DVB Logo
Home
Lead Story
အာဏာသိမ်းစစ်တပ်လက်အောက်မှာ ရုန်းကန်နေရတဲ့ မန်ယူဖန်များ (ဝါ) ဆိုက္ကားဆရာများ
DVB
·
March 11, 2023
အာဏာသိမ်းစစ်တပ်လက်အောက်မှာ ရုန်းကန်နေရတဲ့ မန်ယူဖန်များ (ဝါ) ဆိုက္ကားဆရာများ
Donate to DVB

“အရင် အာဏာမသိမ်းခင်က ငါးရက်လောက် ဆိုက္ကားနင်းရင် နှစ်ရက်နားခွင့် ရှိတယ်။ ဘာလို့လဲဆိုတော့ ဝင်ငွေက မှန်တယ်။ အခုက တရက်လုပ်ပြီး ပိုက်ဆံမပြည့်တဲ့အခါရှိတော့ တရက်မှ နားခွင့်မရှိတော့ဘူး။ ကျနော် အရမ်းပင်ပန်းပေမဲ့လည်း ဆိုက္ကားပေါ်အရောက်လာပြီး ထိုင်နေရတယ်” လို့ ညည်းတွားလာသူက ဆိုက္ကားဆရာ ဦးလူကလေး ဖြစ်တယ်။

အသက် ၄၈ နှစ်အရွယ် ဦးလူကလေးက သင်္ဃန်းကျွန်းမြို့နယ်ထဲမှာ ဆိုက္ကားနင်းလာတာ ၁၆ နှစ်ဝန်းကျင် ရှိပါပြီ။ သူ့မှာ အရွယ်မရောက်သေးတဲ့ သားသမီးသုံးဦးအပြင် သူ့အမျိုးသမီးနဲ့ အသက်ကြီးပြီဖြစ်တဲ့ ဖခင်ကြီးကို ဆိုက္ကားနင်းပြီး သူတဦးတည်းကပဲ ရှာဖွေကျွေးနေတာလို့ ဆိုပါတယ်။

“ကျနော် တရက်နားလိုက်ရင် အိမ်လခ၊ မီးဖိုး၊ ရေဖိုးနဲ့ မိသားစုစားဝတ်နေရေးက ထောက်သွားမယ်။ အဲလို အခက်အခဲတွေမဖြစ်အောင် ကျနော်က ရုန်းကန်ပြီး ထွက်နေရတာ” လို့ သူက ပြောပြပါတယ်။

ဦးလူကလေးက မနက် ၆ နာရီကနေ ညနေ ၆ နာရီလောက်အထိ အိမ်ဈေးဖိုး ၁၀,၀၀၀ ကျပ် ရဖို့ ရှာရတယ်လို့ ပြောပါတယ်။ အဲဒီလိုမှမရရင် ည ၉ နာရီအထိ ဆိုက္ကားနင်းရတယ်လို့ ပြောပါတယ်။ သူ့ဆိုက္ကားနင်းသက်တမ်းတလျှောက် အခုလို ပုံမှန်ဝင်ငွေမရတာဟာ နိုင်ငံရေးတွေ ဖြစ်ပြီးကတည်းလို့ ဆိုပါတယ်။

မင်းအောင်လှိုင် ဦးဆောင်တဲ့ စစ်တပ်က ပြီးခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့မှာ အာဏာသိမ်းပြီးနောက်မှာတော့ ဦးလူကလေးတို့လို ဆိုက္ကားဆရာတွေရဲ့ဘဝဟာ အရင်အချိန်တွေနဲ့ ဆန့်ကျင်ဘက်ကို ဦးတည်သွားခဲ့ရပါတယ်။

