
နယူးယောက်မြို့၊ ဘရွတ်ကလင်းတံတားပေါ်မှာ စက်တင်ဘာ ၄ ရက် မနက်အစောပိုင်းက ဓားကိုင်ဆောင်ထားတဲ့ အမျိုးသားတယောက်ကို ရဲတပ်ဖွဲ့က ပစ်ခတ်ခဲ့လို့ သေဆုံးသွားခဲ့ပါတယ်။
ရဲတွေက သူ့ကို အောက်ဆင်းလာဖို့ တနာရီနီးပါးကြာ ဖျောင်းဖျပြောဆိုခဲ့ပေမဲ့ နောက်ဆုံးမှာ ဓားနဲ့ အနီးကပ် ချဉ်းကပ်လာခဲ့တာကြောင့် ပစ်ခတ်ခဲ့ရတာလို့ ဆိုပါတယ်။
မနက် ၃ နာရီ ၂၈ မိနစ်လောက်မှာ တံတားရဲ့ သံယက်မတွေပေါ် အမျိုးသားတယောက် လမ်းလျှောက် နေတယ်ဆိုတဲ့ သတင်းကြောင့် ရဲတွေ ရောက်ရှိသွားခဲ့တာပါ။ အဲဒီနောက် သူ့ကို တံတားကြိုးတန်းတွေပေါ်မှာ တွေ့ခဲ့ရတာပါ။
အရေးပေါ် ဝန်ဆောင်မှုတပ်ဖွဲ့ (ESU) က ရဲအရာရှိတွေဟာ တံတားပေါ် တက်သွားခဲ့ပြီး သူ့ကို အန္တရာယ်ကင်းကင်း အောက်ဆင်းလာဖို့ နားချရင်း ကိုင်ထားတဲ့ ဓားကို စွန့်လွှတ်ဖို့ အကြိမ်ကြိမ် အမိန့်ပေးခဲ့တယ်လို့ ESU တပ်မှူး ဂျရတ် ဒေါင်းလင်းက ပြောပါတယ်။
တနာရီလောက် ကြာပြီးတဲ့နောက်မှာ အဲဒီအမျိုးသားဟာ တံတားမှာ ဘေးကင်းအောင် ချိတ်တွယ် ထားတဲ့ ရဲအရာရှိတွေဆီ ကြိုးတန်းအတိုင်း ခပ်သွက်သွက် ဆင်းလာခဲ့ပါတယ်။
ရဲအရာရှိတယောက်နဲ့ ၃ ပေလောက် အကွာအထိ ကပ်လာပြီး ဓားကို မြှောက်လိုက်တဲ့ အချိန်မှာတော့ လမ်းမပေါ်မှာရှိနေတဲ့ ESU အဖွဲ့ဝင်တယောက်က သေနတ်နဲ့ တချက် ပစ်ခတ် ခဲ့တာပါ။
အဲဒီအမျိုးသားကို ဘဲလ်ဗျူးဆေးရုံကို တင်ပို့ခဲ့ပေမဲ့ သေဆုံးသွားခဲ့ကြောင်း အတည်ပြုခဲ့ပါတယ်။ အခင်းဖြစ်ပွားရာနေရာကနေ ဓားတချောင်းနဲ့ လက်နှိပ်ဓာတ်မီးတလက်ကို ရဲတွေက သိမ်းဆည်း ရမိခဲ့ပါတယ်။
Source:Reuters











