DVB Logo
Home
မြန်မာသတင်း
မန္တလေးတွင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီး ၁ ဦး အနုကြမ်းစီး သတ်ဖြတ်ခံရ
DVB
·
March 15, 2023
မန္တလေးတွင် ကုန်စုံဆိုင်ပိုင်ရှင် အမျိုးသမီး ၁ ဦး အနုကြမ်းစီး သတ်ဖြတ်ခံရ
Donate to DVB

မန္တလေးတိုင်း၊ ချမ်းမြသာစည်မြို့နယ်၊ မြရည်နန္ဒာရပ်ကွက်မှာ မတ် ၁၄ ရက် မနက် ၅ နာရီခွဲလောက်က ကုန်စုံဆိုင်ထဲမှာ အမျိုးသမီးတဦး ဓားခုတ်ရာတွေနဲ့ သေဆုံးနေတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

သေဆုံးသူဟာ အသက် ၄၇ နှစ်အရွယ် အမျိုးသမီးဖြစ်ပြီး ၄၉ လမ်း၊ ၁၁၄ လမ်း × ၁၁၅ လမ်းကြားမှာ နေအိမ်တွဲရက် ကုန်စုံဆိုင် ဖွင့်ထားတာပါ။

ဓားဒဏ်ရာတွေဟာ မျက်နှာနဲ့ ရင်ဘတ်တွေမှာဖြစ်ပြီး ထိုးသွင်းဒဏ်ရာ ၂ ချက် ရှိနေတဲ့အပြင် ကုန်စုံဆိုင်အံဆွဲက ပိုက်ဆံတွေနဲ့ သိမ်းထားတဲ့ ရွှေထည်တွေ ပျောက်ဆုံးနေပါတယ်။

“သူက အိမ်မှာ ကုန်စုံဆိုင်လေးပဲ ဖွင့်ထားတာ။ ခုတ်ခံထားရတဲ့ ဒဏ်ရာက ၁၀ ချက်ကျော်တယ်။ အံဆွဲထဲက ပိုက်ဆံတွေ ပါသွားတယ်။ ရွှေဆိုလည်း သူက မဝတ်ဘဲ သိမ်းထားတာ။ အဲဒါတွေပါ သူခိုးတွေက မွှေနှောက်ယူသွားတယ်” လို့ မိသားစုနဲ့ နီးစပ်သူတွေက ပြောပါတယ်။

အိမ်နီးနားချင်းတွေရဲ့ ပြောပြချက်အရ မနက် ၅ နာရီကျော်လောက်မှာ သူနေထိုင်တဲ့ ခြံဝင်းထဲ လမ်း‌လျှောက်နေတာ မြင်ရတယ်လို့ သိရပြီး နေထိုင်တဲ့အိမ်ထဲ ပြန်ဝင်ချိန်မှာ ဓားနဲ့ ခုတ်သတ်ခံလိုက်ရတာပါ။

“အနုကြမ်းစီးပြီး သတ်သွားတဲ့ပုံစံပါ။ သတ်သွားတာကလည်း လူမဆန်စွာ သတ်သွားတာ။ မျက်နှာကိုချည်း ခုတ်သွားတာ ၆ ချက်လောက် ရှိတာကိုး။ ရင်ဘတ်နဲ့ ဝမ်းဗိုက်မှာ ထိုးသွင်းဒဏ်ရာ ၂ ချက်၊ သူက မနက် ၅ နာရီလောက်မှာ ခြံထဲ လမ်းလျှောက်နေသေးတယ် ပြောတယ်။ ၆ နာရီနဲ့ ၅ နာရီကြားထဲမှာ ဖြစ်သွားတာပါ” လို့ မြို့ခံလူမှုကူညီရေးအသင်းတခုက ပြောပါတယ်။

ခြံဝင်းရဲ့ နောက်ဖေးတံခါးက ပွင့်နေတဲ့အပြင် ခြံစည်းရိုးတွေကလည်း ခွကျော်ရုံလောက်ပဲ ရှိပြီး ၄၉ လမ်းအဝ တံခါးပေါက်ပွင့်ကာ သွေးစက်တွေ တွေ့ရတယ်လို့ သိရပါတယ်။

သေဆုံးသူနေတဲ့ခြံထဲမှာ တဦးတည်းနေတာဖြစ်ပြီး ဝပ်ရှော့ဆိုင်ခန်းတခန်း အငှားချထားတာ ဖြစ်ပေမဲ့ ညအိပ်လေ့မရှိဘူးလို့ သိရပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း မန္တလေးမှာ ဓားပြမှု၊ ဓားခုတ်၊ ဆိုင်ကယ်လုမှုနဲ့ လုယက်မှုတွေ ပေါများလာခဲ့ပြီး အခုဖြစ်စဉ်နဲ့ပတ်သက်လို့ ချမ်းမြသာစည်ရဲစခန်းကို ဆက်သွယ်မေးမြန်းပေမဲ့ ပြန်လည်ဖြေကြားခြင်း မရှိပါဘူး။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013