စစ်တပ်အာဏာသိမ်းလိုက်မှုကြောင့် မြန်မာနိုင်ငံရဲ့ ကဏ္ဍစုံဟာ တဖြည်းဖြည်း ချွတ်ခြုံကျလာပြီး နိုင်ငံခြားငွေလှဲလှယ်နှုန်း မငြိမ်မသက်မှုတွေနဲ့အတူ ပြည်တွင်းကုန်ဈေးနှုန်းဟာ နှစ်ဆနီးပါး ခုန်တက်သွားပါတယ်။

“အရင်တုန်းက ငွေရှာရတာ လွယ်တယ်။ အခုကတော့ ခက်သွားတယ်။ ကုန်ဈေးနှုန်းတွေက နှစ်ဆတက်သွားတယ်။ အခုက အပ်တိုတချောင်းကို ဝယ်လိုက်ရင်တောင်  နှစ်ဆပေးဝယ်နေရတဲ့ခေတ်ကို ရောက်သွားတယ်။ အဲတော့ တနေ့လုပ်မှ တနေ့စားတဲ့ သူတွေကတော့ ပိုတောင် အခက်အခဲ တွေ့နေရတာပေါ့” လို့ ဦးလူကလေးက ညည်းတွားပါတယ်။

ကုန်ဈေးနှုန်း ကြီးမြင့်မှုဒဏ်ကို လူတန်းစား အလွှာအသီးသီးက ခံစားနေကြရပြီး မြန်မာနိုင်ငံရဲ့ အခြေခံလူတန်းစားတရပ်ဖြစ်တဲ့ ဆိုက္ကားဆရာတွေဟာ ပိုပြီးထိခိုက်နေပါတယ်။ အာဏာသိမ်းပြီးနောက် ရန်ကုန်မြို့ပေါ်က ဆိုက္ကားဆရာကြီးတွေဟာ ကုန်ဈေးနှုန်းကြီးမြင့်တာ၊ ပုံမှန်ဝင်ငွေမရတာနဲ့ နားရက်မရှိတာတွေ ကြုံတွေ့နေရတယ်လို့ ပြောကြပါတယ်။

မြန်မာပြည်က ဆိုက္ကားဆရာအများစုဟာ လမ်းပေါ်မှာ တနေကုန်တနေခန်း ရှိနေတတ်တာကြောင့် မပျင်းရလေအောင် ကွမ်းစား၊ ဆေးလိပ်သောက်တတ်ကြပါတယ်။ ဒီလို တကိုယ်ရေ အသုံးစရိတ်က အနည်းဆုံး ၂,၀၀၀ ကျပ် ဝန်းကျင်အထက်မှာ ရှိတာပါ။

စစ်တပ်အာဏာသိမ်းပြီးနောက် ကုန်ဈေးနှုန်းကြီးမြင့်တဲ့ဒဏ်ကြောင့် တရက်ရတဲ့ဝင်ငွေကို မိသားစု အိမ်အသုံးစရိတ်ထဲမှာ ဟာကွက်မရှိအောင် ဖြည့်တင်းနေရလို့ တကိုယ်ရေ အသုံးစရိတ်တွေကို လျှော့ချနေရတယ်လို့ ဆိုက္ကားဆရာတွေက ပြောပါတယ်။

“မိသားစုအတွက် အဆင်ပြေအောင် လုပ်ပေးလိုက်ရပေမဲ့ ကိုယ့်အတွက်က လမ်းပေါ်မှာ အခက်အခဲ ဖြစ်သွားတယ်။ လမ်းမှာ မုန့်စားတာ၊ ဆေးလိပ်သောက်တာ၊ ကွမ်းစားတာတွေက မစားနိုင်တော့ဘူး။ ဒါတွေလျှော့ရတယ်” လို့ ဦးလူကလေးက ဆက်ပြောပါတယ်။

