DVB Logo
Home
မြန်မာသတင်း
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပပျောက်ရေး လက်တွေ့လုပ်ရန် တိုက်တွန်း
DVB
·
June 10, 2014
အမျိုးသမီးများ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ခံရမှု ပပျောက်ရေး လက်တွေ့လုပ်ရန် တိုက်တွန်း
Donate to DVB

ပဋိပက္ခအတွင်း အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု အဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာ သဘောတူညီချက်ကို မြန်မာအစိုးရက ထောက်ခံခဲ့တဲ့ အပေါ် မြန်မာအမျိုးသမီးအဖွဲ့အစည်းတွေက သတိနဲ့ ကြိုဆိုလိုက်ကြပြီး လက်တွေ့အကောင်အထည်ဖော်ဖို့ တိုက်တွန်းလိုက်ကြပါတယ်။

s465_GOV_advertဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ၀ီလျံဟိတ်နဲ့ ကုလသမဂ္ဂဒုက္ခသည်များ ဆိုင်ရာ မဟာမင်းကြီးရုံး သံတမန် အင်ဒရီနာဂျိုလီတို့ ဦးဆောင်တဲ့ ပဋိပက္ခအတွင်း အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုပပျောက်ရေး ကမ္ဘာလုံးဆိုင်ရာ လှုပ်ရှားမှုကို မြန်မာနိုင်ငံက ၁၅၀ နိုင်ငံမြောက်အဖြစ် သဘောတူထောက်ခံတာကို ရန်ကုန်အခြေစိုက် ဗြိတိန်သံရုံးက စနေနေ့က ကြေညာခဲ့ပါတယ်။

မြန်မာအစိုးရရဲ့ လက်မှတ်ထိုးမှုဟာ ဗြိတိန်နိုင်ငံ လန်ဒန်မှာ ဇွန် ၁၀ ရက်ကနေ ၁၃ ရက်ထိ ကျင်းပမယ့် ပဋိပက္ခဖြစ်စဉ်မှာ အမျိုးသမီးတွေကို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှု အဆုံးသတ်ရေး ကမ္ဘာလုံးဆိုင်ရာ အစည်းအဝေးကျင်းပမယ့်ရက်မတိုင်ခင် လေးရက်အလိုမှာ သဘောတူခဲ့တာဖြစ်ပါတယ်။

ဒီအစည်းအဝေးကို မြန်မာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဦးသန်းကျော်လည်း တက်ရာက်မှာဖြစ်သလို ပြည်တွင်းပြည်ပ အမျိုးသမီးအဖွဲ့အစည်းတွေ အရပ်ဘက် အဖွဲ့အစည်းတွေရဲ့ ကိုယ်စားလှယ်တွေလည်း တက်ရောက်ကြမှာဖြစ်ပါတယ်။

မြန်မာအစိုးရရဲ့ သဘောတူညီချက်လက်မှတ်ထိုးတဲ့အပေါ် အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) က အတွင်းရေးမှူးအဖွဲ့ဝင် မဂျူလီယာက အဖွဲ့အနေနဲ့ နိုင်ငံတကာမှာ ဆော်သြခဲ့ကြောင်းနဲ့ သတိနဲ့ကြိုဆိုကြောင်းပြောပါတယ်။

“ပြီးခဲ့တဲ့ရက်မှာ သူတို့က လက်မှတ်ထိုးတယ်ဆိုတဲ့ သတင်းထွက်လာတော့ အရမ်းအံ့သြပြီးမှ ၀မ်းသာ ကြိုဆိုခဲ့တယ်ပေါ့နော်။ ဘာဖြစ်လို့လဲဆိုတော့ အစိုးရက ဒီလိုမျိုး လက်မှတ်ထိုးလိုက်ခြင်းအားဖြင့် တစုံတရာပေါ့နော် မြန်မာနိုင်ငံမှာ တိုင်းရင်းသူတွေ ခံစားနေရတဲ့ အမျိုးသမီးတွေအပေါ် လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကတော့ တစုံတရာ တာဝန်ယူမှု၊ တာဝန်ခံမှု ရှိလာမယ်လို့ ကျမတို့ မျှော်လင့်ပါတယ်။ ”

အမျိုးသမီးများအဖွဲ့ချုပ် (မြန်မာနိုင်ငံ) ဟာ နှစ်ဆန်းပိုင်းကလည်း ဦးသိန်းစိန် အစိုးရလက်ထက် အမျိုးသမီးတွေအပေါ် အကြမ်းဖက်မှုတွေနဲ့ ပတ်သက်လို့ “မပြောင်းလဲသေးတဲ့ စနစ်များ” ဆိုတဲ့ စာအုပ် ထုတ်ဝေခဲ့ပါသေးတယ်။

၈၈ မျိုးဆက် (ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်း) အမျိုးသမီးရေးရာ ဒုတိယတာဝန်ခံ ဒေါ်မီးမီးက မြန်မာအစိုးရရဲ့ သဘောတူထောက်ခံမှုအပေါ် ခုလို သဘောထားပေးပါတယ်။

