြိုင်မှုဖြစ်တယ်လို့ သံအမတ်ကြီးက ပြောဆိုခဲ့ပါတယ်။

စစ်တပ်ဟာ တရားဝင်ရွေးကောက်ခံထားရတဲ့ အဖွဲ့အစည်း မဟုတ်သလို အာဏာသိမ်းမှုဟာ တရားဝင်မှုလည်း မရှိကြောင်း၊ ဘယ်ဖွဲ့စည်းပုံအခြေခံဥပဒေ သို့မဟုတ် ပြဋ္ဌာန်းဥပဒေတို့ကမျှ စစ်တပ်ကို ဒီမိုကရေစီနည်းအရ ရွေးကောက်တင်မြှောက်ခံသမ္မတအား ခြိမ်းခြောက် ဖမ်းဆီးထိန်းသိမ်းဖို့ ခွင့်ပြုထားခြင်းမရှိကြောင်း၊ ဒါကြောင့် မြန်မာပြည်သူများအဖို့ စစ်တပ်ဟာ မည်သည့်အခါမျှ တရားဝင်မှုရှိမည်မဟုတ်ဘဲ ပြည်သူ့ဆန္ဒကိုလည်း ကိုယ်စားပြုမှာမဟုတ်ကြောင်း သံအမတ်ကြီးက ပြောပါတယ်။

စစ်တပ်ဟာ အတုအယောင်ရွေးကောက်ပွဲ ကျင်းပခြင်းအားဖြင့် တရားဝင်မှုရဖို့ ကြိုးပမ်းနေတာဖြစ်တယ်၊ စစ်တပ်က နိုင်ငံရေးခေါင်းဆောင်တွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး ကျင်းပတဲ့ ဘယ်ရွေးကောက်ပွဲမဆို စစ်မှန် တရားမျှတ၊ လွတ်လပ်မျှတမှု ရှိမှာမဟုတ်၊ အတုအယောင်ရွေးကောက်ပွဲဟာ မြန်မာနိုင်ငံအခင်းအကျင်းအား ဖြေရှင်းနိုင်မယ့် နည်းလမ်းမဟုတ်ဘဲ နိုင်ငံတဝန်း သွေးချောင်းစီးမှုများကိုသာ ပိုမိုဖြစ်ပေါ်စေမယ်လို့ သံအမတ်ကြီးက ပြောပါတယ်။

မြန်မာပြည်သူတွေ နိုင်ငံတကာအသိုက်အဝန်းထံမှ အကူအညီလိုအပ်ကြောင်း၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၊ အထွေထွေညီလာခံနဲ့ နိုင်ငံတနိုင်ငံချင်းစီမှ ညှိညှိနှိုင်းနှိုင်း ဆုံးဖြတ်တဲ့ တိကျပြတ်သားတဲ့ အရေးယူဆောင်ရွက်ချက်တွေ လိုအပ်နေတယ်လို့ ဆိုပါတယ်။

စစ်တပ်ထံ လက်နက်စီးဆင်းမှု၊ လေယာဉ်ဆီရောင်းချမှုနဲ့ ငွေကြေးစီးဆင်းမှုတို့ကို ဖြတ်တောက်ပေးဖို့နဲ့ လိုအပ်နေတဲ့ ပြည်သူတွေကို လူသားချင်းစာနာထောက်ထားမှု အကူအညီတွေ ထောက်ပံ့ပေးဖို့၊ ကြီးလေးတဲ့ နိုင်ငံတကာပြစ်မှုတွေ ကျူးလွန်သူတွေကို နိုင်ငံတကာရာဇဝတ်တရားရုံးသို့ အမှုတင်သွင်း ပြစ်ဒဏ်ချမှတ်ပေးဖို့ သံအမတ်ကြီးက တောင်းဆိုသွားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013