DVB Logo
Home
နိုင်ငံရေး
အကြမ်းဖက်စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသည့် အနောက်တိုင်းက လူကုံထံများအတွက် သွေးစွန်းကျွန်းသစ် ဝယ်ယူမှု
DVB
·
March 4, 2023
အကြမ်းဖက်စစ်တပ်ကို ငွေကြေးထောက်ပံ့ပေးနေသည့် အနောက်တိုင်းက လူကုံထံများအတွက် သွေးစွန်းကျွန်းသစ် ဝယ်ယူမှု
1 / 4
Donate to DVB

မြန်မာ့သစ်တောတွေထဲမှာ အမြောက်အမြားတွေ့ရှိရတဲ့ ကျွန်းသစ်ဟာ ကမ္ဘာ့ဈေးကွက်မှာ တန်ဖိုးအကြီးဆုံးသစ် အမျိုးအစား ဖြစ်ပါတယ်။ 

ဆယ်စုနှစ်နဲ့ချီပြီး အချိန်ယူစိုက်ပျိုးရတဲ့ ကျွန်းသစ်ဟာ အလွန်ခိုင်ခန့်ပြီး လှပတဲ့ အရောင်အသွေးရှိတာကြောင့် တန်ဖိုးမြင့်အိမ်အသုံးအဆောင်တွေနဲ့ ဇိမ်ခံရွက်လှေတွေမှာ အသုံးပြုကြပါတယ်။ ဇိမ်ခံရွက်လှေတွေမှာ ကုန်းပတ်အဖြစ် ကျွန်းသစ်ကိုအသုံးပြုမယ်ဆိုရင် တစ်မီတာပတ်လည်ကို စတာလင်ပေါင် ၁၀၀၀ လောက် အထိ ကုန်ကျနိုင်ပါတယ်။ 

ဘယ်လိုပင်ဈေးကြီးပေမယ့်  ၈ ဘီလီယံခွဲ တန်ကြေးရှိတဲ့ ဇိမ်ခံရွက်လှေဈေးကွက်မှာ မြန်မာ့ကျွန်းသစ်ကို ဝယ်လိုအား အမြောက်အမြားရှိနေဆဲဖြစ်ပါတယ်။ 

ကုလသမဂ္ဂရဲ့ ဆန်းစစ်လေ့လာချက်အရ မြန်မာနိုင်ငံမှာ ၁၉၉၀ ကနေ ၂၀၁၅ ခုနှစ်အတွင်း သစ်တော ဟက်တာ ၁၅ သန်းနီးပါး (ဧကပေါင်း ၃၇ သန်းကျော်) ပြုန်းတီးခဲ့ပြီး ဒါဟာ ဂျာမဏီတစ်နိုင်ငံလုံးမှာရှိတဲ့ သစ်တောနယ်မြေ ပမာဏထက်များပြီး ထိတ်လန့် စိုးရိမ်စရာ ပြုန်းတီးမှုဖြစ်တယ်လို့ ဆိုပါတယ်။

ပေါက်ကြားလာတဲ့ အခွန်စာရွက်စာတမ်းတွေ၊ လူသိရှင်ကြားထုတ်ပြန်ထားတဲ့ ကုန်သွယ်ရေး အချက်အလက်တွေနဲ့ နိုင်ငံပေါင်း ၁၁ နိုင်ငံက ကျွန်းသစ်ကုန်သည်တွေကို အင်တာဗျူးထားတဲ့ အချက်အလက်တွေပေါ်မူတည်ပြီး မြန်မာ့ကျွန်းသစ်ကုန်သွယ်ရေးနဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှုတွေကို DW သတင်းဌာနအပါဝင် နိုင်ငံတကာ စုံစမ်းထောက်လှမ်းသတင်းသမားများ ပူးပေါင်းအဖွဲ့ (ICIJ)က လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။

