DVB Logo
Home
မြန်မာသတင်း
ဘတ်သန်း ထောင်ချီ မူးယစ်ဆေးရောင်းရငွေလွှဲဂိုဏ်း ဖမ်းမိ
DVB
·
June 9, 2014
ဘတ်သန်း ထောင်ချီ မူးယစ်ဆေးရောင်းရငွေလွှဲဂိုဏ်း ဖမ်းမိ
Donate to DVB

ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့မှာ မူးယစ်ဆေးဝါးရောင်းရငွေ ဘတ်သန်းပေါင်းထောင် နဲ့ချီပြီး လွှဲပြောင်းပေးနေတဲ့ ငွေလွှဲဂိုဏ်းကြီးတခုကို ၀င်ရောက်စီးနင်း ဖမ်းဆီးလိုက်တယ်လို့ ထိုင်းနိုင်ငံ မူးယစ်ဆေးဝါး တိုက်ဖျက်ရေး ရဲတပ်ဖွဲ့က ထုတ်ပြန်လိုက်ပါတယ်။

[caption id="attachment_58262" align="alignright" width="300"]ကုမ္ပဏီပိုင်ရှင်အမျိုးသမီးနှင့်အတူ ထိုင်းရဲအရာရှိများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ် ကုမ္ပဏီပိုင်ရှင်အမျိုးသမီးနှင့်အတူ ထိုင်းရဲအရာရှိများ သတင်းစာရှင်းလင်းပွဲ ပြုလုပ်နေစဉ်[/caption]

ထိုင်းနိုင်ငံ မူးယစ်ဆေးဝါးနှိမ်နင်းရေးတပ်ဖွဲ့၊ နယ်မြေခံရဲတပ်ဖွဲ့နဲ့ မြို့နယ်အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ စုစုပေါင်း အင်အား ၁၀၀ ကျော်ဟာ ဇွန်လ ၈ ရက် မနက် ၉ နာရီအချိန်က မဲဆောက်မြို့ မယ်တော်ရပ်ကွက်မှာရှိတဲ့ အိမ်တအိမ်ကို ၀င်ရောက်စီးနင်းပြီး ဘတ်သန်းပေါင်း ၂၀၀ ကျော်ရှိ ဘဏ်စာအုပ်ပေါင်း ၇၀ နဲ့ အဲဒီအိမ်ရှင် ပိုင်ဆိုင် တဲ့ နေ အိမ်၊ ခြံမြေနဲ့ မော်တော်ကားတွေပါ သိမ်းဆည်းလိုက်ပါတယ်။

ဒါ့အပြင် အိမ်ပိုင်ရှင်လည်းဖြစ်၊ နခွန်းမဏီးကုမ္ပဏီပိုင်ရှင်လည်းဖြစ်တဲ့ ထိုင်းအမျိုးသမီး နန်းမဏီး ခမ်းဖီးရ အသက် ၅၂ နှစ် ကိုလည်း ဖမ်းဆီးထားပြီး အခြား မြန်မာနိုင်ငံသား ၆ ဦးဖြစ်တဲ့ မထီးဒါးစိုး၊ ကိုနေလင်း၊ မင်းကိုနိုင်၊ မမိုးမိုး၊ မရှာဖီ ယာပိ နဲ့ ကျန်ထကျတ်ကဖန်း တို့ကိုလည်း ဖမ်းဝရမ်းထုတ်ထားကြောင်း ထိုင်းမူးယစ်ရဲတပ်ဖွဲ့ရဲ့ကြေညာချက်မှာ ပါရှိပါတယ်။

နခွန်းမဏီး ကုမ္ပဏီဟာ ကုန်ပစ္စည်းမျိုးစုံရောင်းဝယ်ရေးကို ဘန်းပြပြီး မူးယစ်ဆေး ၀ါးရောင်းဝယ်မှုတွေနဲ့ ပတ်သက်တယ်လို့ ကြိုတင်သတင်းရထားချက်အရ လွန်ခဲ့တဲ့ မတ်လကစပြီး စုံစမ်းစစ်ဆေးရေးတွေ ပြုလုပ်ကာ သက်သေအထောက်အထားတွေရမှ ခုလိုဝင်ရောက်ဖမ်းဆီးတာလို့ ထိုင်းမူးယစ်တပ်ဖွဲ့က ရဲဗိုလ်ချုပ်ကြီး ဖုန်းဆဖတ် ဖုန်းကျရုန်း က သတင်းထောက်တွေ ကို ပြောပါတယ်။

