စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ဒုတိယအကြိမ်မြောက်ကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ ၈ ရက် ဒီနေ့မနက်က ရန်ကုန်မြို့မှာ လုံခြုံရေးတင်းတင်းကျပ်ကျပ်နဲ့ ကျင်းပနေတယ်လို့ မြို့ခံတွေထံကသိရပါတယ်။
ဒီနှစ်မှာ စနစ်ဟောင်း၊ သင်ရိုးဟောင်းနဲ့ နောက်ဆုံးကျင်းပတဲ့ တက္ကသိုလ်ဝင်စာမေးပွဲဖြစ်ပြီး တနိုင်ငံလုံးက ကျောင်းသားကျောင်းသူ ၁၈၀၀၀၀ လောက်ဝင်ရောက်ဖြေဆိုဖို့ စာရင်းပေးထားတယ်လို့ မြန်မာနိုင်ငံစာစစ်ဦးစီးဌာနက ကြေညာခဲ့ပြီး ဒီနေ့ မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုခဲ့ကြပါတယ်။
စာဖြေသူနည်းပါးခဲ့တာကြောင့် အရင်နှစ်တွေက ဖွင့်လှစ်ခဲ့တဲ့ စာစစ်ဌာနတွေဟာ ဖွင့်လှစ်နိုင်ခြင်းမရှိဘဲ ကျောင်းသုံးကျောင်းမှာရှိတဲ့ စာဖြေသူတွေကို ကျောင်းတကျောင်းတည်းမှာပဲ ပေါင်းပြီးဖြေဆိုတာကို ဒီနှစ်မှာတွေ့ရပါတယ်။
စာမေးပွဲဖြေဆိုချိန်မှာ မနှစ်ကလိုပဲ စစ်ကောင်စီတပ်တွေက ရန်ကုန်မှာရှိတဲ့ ကျောင်းတိုင်းမှာ လုံခြုံရေးယူထားတာတွေ့ရပြီး ကျောင်းရှေ့တွေမှာလည်း ဖြတ်သန်းသွားလာတာမလုပ်ဖို့ အတားအဆီးတွေကို ပြုလုပ်ထားကြတယ်လို့ ရန်ကုန်မြို့ခံတွေကပြောပါတယ်။
စစ်အာဏာမသိမ်းခင်ကဆိုရင် တက္ကသိုလ်ဝင်စာမေးပွဲကို ဝင်ရောက်ဖြေဆိုတဲ့အရေအတွက်ဟာ တနှစ်ကို ၅၀၀၀၀ လောက်အထိတိုးလာပေမယ့် စစ်ကောင်စီလက်ထက်မှာကျင်းပတဲ့ စာမေးပွဲမှာတော့ အရင်ကထက် သုံးပုံတပုံလောက်အထိ လျော့နည်းသွားခဲ့ပါတယ်။
အခုနှစ်အတွက် တက္ကသိုလ်ဝင်စာမေးပွဲတွေကို တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ ကျောင်းသားအများစု ကတော့ စစ်ကျွန်ပညာရေးကို သပိတ်မှောက်ပြီး ဝင်ရောက်ဖြေဆိုတာမရှိပါဘူး။ အမျိုးသားညီညွတ်ရေးအစိုးရ NUG ကလည်း စစ်ကောင်စီရဲ့ စာမေးပွဲဟာ တရားမဝင်သလို အသိအမှတ်မပြုဘူးလို့လည်း ကြေညာထားပါတယ်။