DVB Logo
Home
မြန်မာသတင်း
ပုဂ္ဂလိကကျောင်းများတွင် ဒီမိုကရေစီသင်ကြားမှုအား ဟန့်တားခြင်းဖြင့် စစ်ကျွန်ပညာရေးစနစ်ကို ပုံဖော်နေ
DVB
·
March 4, 2023
ပုဂ္ဂလိကကျောင်းများတွင် ဒီမိုကရေစီသင်ကြားမှုအား ဟန့်တားခြင်းဖြင့် စစ်ကျွန်ပညာရေးစနစ်ကို ပုံဖော်နေ
Donate to DVB

ပုဂ္ဂလိက ကိုယ်ပိုင်ကျောင်းတွေမှာ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုတွေ သင်ကြားရင် အရေးယူနိုင်ဖို့ ဥပဒေရေးဆွဲ ပြဋ္ဌာန်းရမယ်လို့ အာဏာသိမ်း စစ်ခေါင်းဆောင် ညွှန်ကြားထားတဲ့ ရုံးစာတစောင် ဖေဖော်ဝါရီလကုန်ပိုင်းက လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပါတယ်။

ဇန်နဝါရီ ၆ ရက်က စစ်ကောင်စီ ဥက္ကဋ္ဌရုံးမှာ ကျင်းပတဲ့ ညှိနှိုင်းအစည်းအဝေးမှာ စစ်ခေါင်းဆောင် က ပုဂ္ဂလိကကျောင်းတွေကို ဘယ်လိုခွင့်ပြုချက်နဲ့ ဖွင့်ထားဖွင့်ထား မြန်မာနိုင်ငံရဲ့ စည်းကမ်း သတ်မှတ်ချက်နဲ့ ယဉ်ကျေးမှုကို အလေးထားလိုက်နာဖို့ လိုကြောင်း ပြောခဲ့ပြီးနောက် ခရိုင်/မြို့နယ် ပညာရေးမှူးရုံးတွေဆီ ညွှန်ကြားထားတဲ့စာ ထွက်ပေါ်လာတာပါ။

အခုလို ပုဂ္ဂလိကျောင်းတွေမှာ ဒီမိုကရေစီ သင်ကြားမှုကို ဟန့်တားလိုက်တာဟာ အနာဂတ် လူငယ်တွေကို ဒီမိုကရေစီ မသိရှိအောင်နဲ့ စစ်ကျွန်ပညာရေးစနစ်ကို ပုံဖော်နေတဲ့ လက္ခဏာတရပ် လို့ ပြည်တွင်းပြည်ပ ပညာရေး အသိုင်းအဝိုင်းက သုံးသပ် ပြောဆိုကြပါတယ်။

Burma Academy ရဲ့ အမှုဆောင် ဒါရိုက်တာ ကိုမင်းခန့်ကျော်လင်းက "ဘာလို့ ဒီမိုကရေစီ သင်ကြားမှုတွေကို စစ်တပ်က ပိတ်ပင်ဖို့ ကြိုးစားလဲဆိုတော့ ကျောင်းသားလှုပ်ရှားမှုတွေကို စစ်တပ်က ကြောက်တယ်။ ကျောင်းသားတွေ ဒီမိုကရေစီနဲ့ ရင်းနှီးသွားမှာ၊ ကျောင်းသားတွေ ဒီမိုကရေစီဆိုတာ သိသွားမှာ သူတို့ အရမ်းကြောက်တယ်။ အဲ့အတွက်လည်း အရင်ကတည်းက စစ်ကျွန်ပညာရေးဖြစ်အောင် သွပ်သွင်းခဲ့ပြီး ကျောင်းသားတွေကို နားမလည်အောင် လုပ်ခဲ့တယ်။ ဒါပေမဲ့လည်း ကျောင်းသားက ခေတ်အဆက်ဆက်မှာ မတရားမှုကို တော်လှန်ဖို့ အမြဲရှိခဲ့ကြတယ်။ အဲ့အတွက်ကြောင့် သူတို့မှာ အရမ်းပဲ ကြောက်ရွံ့နေတယ်လို့ ကျနော် မြင်တယ်။ အဲ့တော့ ပညာရေး ဖိနှိပ်မှုကတော့ လုပ်နေဦးမှာပဲ။ အဲ့တော့ ပုဂ္ဂလိက ကျောင်းတွေ၊ စစ်တပ်နဲ့ မဖြစ်မနေ ပတ်သက်နေရတဲ့ အစုအဖွဲ့ အနေနဲ့ကတော့ စစ်တပ်ရဲ့ တရစ်ချင်း ကျပ်တဲ့ဒဏ်ကို ခံရမှာလို့ မြင်မိတယ်။ ပြည်သူလူထု အနေနဲ့ မတတ်သာလို့ စစ်တပ်နဲ့ ပူးပေါင်းနေတဲ့ဟာတွေလည်း စစ်တပ်နဲ့ အကင်းကွာဆုံး နေသင့်တယ်။ စစ်တပ်လက်အောက်က ပညာရေးကတော့ ဘာမှ မျှော်လင့်စရာ မရှိဘူး" လို့ ဒီဗွီဘီကို ပြောပါတယ်။

