DVB Logo
Home
မြန်မာသတင်း
ပို့ကုန်ရငွေမူဝါဒသစ်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ဆန်နှင့်ဆန်ကွဲ တင်ပို့မှု ရပ်တန့်လုဖြစ်နေ
DVB
·
March 8, 2023
ပို့ကုန်ရငွေမူဝါဒသစ်ကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးတွင် ဆန်နှင့်ဆန်ကွဲ တင်ပို့မှု ရပ်တန့်လုဖြစ်နေ
Donate to DVB

စစ်ကောင်စီကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်ရဝင်ငွေအပေါ် တဖက်သတ်ကန့်သတ်လိုက်တဲ့ မူဝါဒကြောင့် တရုတ်-မြန်မာ နယ်စပ်ကုန်သွယ်ရေးမှာ ဆန်နဲ့ဆန်ကွဲ တင်ပို့မှုဟာ ရပ်တန့်သလောက် နီးနီး ရှိနေတယ်လို့ နယ်စပ်ပို့ကုန် လုပ်ငန်းရှင်တွေက ပြောပါတယ်။

ကုန်သွယ်ရေးဦးစီးဌာနက နယ်စပ်ကုန်သွယ်ရေးစခန်းတွေကတဆင့် တဖက်နိုင်ငံသို့ ဆန်နဲ့ ဆန်ထွက်ပစ္စည်းတွေ တင်ပို့ ရောင်းချရာမှ ရရှိတဲ့ ပို့ကုန်ရဝင်ငွေကို ဗဟိုဘဏ်က သတ်မှတ်ထားတဲ့ နှုန်းထားဖြင့် မြန်မာကျပ်ငွေ လဲလှယ်ခြင်းကို ကင်းလွတ်ခွင့် ပေးထားရာကနေ အဆိုပါ ကင်းလွတ်ခွင့်ကို ပယ်ဖျက်ကာ အသစ် ပြင်ဆင် ပြဋ္ဌာန်းလိုက်တာဖြစ်ပါတယ်။

ဒါကြောင့် ပို့ကုန်တင်ပို့မှု ဆောင်ရွက်ရာမှာ ကုန်စည်အလိုက် မျှတမှု ရှိစေရေးနဲ့ ပြည်ပသို့ တင်ပို့တဲ့ အဓိက ပို့ကုန်ပစ္စည်းတွေအပေါ် တပြေးညီ ကျင့်သုံး ဆောင်ရွက်နိုင်ရန်အတွက် နယ်စပ်ကုန်သွယ်ရေး စခန်းတွေမှတဆင့် တဖက် နိုင်ငံသို့ ဆန် နဲ့ ဆန်ထွက်ပစ္စည်းတွေ တင်ပို့မှုမှ ရရှိတဲ့ နိုင်ငံခြားသုံးငွေရဲ့ ၆၅ ရာခိုင်နှုန်းကို ၂၀၂၃ ခုနှစ် မတ်လ ၁ ရက်ကစပြီး ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်များနှင့်အညီ သတ်မှတ်နှုန်းထားအတိုင်း မြန်မာကျပ်ငွေဖြင့် လဲလှယ်ရမှာ ဖြစ်ပါတယ်။

စစ်ကောင်စီ လက်အောက်ခံ ကုန်သွယ်ရေးဦးစီးဌာနက ပို့ကုန်ရဝင်ငွေအပေါ် အခုလို တဖက်သတ် ကန့်လိုက်တဲ့ မူဝါဒကြောင့် တရုတ်နိုင်ငံဆီ နယ်စပ်လမ်းကြောင်းကတဆင့် တင်ပို့နေတဲ့ မြန်မာဆန်ကုန်သည်တွေအနေဖြင့် အရှုံးနဲ့ ရင်ဆိုင်ရမှာ ဖြစ်လို့ ဆန်တင်ပို့မှုက ရပ်တန့်သလောက် နီးနီး ရှိနေပါတယ်။

နယ်စပ်ပို့ကုန်လုပ်ငန်းရှင်တဦးက “မူဆယ်၊ ချင်းရွှေဟော် နယ်စပ်တကြောကတော့ လုံးဝ မပို့နိုင်တော့တဲ့ အနေအထား ဖြစ်နေပြီး အားလုံး ရပ်သွားတဲ့ သဘောပေါ့။ သူတို့က ဖေဖော်ဝါရီ ၂၈ ရက်နေ့ကို last date အနေနဲ့ ဖြတ်ချလိုက်ပြီး သတ်မှတ်လိုက်တယ်လေ။ အဲဒီလို သတ်မှတ်လိုက်တဲ့အတွက် ကျနော်တို့ ဒီနှုန်းနဲ့ ဆက်ပြီး မပို့နိုင်တော့ဘူး။ ဘာလို့ရပ်တာလဲဆိုတော့ ငွေလဲနှုန်းကွာခြားမှုကြောင့်ပေါ့။ ငွေဈေးက အပြင်ဈေးနဲ့ တွက်လိုက်ရင် ကျနော်တို့ဘက်က ရှုံးတယ်။ ဒီငွေကြေး အရှုံးကို ကုန်ပစ္စည်း အရင်းပေါ်မှာ ထည့်တွက်လိုက်ရင် ရောင်းဈေးထက် အရင်းက ပိုများနေတယ်။ တွက်ကြည့်လို့ရှိရင် အခု ရှုံးသွားတဲ့ ငွေကြေးရယ်၊ ဝယ်ရမယ့် ပစ္စည်းတန်ဖိုးရယ်၊ လမ်းတလျှောက် ကုန်ကျမယ့် စရိတ်တွေရယ် ထည့်တွက်လိုက်ရင် ရောင်းရမယ့် ဈေးထက်ကို ကုန်ကျစရိတ်က ပိုများနေတာ။ အရှုံးနဲ့ဆိုတော့ ဘယ်သူ့မှ မပို့တော့ဘဲ ဒီအတိုင်း ရပ်သွားတဲ့ သဘော ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒီသက်ရောက်မှုကြောင့် မူဆယ်နယ်စပ်ကုန်သွယ်ရေးမှာ တဖက်နိုင်ငံဆီ မြန်မာ့ဆန်နဲ့ ဆန်ထွက်ပစ္စည်းတင်ပို့မှုဟာ ရက်သတ္တပတ်ကာလအတွင်းမှာ သိသိသာသာထိုးကျသွားတယ်လို့ နယ်စပ်ကုန်သည်ကြီးများအသင်းနဲ့ နီးစပ်တဲ့ ကုန်သည်ကြီးတွေက ထောက်ပြထားပါတယ်။