မြန်မာနိုင်ငံကနေ ကျွန်းသစ်တင်ပို့မှု အများစုဟာ တရားမဝင်လမ်းကြောင်းတွေကဖြစ်ပြီး ရက်စက်ကြမ်းကြုတ်တဲ့ မြန်မာစစ်အာဏာရှင်တွေရဲ့ ငွေဝင်လမ်းကြောင်းဖြစ်နေတာကြောင့် သွေးစွန်းကျွန်းသစ်လို့လည်း ခေါ်ကြပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလမှာ မြန်မာစစ်တပ်က အာဏာလုယူခဲ့ပြီးတဲ့နောက်မှာ ဥရောပသမဂ္ဂ၊ ယူကေ၊ ကနေဒါနဲ့ အမေရိကန်တို့က မြန်မာစစ်တပ်အရာရှိတွေ၊ စစ်တပ်ပိုင်လုပ်ငန်းတွေအပြင် ပါတ်သက်ဆက်စပ်သူတွေကို ပိတ်ဆို့ဒဏ်ခတ်မှုတွေ ချမှတ်အရေးယူခဲ့ကြပါတယ်။ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ခံရတဲ့ စာရင်းမှာ မြန်မာ့သစ်ကုန်သွယ်ရေးကို လက်ဝါးကြီးအုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း (MTE) ပါဝင်ခဲ့ပါတယ်။

မြန်မာနိုင်ငံရဲ့ သဘာဝသယံဇာတတွေကနေ အကြမ်းဖက်မြန်မာစစ်တပ် ဝင်ငွေရှာနိုင်ခြင်း မရှိစေဖို့ရည်ရွယ်ပြီး စီးပွားရေးပိတ်ဆို့မှုတွေ ချမှတ်တာဖြစ်ပေမဲ့ ကုန်သွယ်ရေးဆိုင်ရာအချက်အလက်တွေအရ မြန်မာစစ်တပ်က အာဏာလုခဲ့တဲ့ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလနောက်ပိုင်းမှာ ပေါင်စတာလင် ၄၅ သန်းတန်ဖိုးရှိတဲ့ ကျွန်းသစ်အပါအဝင် မြန်မာ့သစ်တွေ ဥရောပကို တင်သွင်းခဲ့တာကို စုံစမ်းတွေ့ရှိခဲ့ပါတယ်။

ဥရောပသမဂ္ဂရဲ့ဥပဒေအရ ဥရောပကိုတင်သွင်းလာတဲ့ သစ်တွေကို ရောက်ရှိလာတဲ့ ဆိပ်ကမ်းမှာသာ တစ်ခေါက်စစ်ဆေးပြီး ဥရောပနိုင်ငံအချင်းချင်း သစ်ကို လွတ်လပ်စွာတင်ပို့ရောင်းချခွင့်ရှိနေပါတယ်။ 

ဂျာမဏီ၊ ဘယ်လ်ဂျီယံနဲ့ နယ်သာလန် နိုင်ငံတို့က မြန်မာနိုင်ငံကနေ တိုက်ရိုက်ကုန်သွယ်တင်သွင်းမှု ရပ်စဲလိုက်ပေမဲ့ ဥရောပသမဂ္ဂရဲ့ ကုန်သွယ်ရေးအချက်အလက်တွေအရ ခရိုအေးရှား၊ ဂရိနဲ့ အီတလီတို့ကတော့ မြန်မာ့နိုင်ငံကနေ သစ်တင်သွင်းပြီး ဥရောပမှာ မြန်မာ့ကျွန်းသစ်ရောင်းဝယ်ရေး အချက်အခြာနိုင်ငံတွေ ဖြစ်လာခဲ့ပါတယ်။