ကြားကာလ ပညာရေးမှာ သင်ကြားပေးနေတဲ့ ဖက်ဒရယ်ကျောင်းတွေမှာ အသက်မွေးဝမ်းကျောင်း ပညာရပ်တွေအပြင် ဖက်ဒရယ်နဲ့ လူ့အခွင့်အရေး ဘာသာရပ်တွေ၊ Transitional justice ဘာသာရပ်မျိုးတွေကို လူငယ်အများစု စိတ်ဝင်စားကြပါတယ်။

မြန်မာနိုင်ငံရဲ့ ပညာရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ပါဝင်နေတဲ့ ဆရာတဦးကတော့ အနာဂတ် လူငယ်တွေ စိတ်ဝင်စားတဲ့ ဘာသာရပ်တွေ သင်ခွင့်မရရင် ပညာရေးမှာ အများကြီး ဆုံးရှုံးမှုရှိတယ်လို့ သုံးသပ် ပြောပါတယ်။

"မြန်မာပြည်မှာ လွတ်လပ်စာ ပညာသင်ကြားခွင့်က လွန်ခဲ့တဲ့နှစ် အနည်းငယ်ကမှ ရတာ မကြာသေးဘူး။ အနောက်တိုင်း ဒီမိုကရေစီ ယဉ်ကျေးမှုနဲ့ ဆိုင်တဲ့ ဘာသာရပ်တွေဆိုလည်း သူတို့တွေ အွန်လိုင်းကသော်လည်းကောင်း၊ ပုဂ္ဂိလကျောင်းကသော်လည်းကောင်း သင်ယူခွင့်ရခဲ့တယ်။ အဲ့ဒီလိုမျိုး သင်ယူရတဲ့အတွက် အသိအမြင်တွေ ပွင့်လာတယ်။ လူငယ်ဆိုတာတော့ ပညာသင်ယူတဲ့အရွယ်မှာ သူတို့ စိတ်ဝင်စားတဲ့ ဘာသာကို စနစ်တကျ သင်ယူခဲ့ရမယ်ဆိုရင် သူတို့တွေက နောက်တချိန်မှာ နိုင်ငံကို ဉီးဆောင်မယ့် ခေါင်းဆောင်တွေ ဖြစ်မယ်။ နိုင်ငံရေးအသိ ကြွယ်ဝမှု တိုင်းပြည်ကို ဦးဆောင်နိုင်မယ်။ နိုင်ငံတကာနဲ့ ယှဉ်ရင် အများကြီး နောက်ကျမယ်။ ပညာရေး အနေနဲ့ အများကြီး ဆုံးရှုံးမှု ရှိပါတယ်"လို့ မြန်မာ့ပညာရေး ပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်မှာ ပါဝင်တဲ့ ဆရာတဦးက ပြောပါတယ်။

ခေတ်အဆက်ဆက် အာဏာရှင်တွေဟာ ဒီမိုကရေစီ သင်ကြားမှုကို ကြောက်လန့်ပြီး စာသင်ကျောင်းတွေမှာ စစ်ကျွန်ပညာရေး စနစ်ကိုသာ ဖော်ဆောင်ခဲ့ကြတာပါ။ 

မြန်မာနိုင်ငံကိုလည်း ရွှေရည်စိမ် ဒီမိုကရေစီသာ ပေးခဲ့ပြီး အာဏာမသိမ်းခင် ၅ နှစ်တာ အရပ်သား အစိုးရ လက်ထက်မှာ ပညာရေးကဏ္ဍ အနည်းငယ် တိုးတက်လာခဲ့တယ်လို့ ပညာရေး အသိုက်အဝန်းက ပြောပါတယ်။

