DVB Logo
Home
မြန်မာသတင်း
မြန်မာနိုင်ငံသားများ နှစ်ထပ်ကွမ်းကပ်ဘေးကို ကြံ့ကြံ့ခံနိုင်ခဲ့ဟု စစ်တမ်းတခုတွင် ဖော်ပြ
DVB
·
March 11, 2023
မြန်မာနိုင်ငံသားများ နှစ်ထပ်ကွမ်းကပ်ဘေးကို ကြံ့ကြံ့ခံနိုင်ခဲ့ဟု စစ်တမ်းတခုတွင် ဖော်ပြ
Donate to DVB

မြန်မာနိုင်ငံသားတွေဟာ ကိုဗစ်-၁၉ ကပ်ဘေးနဲ့ အာဏာသိမ်းစစ်အုပ်စုဖန်တီးခဲ့တဲ့ နိုင်ငံရေး ကပ်ဘေးတို့ကို နှစ်ထပ်ကွမ်းကြုံနေရချိန်မှာ ကျန်းမာရေးဝန်ဆောင်မှုရရှိရေး ဒါမှမဟုတ် ထောက်ပံ့ကူညီရေးတွေအတွက် နည်းလမ်းသစ်ရှာပြီး ကြံ့ကြံ့ခံနိုင်ခဲ့ကြောင်း ရန်ကုန်တိုင်းအတွင်း ကောက်ယူခဲ့တဲ့ စစ်တမ်းတခုအရ သိရပါတယ်။

The International Journal for Equity in Health ဂျာနယ်မှာ ဖော်ပြခဲ့တဲ့ အဲဒီစစ်တမ်းဟာ ကိုဗစ်ကပ်ဘေးနဲ့ နိုင်ငံရေးကပ်ဘေးကာလအတွင်း မြန်မာနိုင်ငံက ကျန်းမာရေးစနစ်ကို လေ့လာထားတဲ့ ပထမဆုံးသုတေသနတခုဖြစ်ပါတယ်။

ပုံမှန်ဆောင်ရွက်နေတဲ့ ကျန်းမာရေးဝန်ဆောင်မှု အတော်များများ ရပ်တန့်ကုန်တာကြောင့် ရန်ကုန်မှာ ကပ်ဘေးနှစ်ခုရဲ့ဒဏ်ကို အလူးအလဲခံစားခဲ့ရတယ်လို့ အဲဒီသုတေသနစာတမ်း ပြုစုသူတွေထဲကတဦးဖြစ်တဲ့ ဒေါက်တာ ကြူကြူသန်းက ပြောပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှုစနစ် ဖရိုဖရဲဖြစ်သွားတဲ့ဒဏ်ကို နာတာရှည်ရောဂါသည်တွေနဲ့ ကိုယ်ဝန်ဆောင်သည်တွေအပါအဝင် ပုံမှန်ကျန်းမာရေးစောင့်ရှောက်မှုလိုအပ်သူတွေက အဓိကခံစားခဲ့ရကြောင်း စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

“လူနာတွေက ကျန်းမာရေးဝန်ဆောင်မှုတွေကို အချိန်မီမရနိုင်ခဲ့ဘူး။ အစိုးရကျန်းမာရေးဌာနတွေကလည်း ပိတ်ထားသလို ပုဂ္ဂလိက ဆေးရုံဆေးခန်းတွေကျတော့လည်း ကုန်ကျစရိတ်ကြီးမားလွန်းတော့ တကယ်ကိုခက်ခဲခဲ့တယ်”လို့ ဒေါက်တာ ကြူကြူသန်းက ပြောပါတယ်။

အောက်စီဂျင်အလုံအလောက် မရခဲ့တာကြောင့် ကိုဗစ်ပိုးကူးစက်ခံခဲ့ရသူ အမြောက်အမြား သေဆုံးခဲ့ရသလို ကုသရေးအထောက်အကူပစ္စည်းတွေအပါအဝင် အခြေခံဆေးဝါး လိုအပ်ချက်ကြောင့် အခက်အခဲဖြစ်ခဲ့ရတာတွေလည်း ပမာဏအများအပြားရှိခဲ့ပါတယ်။

မိသားစုရဲ့ စည်းစည်းလုံးလုံး ထောက်ပံ့ကူညီမှုနဲ့ လူမှုရေးအသင်းအဖွဲ့တွေရဲ့ ချိတ်ဆက်ကူညီမှုတွေကြောင့် လူနာတွေဟာ အခက်အခဲတွေကို ကျော်ဖြတ်နိုင်ခဲ့ကြတယ်လို့ ဆိုပါတယ်။

