DVB Logo
Home
မြန်မာသတင်း
မြန်မာပြည်အရေး တရုတ်ကြားဝင်ဆောင်ရွက်မှုကို မြောက်ပိုင်းအဖွဲ့များ ထောက်ခံကြိုဆို
DVB
·
March 17, 2023
မြန်မာပြည်အရေး တရုတ်ကြားဝင်ဆောင်ရွက်မှုကို မြောက်ပိုင်းအဖွဲ့များ ထောက်ခံကြိုဆို
Donate to DVB

မြန်မာနိုင်ငံမှ ဖြစ်ပွားနေတဲ့ ပြည်တွင်းပဋိပက္ခတွေ ပြေလည် ချုပ်ငြိမ်းနိုင်ရေးအတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံရဲ့ ကြားဝင်ဆောင်ရွက်မှုတွေအပေါ် ကြိုဆိုထောက်ခံတယ်လို့ မတ်လ ၁၆ ရက်မှာ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ (FPNCC )အဖွဲ့တွေက ပူးတွဲ ထုတ်ပြန်ပါတယ်။

မြောက်ပိုင်းမဟာမိတ် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့တွေနဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုနိုင်ငံရေးဆွေးနွေးညှိနှိုင်းရေး ကော်မတီ ( FPNCC) ရဲ့ ထိပ်သီး ခေါင်းဆောင်များ အစည်းအဝေးကို ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ မတ်လ ၁၅ ရက်နဲ့ ၁၆ ရက်တို့မှာ ၂ ရက်တာ ကျင်းပခဲ့ပြီးနောက် အခုလိုထုတ်ပြန်လာတာဖြစ်ပါတယ်။

အဲဒီအစည်းအဝေးကို FPNCC အဖွဲ့ဝင် ၇ ဖွဲ့ဖြစ်တဲ့ “ဝ” ပြည်သွေးစည်းညီညွတ်ရေးပါတီ(UWSA)၊ ကချင်လွတ်လပ်အဖွဲ့(KIO)၊ ရှမ်း/ရှေ့ အထူးဒေသ(၄) ငြိမ်းချမ်းရေးနှင့် စည်းလုံးရေး ကော်မတီ(PSC)၊ ရှမ်းပြည်တိုးတက်ရေးပါတီ(SSPP)၊ မြန်မာနိုင်ငံအမှန်တရားနှင့် တရားမျှတသောအမျိုးသားပါတီ(MNTJP)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်(ULA)၊ ပလောင်ပြည်နယ် လွတ်မြောက်ရေးတပ်ဦး(PSLF) တို့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

အစည်းအဝေးအတွင်းမှာ အဖွဲ့အစည်း အသီးသီးက ၂၀၂၁ ခုနှစ်နောက်ပိုင်း တိုးမြင့်ဖြစ်ပေါ်လာတဲ့ ပြည်တွင်ပဋိပက္ခတွေနဲ့ ကိုဗစ်-၁၉ စတင်ဖြစ်ပွားချိန်က ဖြစ်ပွားခဲ့တဲ့ ပြည်တွင်း၊ ပြည်ပ ရေးရာတွေကို ပြန်လည်ဆွေးနွေးခဲ့ကြပြီး အဖွဲ့တစ်ဖွဲ့ချင်းစီရဲ့ အဖွဲ့အစည်းအတွင်း တည်ဆောက်မှု အခြေအနေတွေနဲ့ အဖွဲ့အစည်းတိုင်းက အလေးထားတဲ့ အကြောင်းကိစ္စတွေကို ပွင့်ပွင့်လင်းလင်း မှတ်ချက်ပေးဆွေးနွေးခဲ့ကြတယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင် မြန်မာပြည်တွင်းရေးနဲ့ ပတ်သက်လို့ နယ်စပ်ဒေသရှိ လူနည်းစု တိုင်းရင်းသားလူမျိုးတွေ အနေနဲ့ ဗမာပြည်မနဲ့ အလုံးစုံ ငြိမ်းချမ်းရေးတည်ဆောက်ပြီး ဖယ်ဒရယ်ဒီမိုကရေစီပြည်ထောင်စုတစ်ရပ်ကို တည်ထောင်ကြမယ်လို့ ယူဆထားတယ်လို့ ဆိုထားပြီး အဲဒီအယူအဆတွေကို အကောင်အထည်ဖော်ဖို့ နည်းလမ်းမျိုးစုံ ရှိပေမဲ့ နောက်ဆုံးမှာ မိမိတို့ လူနည်းစု တိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးရမယ်လို့ ထုတ်ပြန်ချက်မှာ ရေးသားထားပါတယ်။

