DVB Logo
Home
မြန်မာသတင်း
ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို စစ်ကောင်စီက ၃ နှစ်စာပေါင်းကျင်းပမည်၊ အကယ်ဒီရွှေကြိုများ ဖိတ်ခေါ်
DVB
·
March 12, 2023
ရုပ်ရှင်အကယ်ဒမီဆုပေးပွဲကို စစ်ကောင်စီက ၃ နှစ်စာပေါင်းကျင်းပမည်၊ အကယ်ဒီရွှေကြိုများ ဖိတ်ခေါ်
Donate to DVB

ကိုဗစ်-၁၉ ကပ်ရောဂါနဲ့ စစ်တပ်အာဏာသိမ်းမှုကြောင့် မကျင်းပနိုင်ခဲ့တဲ့ မြန်မာ့ရုပ်ရှင်ထူးချွန်ဆု အကယ်ဒမီ ချီးမြှင့်ပွဲအခမ်းအနားကို  ၂၀၁၉ ခုနှစ်၊ ၂၀၂၀ ပြည့်နှစ်နဲ့ ၂၀၂၂ ခုနှစ်တွေအတွက် ၃ နှစ်စာ ပေါင်းပြီး ကျင်းပဖို့ စစ်ကောင်စီက စီစဉ်နေပါတယ်။ 

အကယ်ဒမီပေးပွဲပြန်ကျင်းပဖို့ စစ်ကောင်စီ ပြန်ကြားရေးဝန်ကြီး ဦးမောင်မောင်အုန်းက မတ် ၁၀ ရက်က ရန်ကုန်၊ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေး ဌာနခွဲ အစည်းအဝေးခန်းမမှာ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံး တာဝန်ရှိသူတွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့  စစ်ကောင်စီပြန်ကြားရေးသတင်းမှာဖော်ပြပါတယ်။

မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအောင်မြင်စွာ ကျင်းပနိုင်ခြင်းထက် မြန်မာ့ရုပ်ရှင်လောကကြီး စင်မြင့်ပေါ် ပြန်လည်ရောက်ရှိဖို့ အရေးကြီးပါကြောင်း၊ ရုပ်ရှင်လောကကြီး ပြန်လည်အသက်ဝင် လှုပ်ရှားဖို့ အချိန်အခါရောက်ပြီ ဖြစ်ပါကြောင်း၊ အကယ်ဒမီဆုပေးပွဲဟာ ရုပ်ရှင်လောကတခုတည်းအတွက်မဟုတ်ဘဲ ရုပ်ရှင်၊ သဘင်၊ ဂီတလောကသားတွေ ပြန်လည်သက်ဝင်လှုပ်ရှား လာမယ့်ပွဲဖြစ်လို့ အားလုံးကဝိုင်းဝန်းကူညီ ဆောင်ရွက်ပေးကြဖို့ စစ်ကောင်စီဝန်ကြီးက ပြောပါတယ်။

ဒီနောက် စစ်ကောင်စီဝန်ကြီး ဦးမောင်မောင်အုန်းနဲ့ စစ်ကောင်စီခန့် ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးစိုးသိန်းတို့က ရန်ကုန်မြို့ သမ္မတရုပ်ရှင်ရုံမှာ ပြသနေတဲ့ The Teacher ရုပ်ရှင် ဇာတ်ကားကို  သွားရောက်ကြည့်ရှုအားပေးကြပါတယ်။ 