အီတလီက ရွက်လှေကုန်းပတ် ထုတ်လုပ်ရောင်းချသူတချို့နဲ့ သစ်ကုန်သည်တချို့ဟာ ကြားခံပွဲစားတွေဆီကနေ တဆင့် မြန်မာ့ကျွန်းသစ်ကို ဝယ်ယူကြကြောင်း Deforestation Inc. က စုံစမ်းတွေ့ရှိခဲ့ပါတယ်။ အဲဒီပွဲစားတွေက မြန်မာ့ကျွန်သစ်တွေရဲ့ ထုတ်လုပ်ရာနိုင်ငံနဲ့ သက်တမ်းကို လိမ်လည်တံဆိပ်ကပ်ပေးကြတယ်လို့ ဆိုပါတယ်။

ပေါက်ကြားလာခဲ့တဲ့ မြန်မာ့အခွန်စာရွက်စာတမ်းတွေမှာ ဖော်ပြထားတဲ့ အချက်အလက်တွေအရ ၂၀၂၁ ခုနှစ် ဧပြီလကနေ စက်တင်ဘာလအထိ ၆ လ တာကာလအတွင်းမှာတင် ရေယာဉ်ကြမ်းခင်းတွေအတွက် သစ်တင်သွင်းရောင်းချတဲ့ Comilegno Srl ကုမ္ပဏီတစ်ခုတည်းက ပေါင်စတာလင် ၆၆၅၀၀၀ တန်ကြေးရှိတဲ့ ကျွန်းသစ်တွေ ဥရောပကို တင်သွင်းခဲ့ပါတယ်။ ပေါက်ကြားခဲ့တဲ့ အဲဒီစာရွက်စာတမ်းတွေထဲမှာ ဥရောပကို သစ်တင်သွင်းတဲ့ ကုမ္ပဏီပေါင်း ၂၇ ခု ပါဝင်တယ်လို့ ဆိုပါတယ်။

စတာလင်ပေါင် ၃ ဒသမ ၈ ဘီလီယံ တန်ဖိုးရှိတဲ့ ရေယာဉ်ဈေးကွက်ရှိတာကြောင့် အီတလီဟာ ကျွန်းသစ်နဲ့ ပတ်သက်ရင် အလွန်ပျော့ပြောင်းညင်သာစွာ ကိုင်တွယ်လေ့ရှိတယ်လို့ Deforestation Inc. ရဲ့ ဌာနခွဲတစ်ခုဖြစ်တဲ့ IRPIMedia နဲ့ အင်တာဗျူးမှာ အီတလီ သစ်တောဌာနရဲ့ ဒုဗိုလ်မှူးကြီး ကလောဒီယိုမာရူစီက ပြောပါတယ်။

တူရကီဟာ မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ချမှတ်ထားခြင်းမရှိတာကြောင့် တူရကီက ကုမ္ပဏီတွေဟာ ကျွန်းသစ်အပါအဝင် မြန်မာနိုင်ငံက ကုန်ပစ္စည်းတွေကို လွတ်လပ်စွာ တင်သွင်းခွင့်ရှိနေပါတယ်။

ဥရောပသမဂ္ဂနဲ့တခြားနိုင်ငံတွေက မြန်မာနိုင်ငံကို စီးပွားရေးပိတ်ဆို့မှု ချမှတ်ပြီးနောက်ပိုင်း တူရကီကို မြန်မာ့ကျွန်းသစ်တင်ပို့မှုတွေ အလွန်မြင့်တက်လာပါတယ်။ ၂၀၂၁ ခုနှစ်အတွင်း တူရကီကို တရားဝင်တင်သွင်းခဲ့တဲ့ ကျွန်းသစ်တန်ဖိုးဟာ စုစုပေါင်း ပေါင်စတာလင် ၂ ဒသမ ၂ သန်းရှိပြီး၊ ၂၀၂၂ ခုနှစ်အတွက် တင်ကြိုခန့်မှန်းချက်အရ ပေါင်စတာလင် ၁၀ ဒသမ ၆ သန်းခန့်ရှိပါတယ်။ အခုနှစ်ရဲ့ ပထမလအတွင်းမှာတင် တူရကီကုန်သည်တွေ တင်သွင်းခဲ့တဲ့ မြန်မာ့ ကျွန်းသစ်တန်ဖိုးဟာ ပေါင်စတာလင် ၃ ဒသမ ၂ သန်းခန့်ရှိတယ်လို့ ဆိုပါတယ်။