ဒါအပြင် FPNCC အဖွဲ့ဝင် တိုင်းကလည်း ကိုဗစ်-၁၉ ကာလအတောအတွင်းမှာ အခက်အခဲတွေကို ရင်ဆိုင်ကျော်ဖြတ်နိုင်အောင် သဘောထားပြည့်ဝစွာနဲ့ နှောင်ကြိုးမဲ့ အကူအညီတွေ ပေးခဲ့တဲ့ တရုတ်အစိုးရကို ကျေးဇူးတင်ရှိပြီး ကိုဗစ်-၁၉ ကပ်ရောဂါ ကာလအလွန်တွေမှာလည်း တရုတ်အစိုးရနဲ့ ဆက်လက် လက်တွဲပြီး နယ်စပ်ဒေသတည်ငြိမ်ရေးကို တိုးမြှင့်ဆောင်ရွက်ရင်း ကျန်းမာရေး၊ လူမှုရေး၊လူဝင်မှု၊ ကုန်သွယ်ကူးသန်းသွားလာရေးအပိုင်းနဲ့ တခြားသော ကဏ္ဍအသီးသီးတွေမှာလည်း ပူးပေါင်းလုပ်ဆောင်သွားကြမယ်လို့ ဖော်ပြထားပါတယ်။

အခု အစည်းအဝေးအနေနဲ့ အဖွဲ့ဝင် အဖွဲ့အစည်းတွေကြား တချို့သောလုပ်ဆောင်ချက်တွေကို တင်ပြတာတွေ၊ ဖလှယ်တာတွေနဲ့ ဆွေးနွေးခြင်းတွေကို ပြုလုပ်ခဲ့ကြပြီး အဖွဲ့အစည်းတွေကြား နားလည်မှု၊ ယုံကြည်မှု၊ ပူးပေါင်းမှုတွေနဲ့  ရင်းနှီးမှုတွေကို တိုးမြှင့်နိုင်ခဲ့ကြတယ်လို့ ထုတ်ပြန်ချက်မှာ ဆိုထားပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလနဲ့ ဖေဖော်ဝါရီလက FPNCC အဖွဲ့ဝင်တွေနဲ့ တရုတ်နိုင်ငံခြားရေးဌာန အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းတို့ တွေ့ဆုံခဲ့ပြီးနောက် FPNCC တပ်ဖွဲ့ဝင်တွေ အချင်းချင်း တွေ့ဆုံခဲ့ကြတာဖြစ်ပါတယ်။

အခု အစည်းအဝေးကို ရက္ခိုင့်တပ်တော် တပ်မှူးချုပ် ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဦးဆောင်တဲ့ ကိုယ်စားလှယ်အဖွဲ့လည်း တက်ရောက်ခဲ့ပါတယ်။

အာရှရေးရာအထူးကိုယ်စားလှယ် တိန်ရှီကျင်းဟာ မတ်လ ပထမအပတ်က နေပြည်တော်မှာ အာဏာသိမ်း စစ်ခေါင်းဆောင်နဲ့ တွေ့ဆုံခဲ့ပါတယ်။

FPNCC ကို တနိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူချုပ်(NCA) မှာ ပါဝင်လက်မှတ် ရေးထိုးထားခြင်း မရှိသေးတဲ့ တိုင်းရင်းသား လက်နက်ကိုင် ၇ ဖွဲ့နဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013