DVB Logo
Home
မြန်မာသတင်း
ကျွန်းလှပြည်သူများကို စစ်တပ်က ပြည်သူ့စစ်သင်တန်း အတင်းအကျပ် တက်ခိုင်း
DVB
·
March 13, 2023
ကျွန်းလှပြည်သူများကို စစ်တပ်က ပြည်သူ့စစ်သင်တန်း အတင်းအကျပ် တက်ခိုင်း
Donate to DVB

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်က ပြည်သူတွေကို စစ်ကောင်စီက ပြည်သူ့စစ်သင်တန်း မတက်မနေရ အတင်အကျပ်စေခိုင်းပြီး စစ်တိုက်ရာမှာလည်း ပါဝင်ခိုင်းနေတာကြောင့် ဒေသခံတွေ မကျေမနပ် ဖြစ်နေကြပါတယ်။

စစ်တပ်က ပြည်သူတွေကို အတင်းအကျပ်စေခိုင်းရာမှာ အဓိက ဦးဆောင်သူတွေက ဘုန်းကြီးဦးဝါသဝနဲ့ မကျီးအင်းဆရာတော်တို့က ပြုလုပ်နေတာလို့ ဒေသခံတွေက ပြောပါတယ်။

“ပထမက ပျူသင်တန်းမတက်မနေရ တက်ခိုင်းပြီး ကင်းစောင့်ခိုင်းတာတွေ လုပ်ခိုင်းတယ်ဗျ။ ကင်းစောင့်ရတာက ဘာမှမဖြစ်သေးဘူး၊ အခုဆိုရင် စစ်ကြောင်းထွက်ရင်လည်း ကျနော်တို့ကို မလိုက်မနေရခေါ်တယ်။ အဲလို စစ်ကြောင်းလိုက်ရပြီဆိုရင်လည်း သူတို့ရဲ့ ရှေ့ကနေ သွားခိုင်းတယ်။ ပြောခြင်တာက သူတို့က စစ်တိုက်မသွားရင်လည်း ရွာထဲမှာ အရက်သောက်၊ ဖဲရိုက်ပြီး စခန်းထဲ နှပ်နေကြတာ။ ကျနော်တို့ကတော့ ကင်းစောင့်၊ မြေကျင်းတူး အဲတာတွေလုပ်ရတယ်။ အဲတာတွေမလုပ်နိုင်ဘူးဆိုရင်လည်း ဘုန်းကြီးက ရွာအပြင်ထုတ်မယ်ဆိုလို့ လုပ်နေရတာ၊ အခုလို လုပ်ကိုမလုပ်ခြင်တော့ဘူး”  လို့ ဒေသခံတဦးက ပြောပါတယ်။

အတင်းအကျပ် စေခိုင်းခံနေရတဲ့ ရွာတွေကတော့ ကျွန်းလှမြို့နယ် စံပြရွာ၊ သဖန်းဆိပ်ရွာ၊ အုတ်ဖိုရွာက ပြည်သူအများစုဖြစ်တယ်လို့ ဆိုပါတယ်။

ဒေသခံ နောက်တဦးက “ကျနော်တို့ရွာတော့ ပျူစောထီးတွေက ခိုင်းနေတာဗျ။ အလှည့်ကျ ဆယ်အိမ်စုလိုက် ကင်းစောင့်ရမယ်ပေါ့နော်။ ကင်းမစောင့်ချင်တဲ့လူတွေက တောထဲမှာ နေကြပေါ့။ မြို့မှာနေ‌ရင်တော့ ကင်းစောင့်ရမယ် အဲ့လိုမျိုး ပြောပြီး ခေါ်ခိုင်းနေတာဗျ။ ကျနော်တို့ပြည်သူတွေကတော့ ဒီခေတ်ကြီး မြန်မြန်ပြီးပါစေလို့ ဆုတောင်းမိတယ်။ နှစ်ဖက်ကြားမှာ နေရတာ အခက်သားဗျ။ ပြည်သူဘဝကတော့ နီးရာဓားကြောက်နေရတယ်” လို့ ပြောပါတယ်။

ဒီနေ့ မတ် ၁၃ ရက်နေ့မှာလည်း ကျွန်းလှမြို့၊ ပျဉ်းမမြိုင် ရပ်ကွက် ဒေသခံတွေကို အစည်းအဝေး တရပ်လုပ်ပြီး အလှည့်ကျ ကင်းစောင့်ခိုင်းတဲ့ကိစ္စနဲ့ ပတ်သက်ပြီး ဆွေးနွေးနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း ကျွန်းလှမြို့နယ်မှာ ပြည်သူ့စစ်လို့ခေါ်တဲ့ ပျူစောထီးတွေ ဖြစ်လာဖို့ ဦးဝါသဝလို့ခေါ်‌တဲ့ ဘုန်းကြီးက ဦးဆောင်နေပြီး ကန့်ဘလူမြို့နယ်အတွင်းက ကျေးရွာတွေကိုလည်း စစ်ကောင်စီတပ် နယ်မြေရှင်းလင်းရေးလုပ်တိုင်း ရွာတွေကို မီးရှို့ ဖျက်ဆီးနေကြတယ်လို့ ကျွန်းလှမြို့နယ်ပြည်သူတွေက ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013