ရဲတွေ ၀င်ဖမ်းတဲ့ခါ နန်းမဏီး ခမ်းဖီးရက သူ့အနေနဲ့ ဘာမှမသိရပါကြောင်း ငြင်းဆို ထားပြီး ရဲဗိုလ်ချုပ်ကြီးကတော့ သူ့ကို စုံစမ်းစစ်ဆေးရေးအရာရှိတွေဆီမှာ အမှန်အတိုင်း ထွက်ဆိုဖို့ ပြောသွားပါတယ်။

“ဒါဟာ မူးယစ်ဆေးဝါးရောင်းဝယ်မှုလုပ်ငန်းကို အားပေး အားမြှောက်ပြုနေတာ၊ သူတို့က မူးယစ်ဆေးဝါးတွေကို ရပ်ထဲရွာထဲမြို့ထဲ လိုက်ရောင်းတယ်၊ ပြီးတော့ အဲဒီကရတဲ့ ပိုက်ဆံနဲ့ ဘဏ်စာအုပ်တွေထဲထည့်တယ်။ ပြီးတော့ ခင်ဗျားဘဏ်စာအုပ်၊ ခင်ဗျားနဲ့ ပတ်သက်တဲ့ လူတွေရဲ့ စာအုပ်တွေထဲ ၀င်လာတယ်၊ အဆင့်ဆင့်လွှဲကြတယ်။ အကြောင်းအရာတွေက ထင်ရှားရင် အပြစ်ကျခံရမှာပေါ့။ ဒီခြံတွေ၊ အိမ်တွေ၊ ကားတွေက မူးယစ်ဆေးနဲ့ မပတ်သက်ရင် ပြစ်ဒဏ်မကျဘူးပေါ့။ ဒါကြောင့် စုံစမ်းစစ်ဆေးရေးရဲအဖွဲ့ကို အမှန် အတိုင်းဖွင့်ပြောပါ။”

ကနဦးစုံစမ်းချက်တွေအရ အဲဒီငွေလွဲဂိုဏ်းဟာ မြန်မာနိုင်ငံ ရန်ကုန်၊ မော်လမြိုင်၊ မြ၀တီ စတဲ့မြို့ကြီးတွေမှာလည်း အခြေစိုက်ပြီး မူးယစ်ဆေးဝါးရောင်းဝယ်တဲ့ငွေတွေ လွှဲပြောင်းနေကြောင်း၊ ဘဏ်စာအုပ် အထောက်အထားတွေအရ နှစ်စဉ်လည်ပတ်ငွေ ဘတ်သန်းပေါင်း ၂၄၀၀ ကျော်ရှိတယ်လို့ ပြောပါတယ်။

ဒါ့အပြင် နန်းမဏီးဟာ မြန်မာနိုင်ငံက အဖွဲ့ဝင်တွေ ထိုင်းမှာ လာလှုပ်ရှားလို့ရအောင် နေရာထိုင်ခင်း၊ သွားလာမှုတွေ စီစဉ်ပေးကာ တချို့ကို အလုပ်ပိုင်ရှင်အမည်ခံပြီး အလုပ်သမားကတ်တွေ လုပ်ပေးထားတယ်လို့ ဆိုပါတယ်။

လောလောဆယ် ဒီအမှုနဲ့ ဆက်နွှယ်နေတဲ့ မြန်မာ ၆ ဦးလုံးစလုံး ထွက်ပြေးလွတ်မြောက်နေပြီး ဖမ်းဆီးရမိဖို့ မြန်မာနိုင်ငံ မူးယစ်ရဲတပ်ဖွဲ့ကို အကြောင်းကြားထားကြောင်း၊ တချိန်တည်းမှာပဲ မြန်မာပြည်တွင်းက သူတို့ပိုင်ဆိုင်မှုတွေ သိမ်းဆည်းဖို့ရှိကြောင်း၊ လက်ဝယ်ရထားတဲ့ ဘဏ်စာအုပ် ၇၀ ကနေတဆင့် ငွေအမြောက်အမြား လွှဲထားတဲ့ အခြားဘဏ်စာအုပ်တွေပါ စစ်ဆေးဖော်ထုတ်သွားမယ်လို့ မူးယစ်ရဲတပ်ဖွဲ့က ကြေညာ ချက်ထုတ်ပြန်ထားပါတယ်။

ဒီတကြိမ် ဖမ်းဆီးမှုဟာ ထိုင်း-မြန်မာနယ်စပ်တလျှောက် မူးယစ်ဆေးဝါးရောင်းဝယ်မှုက ရလာတဲ့ ငွေလွှဲပြောင်းမှု လမ်းကြောင်းကို ပထမဆုံးအကြိမ် ဖြတ်တောက်နိုင်ခဲ့တယ်လို့ ရဲဗိုလ်ချုပ်ကြီး ဖုန်းဆဖတ် ဖုန်းကျရုန်းက သတင်းထောက်တွေကို ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013