မတူညီတဲ့ မြို့နယ်သုံးခုက ဆိုက္ကားဆရာကြီးတွေရဲ့ စားဝတ်နေရေးနဲ့ လုပ်ငန်းအခြေအနေကို မေးမြန်းကြည့်တဲ့အခါ တချို့ ဆိုက္ကားဆရာတွေဆိုရင် တနေကုန် ထမင်းတနပ်ပဲစားပြီး ဆိုက္ကားနင်းနေတဲ့သူတွေ ရှိသလို တချို့ဆို ရေပဲသောက်ပြီး ဆိုက္ကားနင်းနေရတဲ့ သူတွေလည်း ရှိပါတယ်။

“လက်ဖက်ထမင်း ၁,၀၀၀ ကျပ်နဲ့ ဝယ်စားလိုက်တယ်။ အဲဒါ ပြီးသွားပြီ။ လက်ဖက်ရည်ကလည်း အခုသိတဲ့အတိုင်းပဲ၊ ၁,၀၀၀ ကျပ်နား ကပ်နေပြီ။ ခဏခဏ မသောက်နိုင်ဘူး။ သုံးခါလောက် သောက်ရင် ၃,၀၀၀ လောက် ဖြစ်သွားမယ်။ ဒီမှာနင်းတာက ၃,၀၀၀ ကျပ်က ရဖို့မလွယ်ဘူးလေ။ ကိုယ်ကြိုက်တာလည်း အရင်လို လုပ်ဖို့မလွယ်တော့ဘူးလေ” လို့ သာကေတမြို့နယ်က အသက် ၅၂ နှစ်အရွယ် ဆိုက္ကားဆရာ ဦးခင်မြင့်က ဆိုပါတယ်။

ဦးခင်မြင့်က သာကေတမြို့နယ်ကနေ ဗိုလ်တထောင်မြို့နယ်ကို သွားပြီး မနက် ၆ နာရီကနေ ညနေ ၅ နာရီအထိ ဆိုက္ကားနင်းတာပါ။ ဆိုက္ကားငှားခကို တရက် ၁,၃၀၀ ကျပ် ပေးရတယ်လို့ သူက ဆိုပါတယ်။

သူက မုဆိုးမတွေဖြစ်တဲ့ သက်ကြီးရွယ်အို အမေနဲ့ အဒေါ်တို့ကို ဆိုက္ကားနင်းရင်း ရှာဖွေကျွေးနေတာဖြစ်တယ်လို့ ဆိုပါတယ်။ မိသားစုမှာ အားကိုးစရာ ယောက်ျားသားက သူတဦးပဲရှိတာဖြစ်လို့ အမေအိုနဲ့ အဒေါ်တို့အတွက် စားစရိတ်၊ ဆေးဖိုးနဲ့ အိမ်ခန်းငှားခတွေ အတွက် မဖြစ်မနေ သူက ရှာဖွေနေရတယ်လို့ ပြောပါတယ်။

“ကျနော်က ကိုယ့်အပူနဲ့ကိုယ်ဆိုတော့ မနားဖြစ်ဘူး။ အိမ်လခအတွက် ရှာရတယ်။ ဆေးဖိုးဝါးခအတွက် ရှာရတယ်။ စားဖို့သောက်ဖို့ ရှာရတယ်။ နားချိန်ဆိုတာ မရှိတော့ဘူး” လို့ သူက ဆက်ပြောပါတယ်။

ဝင်ငွေက ပုံမှန်မဟုတ်တော့တာကြောင့် အိမ်ခန်းငှားခ တလ တသိန်းအတွက် တနေကုန် နင်းလို့ရတဲ့ ပိုက်ဆံထဲက တရက်ကို ၃,၀၀၀ ကျပ်စုပြီး မိသားစုက ဖြစ်သလို စားလိုက်ကြတယ်လို့ သူကပြောပါတယ်။