အကယ်ဒီပေးပွဲကို ဘယ်နေ့ကျင်းပမယ်ဆိုတာ ထုတ်ဖော်ကြေညာတာမရှိသေးပေမဲ့ ၃ နှစ်စာ အကယ်ဒမီပေးပွဲအတွက် အကယ်ဒီရွှေကြို အမျိုးသမီးအမျိုးသားတွေ မတ် ၁၃ ရက်ကစပြီး မတ် ၂၄ ရက် နောက်ဆုံးထားပြီး လျှောက်ထားနိုင်တဲ့အကြောင်း မြန်မာနိုင်ငံ ရုပ်ရှင်အစည်းအရုံးက ဒီအစည်းအဝေးအပြီးမှာ ကြော်ငြာထားပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ စစ်တပ်က နိုင်ငံတော်အာဏာကို တရားမဝင်သိမ်းလိုက်ပြီးနောက် နိုင်ငံတဝန်းပြည်သူလူထုတွေက ဆန့်ကျင်ဆန္ဒပြကြရာမှာ အနုပညာရှင်အများအပြားလည်း ဝါဝင်ခဲ့ကြပါတယ်။

ဒီနောက် အာဏာသိမ်းစစ်ကောင်စီဟာ သရုပ်ဆောင် လူမင်း၊ ရဲတိုက်၊ ဗျူးတီးဘလော့ဂ်ဂါ ဝင်းမင်းသန်း၊ မော်ဒယ်လ် ပိုင်တံခွန်၊ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့အပါဝင် ထင်ရှားတဲ့ အနုညာရှင်တွေကို ဖမ်းဆီးထောင်ချခဲ့သလို ရာဇသတ်ကြီး ဥပဒေပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ဝရမ်းထုတ်ထားခဲ့လို့ အနုပညာရှင်တွေ နိုင်ငံကနေ ထွက်ပြေးတိမ်းရှောင်ခဲ့ကြတာဖြစ်ပါတယ်။

ရုပ်ရှင်ရုံတွေကို စစ်ကောင်စီက အတင်းအကျပ် ပြန်လည်ဖွင့်လှစ်စေခဲ့တာ အချိန် ၁ နှစ်နီးပါး ရှိလာပြီဖြစ်ပေမဲ့ လာရောက်ကြည့်ရှုအားပေးတဲ့ ရုပ်ရှင်ကြည့်ပရိသတ်တွေ မရှိသလောက် နည်းပါးနေဆဲဖြစ်တယ်လို့ ရန်ကုန်မြို့ခံတွေထံက သိရပါတယ်။

ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ရုပ်ရှင်ရုံတွေကို ၂၀၂၀ ပြည့်နှစ်က စပိတ်ထားခဲ့ပေမဲ့ စစ်တပ် အာဏာသိမ်းပြီးနောက် ၂၀၂၂ ခုနှစ် ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီက ပြည်သူတွေ ပုံမှန်သွားလာနေတဲ့ ပုံရိပ်ရရှိဖို့ ရုပ်ရှင်ရုံတွေကို အတင်းအကျပ် ပြန်လည်ဖွင့်ခိုင်းခဲ့ပေမဲ့ ဒီနေ့အထိ လာရောက်ကြည့်ရှုသူ နည်းပါးနေဆဲပါ။

ပြည်သူတွေ လာရောက်ကြည့်ရှုမှု နည်းပါးတာကြောင့် ရုပ်ရှင်ရုံတွေဟာ အရှုံးပေါ်နေပြီး တချို့ရုပ်ရှင်ရုံတွေဆိုရင် အပြီးပိတ်လိုက်ရတဲ့ အခြေအနေတွေ ဖြစ်နေတယ်လို့ ရုပ်ရှင်လောကနဲ့ နီးစပ်သူက ပြောပါတယ်။

လက်ရှိ ဖွင့်လှစ်ထားတဲ့ ရုပ်ရှင်ရုံတွေဟာလည်း လျှပ်စစ်မီးပျက်တာများနေတာကြောင့် လက်မှတ်ခဈေးနှုန်းတွေကို တိုးမြှင့်ခဲ့ရပြီး လက်မှတ်တစောင်ကို အနည်းဆုံး ကျပ် ၂,၀၀၀ ကနေ စတင်ရောင်းချနေရကာ စုံတွဲခုံဆိုရင်တော့ ကျပ် ၅,၅၀၀ အထိ တိုးမြှင့်ရောင်းချနေရတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013