CDM တက္ကသိုလ် ဆရာမတဦးက "အာဏာမသိမ်းခင် ၅ နှစ်ကာလမှာ ပညာရေးကဏ္ဍက အများကြီး တိုးတက်လာခဲ့တယ်။ စာကြည့်တိုက်တွေ တိုးတက်လာတယ်။ အင်တာနက် ရတာတွေရော အများကြီး တိုးတက်လာတယ်။ ဆရာ ဆရာမတွေအတွက်ကော ကျောင်းသားတွေအတွက်ကော exchange program တွေ စကော်လာရှစ် ပရိုဂရမ်တွေ အများကြီး ရှိလာတယ်။ ဒါကြောင့်မို့ ပညာရေးကဏ္ဍမှာလည်း CDM တွေ အများကြီး ပါဝင်လာခဲ့တယ်။ ဒါပေမဲ့ သူတို့က နဂိုတည်းက ဘယ်တုန်းကမှ ဒီမိုကရေစီကို အားမပေးခဲ့ဘူး။ critical thinking ကို အားမပေးဘူး။ ပြန်မေးခွန်းထုတ်တာ မကြိုက်ဘူး။ ဒါကြောင့် သူတို့လုပ်တဲ့ ပညာရေးက ဘယ်တော့မှ ကောင်းမွန်မှာ မဟုတ်ဘူး။ student central ဖြစ်မှာ မဟုတ်ဘူး။ ဒါမေးဒါကျက်ပဲ ဖြစ်မယ်" လို့ ဒီဗွီဘီကို ပြောပါတယ်။

စစ်တပ် အာဏာသိမ်းပြီးနောက် နိုင်ငံတဝန်းက ကျောင်းသားအများစုဟာ စစ်ကျွန်ပညာရေးကို ဆန့်ကျင်ခဲ့ကြပြီး CDM ပြုလုပ်ခဲ့ကြတာ အခုဆိုရင် ၂ နှစ်နီးပါး ရှိပါပြီ။ တနိုင်ငံလုံးမှာ CDM လုပ်ထားတဲ့ ဆရာ၊ ဆရာမနဲ့ ကျောင်းသားဦးရေ သန်းနဲ့ချီ ရှိတယ်လို့ ကြားကာလ ပညာသင်ကြားရေး အဖွဲ့အစည်းတွေက ခန့်မှန်းထားပါတယ်။

လက်ရှိ စစ်ကောင်စီ လက်အောက်မှာ ကျောင်းပြန်တက်နေတဲ့ Non CDM ကျောင်းသားတွေလည်း ရှိလာပါတယ်။ ထိုင်းမှာ GED ပညာရေး လေ့လာနေတဲ့ ကျောင်းသားတဦးကတော့ ဒီမိုကရေစီကို ကျောင်းသားတွေ မသိအောင် စစ်ကောင်စီက ပိတ်ပင်လိုက်တာလို့ သူ့အမြင်ကို ပြောပါတယ်။

GED ပညာရေး လေ့လာနေတဲ့ ကျောင်းသားတဦးက "ဒီမိုကရေစီဆိုတာ သိလာရင် ပုန်ကန်ဖို့ဆိုတာ အမြဲတမ်း ပြန်ဖြစ်လာမှာဆိုတော့ ဒီမိုကရေစီရဲ့ စာလုံးကို ဖျောက်ပစ်လိုက်တာပေါ့။ ကျနော်တို့ ဒေသက ကျောင်းဆက်တက်လို့ မရဘူး။ သူတို့ အုပ်ချုပ်နေတဲ့အောက်မှာလည်း မတက်ချင်ဘူး။ အဲဒါကြောင့် ထိုင်းမှာလာပြီး GED တက်နေတာ။ GED သင်ကြားတာက အမေရိကန်နဲ့ဆိုင်တဲ့ ဒီမိုကရေစီတို့ တော်လှန်ရေးတွေတို့ သင်တဲ့ သမိုင်းထဲမှာဆို သင်ရတယ်။ ပြီးတော့ ဒီမိုကရေစီရဲ့ သမိုင်းကြောင်းကို ပိုပြီး သင်ရတယ်။ ဒီမိုကရေစီဆိုတာ မျှမျှတတဖြစ်တဲ့ ဥပဒေတခုလို့ပဲ ထင်တယ်"လို့ ဒီဗွီဘီကို ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ ထုတ်ပြန်ထားတဲ့ အချက်အလက်တွေအရ တနိုင်ငံလုံးရဲ့ ကျောင်းသား ၉၀ ရာခိုင်နှုန်းဟာ CDM ပြုလုပ်ခဲ့ကြတယ်လို့ ပြောဆိုထားပြီး ကြားကာလ ပညာရေး အစီအစဉ်တွေကို NUG ထိန်းချုပ်နယ်မြေတွေမှာ သင်ကြားပေးနေပါတယ်။ NUG က ဖွင့်လှစ်ထားတဲ့ ကျောင်းပေါင်း ၄၃၀၀ ကျော်ရှိပြီး ကျောင်းသား ဦးရေ ၈၉၀,၀၀၀ ကျော် ရှိတယ်လို့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁ ရက်နေ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013