“မနေ့က ၈၀,၀၀ ကျပ်ရတယ်။ ဒီနေ့က ဘယ်လောက်ရမလဲ မပြောတတ်သေးဘူး။ ညနေ ၅ နာရီထိုးမှ သိရမယ်။ အခုလောလောဆယ်က ၄၀,၀၀ ကျပ်တော့ ရပြီ။ ပင်ပန်းတယ်ဆိုလည်း မလုပ်ဘဲ စားလို့မရဘူး။ ကျနော့်ထက် အသက်ကြီးတဲ့သူတွေတောင် နင်းနေသေးတော့ ကျနော်က ညည်းပိုင်ခွင့်မရှိဘူး” လို့ ဦးခင်မြင့်က ပြောပါတယ်။

ရန်ကုန်မြို့နယ်အသီးသီးက အငှားဆိုက္ကားနင်းသူတွေဟာ အငှားဆိုက္ကားတစီးကို တရက် ၁,၀၀၀ ကျပ်ကနေ ၁,၃၀၀ ကျပ်ဝန်းကျင် ဆိုက္ကားပိုင်ရှင်တွေကို ၁၅ ရက်တကြိမ် ငွေရှင်းပေးရတာ ဖြစ်ပါတယ်။ ဆိုက္ကားငှားခ ရှင်းရတာက မြို့နယ်အလိုက် မတူညီပါဘူး။

အငှားဆိုက္ကားတစီးကို တရက် ၁,၀၀၀ ကျပ် ပေးရတာက ဆိုက္ကားဆရာတို့အတွက် အခက်အခဲမရှိပေမဲ့ ဆိုက္ကားပျက်ရင် ပြင်ရတဲ့စရိတ်ကတော့ သူတို့ကို အကျပ်ရိုက်စေပါတယ်။

“တရက် တထောင်ပေးရတာ မကြောက်ဘူး။ ပျက်သွားရင် မလွယ်ဘူး။ အရင်တုန်းက ဝင်ရိုးတချောင်းကို ၄,၀၀ ကျပ်၊ အခုက ၁,၈၀၀ ကျပ်။ သုံးဆလောက် တက်သွားတယ်။ လေလုံးက အရင်က ၃,၀၀၀-၃,၅၀၀ ကျပ်၊ အခုက ၉,၅၀၀-၁၀,၀၀၀ ကျပ်” လို့ ရွှေပြည်သာမြို့နယ်က ဆိုက္ကားဆရာ ဦးခိုင်မောင်က ရှင်းပြပါတယ်။

သူက ပြီးခဲ့တဲ့လတုန်းက ဆိုက္ကားပိုင်ရှင်ကို ဆိုက္ကားငှားခ ရှင်းခါနီးမှာ သူ့ဆိုက္ကား ပျက်သွားခဲ့တာကြောင့် စုထားတဲ့ပိုက်ဆံကို ဆိုက္ကားပြင်ဆင်စရိတ်ထဲ ထည့်လိုက်ပါတယ်။ ဒါကြောင့် ဆိုက္ကားပိုင်ရှင်ကို ဆိုက္ကားငှားခ ၂,၀၀၀ ကျပ်ဝန်းကျင်‌လောက် အကြွေးတင်သွားတယ်လို့ သူက ဖွင့်ဟပါတယ်။

ဒါ့အပြင် စစ်ကောင်စီက ထုတ်ပြန်ထားတဲ့ ညမထွက်ရအမိန့်ကြောင့် ဆိုက္ကားနင်းပြီး ဝင်ငွေရှာချိန်က အကန့်အသတ်ဖြစ်လာတယ်လို့ ဆိုက္ကားဆရာတွေက ပြောကြပါတယ်။ အာဏာသိမ်းပြီးနောက် စစ်ကောင်စီက ရန်ကုန်မြို့မှာ ည ၁၂ နာရီကနေ နံနက် ၄ နာရီအထိ ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားတာပါ။