မြန်မာ့ကျွန်းသစ်တွေကို မူလရင်းမြစ်အမည်ပြောင်းပြီး ရောင်းချပေးဖို့ အီတလီကုမ္ပဏီတွေက သူ့ကိုချဉ်းကပ်တောင်းဆိုမှုတွေရှိကြောင်း အမည်မဖော်လိုသူ တူရကီကျွန်းပွဲစားတစ်ယောက် ဂျာမနီအခြေစိုက်  DW သတင်းဌာနကို ပြောပြပါတယ်။ 

တရားဝင်ထုတ်ပြန်ထားတဲ့ အချက်အလက်တွေပေါ်မှာ စစ်ဆေးတွေ့ရှိချက်အရ ၂၀၂၂ ခုနှစ်အတွင်း တူရကီကနေ အီတလီကို တင်ပို့ခဲ့တဲ့ ကျွန်းသစ်တွေရဲ့ တန်ဖိုးဟာ ပေါင်စတာလင် ငါးသိန်းရှိပြီး ဒါဟာ နှစ်ပေါင်းနှစ်ဆယ်ကျော်မှာ ပထမဆုံးအကြိမ်အဖြစ် တူရကီကနေ ကျွန်းသစ်တွေပြန်လည်တင်ပို့တာ ဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာ့ကျွန်းသစ်တွေကို တူရကီအပြင် အိန္ဒိယ၊ ဂျပန်၊ နယူးဇီလန်၊ စင်္ကာပူ၊ တောင်ကိုရီးယား၊ ထိုင်ဝမ်နဲ့ အမေရိကန်တို့ကလည်း ပမာဏအတန်အသင့် တင်သွင်းနေတယ်လို့ ဆိုပါတယ်။

မြန်မာ့ကျွန်းသစ်ဝယ်ယူမှုဟာ မြန်မာနိုင်ငံသား တစ်သန်းကျော် အိုးမဲအိမ်မဲ့ဖြစ်အောင် အကြမ်းဖက်ဖျက်ဆီးခဲ့တဲ့ စစ်အာဏာရှင်တွေကို ဝင်ငွေထောက်ပံ့ပေးနေရုံသာမကဘဲ တစ်ချိန်က ဝေဝေဆာဆာရှိခဲ့တဲ့ မြန်မာ့သစ်တောတွေကိုလည်း ပျက်စီးဆုံးရှုံးစေခဲ့ပါတယ်။ 

ကမ္ဘာပေါ်က ပဋိပက္ခနယ်မြေတွေထဲမှာ မြန်မာနိုင်ငံက သစ်တောပြုန်းတီးမှုဟာ အဆိုးဆုံးဖြစ်လာနိုင်တယ်လို့ ယူကေအခြေစိုက် NGO တစ်ခုဖြစ်တဲ့ the Conflict and Environment Observatory က ပြောပါတယ်။ 

“ဘယ်ရွက်လှေ၊ ဘယ်ပရိဘောဂကမှ မြန်မာနိုင်ငံသားတွေရဲ့ အသက်နဲ့ ဘဝတွေ ရင်းပေးရလောက် မထိုက်တန်တာကြောင့် မြန်မာနိုင်ငံက ကျွန်းသစ်တွေ ဝယ်ယူတာ ရပ်တန့်ပေးကြပါ”လို့ Justice for Myanmar အဖွဲ့ရဲ့ ပြောရေးဆိုခွင့်ရှိသူ ရတနာမောင်က ပြောခဲ့ကြောင်း DW သတင်းမှာ ဖော်ပြထားပါတယ်။

Ref & PHOTO CREDIT- DW/ICIJ

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013