DVB Logo
Home
မြန်မာသတင်း
စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အာဆီယံလွှတ်တော်အမတ်များဖိုရမ်တွင် ကန့်ကွက်
DVB
·
March 9, 2023
စစ်အုပ်စုကျင်းပမည့် ရွေးကောက်ပွဲကို အာဆီယံလွှတ်တော်အမတ်များဖိုရမ်တွင် ကန့်ကွက်
1 / 2
Donate to DVB

မြန်မာအကြမ်းဖက်စစ်ကောင်စီရဲ့ အတုအယောင် ရွေးကောက်ပွဲဟာ ပိုမိုဆိုးဝါးတဲ့ ပဋိပက္ခတွေကို ဦးတည်နေတဲ့အတွက် လုံးဝ ဆန့်ကျင်ကန့်ကွက်သွားမှာဖြစ်ပြီး မြေပြင်မှာ ဒုက္ခရောက်နေကြတဲ့ ပြည်သူတွေကို လက်တွေ့ ကယ်တင်နိုင်ရေး တိုက်တွန်းကြိုးပမ်းဆောင်ရွက်သွားမယ်လို့ လူ့အခွင့်အရေးဆိုင်ရာ အာဆီယံပါလီမန်အမတ်တွေရဲ့ ဖိုရမ်မှာ ဆွေးနွေးခဲ့ကြပါတယ်။

မတ် ၃ ရက်ကနေ ၅ ရက်အထိ အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့မှာကျင်းပတဲ့ ASEAN Parliamentarians for Human Rights (APHR) အဖွဲ့ဝင်များဖိုရမ် အစည်းအဝေးကို NUG အစိုးရပြည်ထောင်စုဝန်ကြီး အမျိုးသားလွှတ်တော်အမတ် ဒေါက်တာ၀င်းမြတ်အေးနဲ့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH)  အဖွဲ့ဝင်တွေ တက်ရောက်ခဲ့ကြတာပါ။

အဆိုပါ အစည်းအဝေးမှာ အာဆီယံနိုင်ငံတွေက လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ နွေဦးတော်လှန်ရေးမှာ CRPH၊ NUG နဲ့ NUCC တို့ရဲ့ အခန်းကဏ္ဍတွေနဲ့ စိန်ခေါ်မှုတွေကို ကျော်လွှားပြီး လက်တွဲဆောင်ရွက်နေမှုတွေ၊ မြန်မာ့လွှတ်တော်ကိုယ်စားလှယ်တွေ ကြုံတွေ့နေရတဲ့ အကြမ်းဖက်ခံရမှုတွေနဲ့ စိန်ခေါ်မှုတွေကို ဆွေးနွေးခဲ့ကြတယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

ဒါ့အပြင် သေဒဏ်ပေး ကွပ်မျက်ခံခဲ့ရတဲ့ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးဖြိုးဇေယျာသော်နဲ့ ပတ်သက်ပြီးလည်း အာဆီယံအမတ်တွေကို ဆွေးနွေးပြောဆိုခဲ့ပါတယ်။ 

ဒါ့အပြင် လတ်တလော စစ်ကိုင်းတိုင်း၊ တာတိုင်းကျေးရွာမှာ ဖြစ်ပွားခဲ့တဲ့ စစ်ကောင်စီရဲ့ ရက်စက်ကြမ်းကြုတ်စွာ မုဒိမ်းကျင့် သတ်ဖြတ်မှုတွေကို ရှုတ်ချကြပြီး ဒေါက်တာဝင်းမြတ်အေးဟာ သက်ဆိုင်ရာ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ မြန်မာနိုင်ငံအတွက် လူသားချင်းစာနာမှု အကူအညီတွေကို အမှန်တကယ်လိုအပ်တဲ့ နေရာတွေဆီ ထိထိရောက်ရောက် ရရှိနိုင်ရေးအတွက်လည်း ဆွေးနွေးခဲ့တယ်လို့ ဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ လူ့အခွင့်အရေးဆိုင်ရာဝန်ကြီးကလည်း တာတိုင်ကျေးရွာသား ၁၇ ဦးကို အစုအပြုံလိုက် ရက်ရက်စက်စက် အကြမ်းဖက်သတ်ဖြတ်ခဲ့တဲ့ ဖြစ်စဉ်နဲ့ပတ်သက်လို့  ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး အပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေဆီ ပေးပို့ တိုင်ကြားထားပါတယ်။

စစ်အာဏာသိမ်းမှုနဲ့အတူ နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့ ရင်ဆိုင်နေရတဲ့ မြန်မာနိုင်ငံ လူဦးရေရဲ့ သုံးပုံတပုံနီးပါး လူဦးရေ ၁၇ ဒသမ ၆ သန်းလောက်ဟာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေဆဲဖြစ်တယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ထုတ်ပြန်ပါတယ်။

အခု ၂၀၂၃ ခုနှစ် ပထမ ၂ လတာအတွင်းမှာ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁၅၄,၀၀၀ လောက် ရှိခဲ့ပြီး တောတောင်တွေထဲမှာ နေထိုင်နေကြရကာ စစ်အာဏာသိမ်းပြီးချိန်ကတည်းက စတင်ရေတွက်ရင် ပြည်တွင်းနေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်နေရသူပေါင်း ၁ ဒသမ ၃ သန်းထိ ရှိလာခဲ့ပြီလို့ ဆိုပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၂၇ ရက်အထိ နောက်ဆုံးရရှိထားတဲ့ အချက်အလက်တွေအရ အာဏာသိမ်းယူမှုအပြီး ဖြစ်ပေါ်လာတဲ့ ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်းမှာတော့ ပြည်တွင်း နေရပ်စွန့်ခွာထွက်ပြေးရသူပေါင်း ၁ ဒသမ ၆ သန်းကျော် ရှိလာပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013