“မတ်လ ၁ ရက်နေ့ကစပြီး နိုင်ငံတော်ကနေ ၆၅ ၊ ၃၅ ရာခိုင်နှုန်း နဲ့ ငွေကြေးမူဝါဒကို ကြေညာပြီး အတည်ပြု လိုက်တယ်။ အဲ့လို လုပ်လိုက်လို့ ဘာဖြစ်သွားလဲဆို ဆန်ကုန်သည် တယောက်က ဖေဖော်ဝါရီ ၂၈ ရက် နဲ့ မတ် ၁ ရက် နေ့ကို ယှဉ်ရင် ဆန်တအိတ်ကို ကျပ် တသောင်းကျော် နစ်နာသွားတယ်။ ဒါက အများကြီးပဲ ဆုံးရှုံးသွားတာ။ ဒီ့အတွက် ကုန်သည်တွေက လောလောဆယ်မှာ ဆန်တင်ပို့မှုကို မလုပ်နိုင်ကြတော့ဘူး။ ဒါပေမဲ့ တခု ရှိတာက အရင် စာချုပ် ချုပ်ထားပြီး လက်ကျန် ကျန်နေသေးတဲ့အနည်းငယ်လောက်တော့ သွားနိုင်တာ ရှိသေးတယ်။ ဒါပေမဲ့ ခြုံပြောရရင် နယ်စပ်မှာ မတ်လ ၁ ရက်နေ့ ကစပြီး ဆန်နဲ့ ဆန်ကွဲ တင်ပို့မှုက သိသိသာသာ ထိုးဆင်းသွားတာ တွေ့ရတယ်။ ဘယ်လောက်ကျသွားလဲဆို ဖေဖော်ဝါရီ ၂၈ ရက်နေ့အထိက ဆန် နဲ့ ဆန်ကွဲ တင်တဲ့ ကုန်ကား အစီးရေ ၃၀ နဲ့ ၄၀ ကြား နေ့စဉ် သွားနေတာ။ ဒါပေမဲ့ မတ်လ ၁ ရက်နေ့ကစပြီး ဒီကနေ့ မတ်လ ၈ ရက်နေ့အထိ ဆန်နဲ့ ဆန်ကွဲ တင်တဲ့ ကုန်ကား အစီးရေက ၁၀ စီးအောက်မှာပဲ သွားနိုင်တော့တာ တွေ့ရပါတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်(MRF)က ထုတ်ပြန်တဲ့ ကိန်းဂဏန်းအချက်အလက်တွေအရ အခု(၂၀၂၂-၂၃)ဘဏ္ဍာနှစ် ဧပြီလကနေ ဖေဖော်ဝါရီလအထိ ၁၁ လတာကာလအတွင်းမှာ ပြည်ပဈေးကွက်ဆီ မြန်မာ့ဆန်တင်ပို့မှုဟာ ဆန်တန်ချိန် ၂ ဒသမ ၀၉ သန်းကျော် တင်ပို့ထားနိုင်ပြီး နိုင်ငံခြားဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၃ သန်း ရရှိထားတယ်လို့ သိရပါတယ်။

ဒီပမာဏစာရင်းထဲမှာ ပင်လယ်ရေကြောင်းကတဆင့် ဆန်နဲ့ ဆန်ထွက်ပစ္စည်းတင်ပို့မှုမှုက တန်ချိန် ၁ ဒသမ ၆ သန်းကျော် တင်ပို့ခဲ့တာကြောင့် တင်ပို့မှုပမာဏ စုစုပေါင်းရဲ့ ၈၀ ရာခိုင်နှုန်း ရှိပါတယ်။ အလားတူ နယ်စပ်လမ်းကြောင်းကတဆင့် တင်ပို့မှုကလည်း တန်ချိန် ၄ သိန်းကျော် တင်ပို့ထားနိုင်တဲ့အတွက် စုစုပေါင်း တင်ပို့မှုပမာဏရဲ့  ၂၀ ရာခိုင်နှုန်း ရှိနေတာပါ။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013