“ကျမတို့နိုင်ငံအနေနဲ့ကတော့ စာချုပ်စာတမ်းတွေကို ဒီမတိုင်မီလည်း စီဒေါ (အမျိုးသမီးများကို နည်းမျိုးစုံဖြင့် ခွဲခြား ဆက်ဆံမှု ပပျောက်ရေးဆိုင်ရာ သဘောတူစာချုပ်) တို့ ဘာတို့ လက်မှတ်ထိုးခဲ့တာရှိတယ်။ လူ့အခွင့်အရေးနဲ့ပတ်သက်ပြီးလည်း လက်မှတ်ထိုးခဲ့တာတွေ ရှိတယ်။ အဓိကက လက်မှတ်ထိုးခြင်းဟာ စားပွဲပေါ်မှာပဲ ထိုးတာဖြစ်ပြီးတော့ တကယ်တမ်း ထိထိရောက်ရောက် အကျိုးသက်ရောက်မှုမရှိဘူး။ မြန်မာပြည်သူလူထုကို အကာအကွယ် မပေးနိုင်ဘူးဆိုရင် ကျမတို့က စောင့်ကြည့်ရမယ့် အနေအထားတခုပါ။ လက်မှတ်ထိုးတဲ့ စာချုပ်ပေါ်မှာ ပါတဲ့ ကတိက၀တ်တွေအတိုင်း ကျမတို့နိုင်ငံ အစိုးရအနေနဲ့ ပြည်သူပေါ်မှာ စောင့်ရှောက်စေချင်တယ်” လို့ ပြောပါတယ်။

ကချင်ငြိမ်းချမ်းရေးကွန်ရက်က ဒေါ်ခွန်ဂျာကတော့ လွန်ခဲတဲ့ ၁၅ နှစ်ခန့်က ကရင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေမှာဖြစ်ခဲ့တဲ့ စစ်တပ်က အဓမ္မပြုကျင့်မှုတွေဟာ အခု လက်ရှိကာလမှာ ပုံစံတူထပ်ဖြစ်နေတာကြောင့် စနစ်တခုလို ဖြစ်နေပြီး ကချင်ပြည်တခုတည်းတင် အမျိုးသမီး ၁၃၀ ကျော် အစိုးရတပ်ရဲ့ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်ကျူးလွန်မှု ဖြစ်ပွားခဲ့တယ်လို့ ဆိုပါတယ်။

သူက အစိုးရအနေနဲ့ လက်မှတ်ထိုးရုံတင်မဟုတ်ဘဲ ဒီစနစ်ပပျောက်အောင် ပြုပြင်ပြောင်းလဲရေးလုပ်ရမယ်လို့ ပြောပါတယ်။

“နောက်တခုက လက်မှတ်ထိုးရုံနဲ့ အဆင်မပြေပါဘူး။ လက်မှတ်ထိုးပြီး အကောင်အထည်ဖော်ပေးရမှာဖြစ်ပါတယ်။ ကျူးလွန်တဲ့သူကို ထိုက်သင့်တဲ့ပြစ်ဒဏ် ပေးရမှာဖြစ်ပါတယ်။ အခုတော့ မုဒိမ်းကျင့်လိုက်တယ်၊ ကျူးလွန်လိုက်တယ်။ ဗလက်ကာယလုပ်လိုက်တယ်၊ ပြီးလို့ရှိရင် သူတို့ကို ဘယ်သူမှ အရေးယူပြီးမှ အပြစ်ပေးခြင်း မရှိတဲ့အခါမှာ နောက်ထပ်လူတွေလည်း ထပ်ပြီးကျူးလွန်ဖို့အတွက် အလားအလာရှိပါတယ်။ ဒီလို ထပ်ထပ် ကျူးလွန်ကြောင့်လည်း (System) စနစ်တခုလိုတောင်ဖြစ်နေပါတယ်။ ဒါကြောင့် ဒီ system ကြီးကို တိုက်ဖျက်ဖို့ ဆိုလို့ရှိရင် လက်မှတ်လည်း ထိုးရမယ်၊ အကောင်အထည်လည်း ဖော်ရမှာဖြစ်ပါတယ်။ ပြောတဲ့အတိုင်းလုပ်ရမယ်။”

လန်ဒန်အခြေစိုက် ဘားမားကမ်ပိန်းယူကေကလည်း မြန်မာအစိုးရက အမျိုးသမီးတွေပေါ် အကြမ်းဖက်မှုပပျောက်ရေး နိုင်ငံတကာသဘောတူညီချက်ကို ထောက်ခံရုံနဲ့ ကျေနပ်မနေကြဘဲ လက်တွေ့အကောင်အထည်ဖော်တဲ့အထိ ဆက်လက်ဖိအားပေး တိုက်တွန်းကြဖို့ ကြေညာချက်ထုတ်ပြန် တိုက်တွန်းခဲ့ပါတယ်။

ဗြိတိန်က ဦးစီးလုပ်ဆောင်တဲ့ ဒီနိုင်ငံတကာသဘောတူညီချက် လှုပ်ရှားမှုမှာ နိုင်ငံပေါင်း ၂၀၀ ခန့်အနက် မြန်မာအပါအ၀င် နိုင်ငံပေါင်း ၅၀ လောက်က ထောက်ခံဖို့ ငြင်းဆန်နေရာက မြန်မာက ထောက်ခံဖို့ သဘောတူခဲ့တာဖြစ်ပါတယ်။

ရှမ်းပြည်နယ်မှာ အမျိုးသမီး ၆၂၅ ဦးကို အစိုးရတပ်ဖွဲ့တွေက မုဒိမ်းမှုနဲ့ တခြား လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှု ၁၇၃ မှု ကျူးလွန်ခဲ့တယ်ဆိုတဲ့ “မုဒိမ်းပြုကျင့်ခွင့်လိုင်စင်” စာအုပ်ကို ရှမ်းလူ့အခွင့်အရေးဖောင်ဒေးရှင်းနဲ့ ရှမ်းအမျိုးသမီးအဖွဲ့က ၂၀၀၂ ခုနှစ်တုန်းက ထုတ်ဝေဖြန့်ချိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013