“အာဏာသိမ်းပြီးနောက်မှာ အခုက အချိန်နဲ့ အပြေးအလွှား ရှာနေရတာ။ အရင်တုန်းကဆို ည ၁၀-၁၁ နာ‌ရီလောက်အထိ ရှာလို့ရတယ်။ အလုပ်ပိုလုပ်လို့ရတယ်။ အခုကျတော့ အချိန်နဲ့ ပြေးလွှားနေရလို့ လိုသလောက်မရဘူး ဖြစ်နေတယ်” လို့ သန်လျင်မြို့နယ်နေ ဆိုက္ကားဆရာ ကိုသီဟက ဆိုပါတယ်။

ကိုသီဟက သန်လျင်မြို့နယ်ကနေ ပုဇွန်တောင်မြို့နယ်ကို လာပြီး ဆိုက္ကားနင်းတာ ဖြစ်ပါတယ်။ သူက မနက် ၆ နာရီဝန်းကျင်လောက်ကနေ ပုဇွန်တောင်မြို့နယ်ကို ထွက်လာပြီး ည ၈ နာရီဆိုရင် ဆိုက္ကားသိမ်းပြီး ပြန်ရတယ်လို့ ပြောပြတယ်။

“ပြန်ရတာကလည်း အချိန်နဲ့ပြန်ရတာကို။ အရင်တုန်းက ပိုက်ဆံလိုရင် ကျနော်က အိမ်မပြန်ဘဲ နင်းဖြစ်တယ်။ ည ၁၂ နာရီ၊ ၁ နာရီမှ ပြန်တယ်။ ညဘက်ကို ပိုက်ဆံရှာလို့ရတယ်။ အခုကတော့ ဒါမျိုးတွေမရတော့ ရှာမရတော့ဘူး” လို့ သူက ဆက်ပြောပါတယ်။

စစ်အာဏာသိမ်းမှုကြောင့် မြင့်တက်လာတဲ့ ကုန်ဈေးနှုန်းတွေအောက် ဆိုက္ကားဆရာတွေက စိတ်ဓာတ်ကို ကြံ့ကြံခိုင်ထားရင်း မိသားစုစားဝတ်နေရေးကို လုံးပန်းနေကြပါတယ်။ မြင့်တက်နေတဲ့ ကုန်ဈေးနှုန်း လျော့ကျသွားရင် မိသားစုစားဝတ်နေရေး ပြေလည်သွားမယ်လို့ ဆိုက္ကားဆရာတွေက ယုံကြည်နေကြတာပါ။

“စိတ်ဓာတ်ကျလို့မရဘူး။ ကျနော် စိတ်ဓာတ်ကျရင် ကျနော့်မိသားစုတခုလုံး ကျသွားလိမ့်မယ်။ ကျနော် စိတ်ဓာတ်အခိုင်အမာထားမှ ရမယ်။ စိတ်ဓာတ်ကျလည်း ကျနော် ပြန်ထိန်းရတယ်” လို့ ဦးလူကလေးက ဆိုပါတယ်။

အခုဆိုရင် နေ့လယ် ၁၁ နာရီ ကျော်နေပါပြီ။ သူ့လက်ထဲမှာ မနက်တပိုင်းလုံး ဆိုက္ကားနင်းလို့ရတဲ့ ပိုက်ဆံ ၂,၅၀၀ ကျပ်ပဲ ရှိပါသေးတယ်။ ဆိုက္ကားလာငှားမယ့်သူကို မျှော်ရင်း သူက အခုလို ပြောလိုက်ပါတယ်။

“ဒီနေ့ ကျနော်ဆွဲတာ ဘာမှမရသေးဘူး။ ည ၉ နာရီအထိ နင်းရဦးမယ်။ နေ့ခင်း ထမင်းစားဆိုလည်း အမြဲတမ်းနောက်ကျလာတယ်။ အာဏာသိမ်းပြီးနောက်ပိုင်းကတည်းက နေ့ခင်း ၃ နာရီလောက်မှပဲ စားဖြစ်တယ်။ ကျနော် တော်တော်အခက်အခဲတော့ တွေ့ရပါတယ်။”

မိုးဆွေ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013