“ကျမတို့ မေးမြန်းခဲ့တဲ့ လူနာအတော်များများက သူတို့ရဲ့ မိသားစုဝင်တွေက အားပေးကူညီကြတာကြောင့် အခက်အခဲနဲ့ စိန်ခေါ်မှုတွေကို ရင်ဆိုင်နိုင်ခဲ့ကြတာဖြစ်ကြောင်း ပြောပြတယ်။ အရေးပေါ် အခြေအနေနဲ့ ကြုံလာတဲ့အခါတွေမှာလည်း ဒေသခံလူမှုရေး အသင်းအဖွဲ့တွေရဲ့ ချိတ်ဆက်ကူညီမှုတွေကြောင့် သယ်ယူပို့ဆောင်ရေးနဲ့ လိုအပ်တဲ့ ကျန်းမာရေးစောင့်ရှောက်မှုတွေ ရခဲ့တယ်လို့ ပြောပါတယ်။”

ကျန်းမာရေးစောင့်ရှောက်မှုစနစ်မှာ ဆိုရင်လည်း ဖုန်းကနေတဆင့် ဆက်သွယ်မေးမြန်းတာတွေ၊ မိုဘိုင်းဆေးခန်းတွေအပြင် မြန်မာနိုင်ငံမှာ လူသုံးအများဆုံးဖြစ်တဲ့ ဖေ့စ်ဘွတ်ခ်လို လူမှုကွန်ရက်တွေကနေတဆင့် အကြံဉာဏ်တွေ ဝေမျှကြတာတွေလည်း ဆောင်ရွက်ခဲ့ကြပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လိုအပ်သူတွေဟာ သူတို့ရဲ့ လူမှုရေး၊ စီးပွားရေးအခြေအနေပေါ် မူတည်ပြီးတော့လည်း ကျန်မာရေးစောင့်ရှောက်မှုရယူပုံ ကွဲပြားကြတာကို တွေ့ရပါတယ်။ လူမှုရေးနဲ့စီးပွားရေးအားနည်းတဲ့သူတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု ရယူရာမှာ သူများထက်ပိုပြီး အခက်အခဲရှိတာကို တွေ့ရပါတယ်။  မိသားစုဝင်တွေကို အခက်အခဲဖြစ်စေမှာစိုးတာကြောင့် လူနာအများစုဟာ ကျန်းမာရေးစောင့်ရှောက်မှုကို ချက်ချင်းမယူဘဲ အချိန်ဆွဲထားတတ်ကြပါတယ်။ 

နှစ်ထပ်ကွမ်းကပ်ဘေးကို ရင်ဆိုင်ရာမှာ ကြုံတွေ့ရတဲ့ စိန်ခေါ်မှုတွေကို ဒီသုတေသနစစ်တမ်းကနေ ပေါ်လွင်ထင်ရှားစေခဲ့တယ်လို့ ဒေါက်တာကြူကြူသန်းကပြောပါတယ်။

“၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ မတိုင်မီအထိ ကိုဗစ်ထိန်းချုပ်ရေးကို ကောင်းကောင်း ဆောင်ရွက်နိုင်ခဲ့ပေမယ့် နိုင်ငံရေးပြဿနာ ထပ်ဖြစ်လာတဲ့အခါမှာတော့ ပိုပြီးခက်ခဲသွားတယ်၊ အထူးသဖြင့် ငွေကြေးနဲ့ လူမှုရေး အင်အားနည်းတဲ့သူတွေမှာ ပိုပြီးတော့ အခက်အခဲကို ကြီးကြီးမားမား ရင်ဆိုင်ကြရတယ်။” 

ဘေးအန္တရာယ်နဲ့ ကြုံတွေ့ရချိန်မှာ ဒေသခံလူမှုရေးအဖွဲ့အစည်းတွေ၊ စေတနာ့ဝန်ထမ်း ကယ်ဆယ်ရေးသမားတွေနဲ့ လူမှုရေးကွန်ရက်အချိတ်အဆက်တွေ ဘယ်လောက် အရေးပါကြောင်းနဲ့ ကိုဗစ်-၁၉ လို ကပ်ဘေးကို ရင်ဆိုင်ရာမှာ ဖေ့စ်ဘွတ်လို လူမှုကွန်ရက်တွေဟာလည်း ယုံကြည်ရတဲ့ သတင်းရင်းမြစ်အဖြစ် ဘယ်လိုပါဝင်ကူညီနိုင်ကြောင်းကို ဒီသုတေသနစစ်တမ်းကနေ သိရှိခဲ့ရတယ်လို့ ဆိုပါတယ်။

Ref: MedicalXpress

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013