DVB Logo
Home
မြန်မာသတင်း
သေနတ်ပြခြိမ်းခြောက်ပြီး ကြံစိုက်ခင်းတွင် အဓမ္မခိုင်းခံရသည့် မြန်မာအလုပ်သမားများကို ထိုင်းရဲ ကယ်တင်
DVB
·
March 3, 2023
သေနတ်ပြခြိမ်းခြောက်ပြီး ကြံစိုက်ခင်းတွင် အဓမ္မခိုင်းခံရသည့် မြန်မာအလုပ်သမားများကို ထိုင်းရဲ ကယ်တင်
Donate to DVB

ထိုင်းနိုင်ငံ၊ ကန်ချနာဘူရီခရိုင်၊ ဘန့်ကောင်ကျေးရွာက ကြံစိုက်ခင်းမှာ သေနတ်ပြ ခြိမ်းခြောက်ပြီး အဓမ္မစေခိုင်းခံနေရတဲ့ ​ရွှေ့ပြောင်းအလုပ်သမား မြန်မာနိုင်ငံသား ၁၄ ဦးကို ထိုင်းရဲတပ်ဖွဲ့နဲ့ လူ့အခွင့်အရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးဖောင်ဒေးရှင်း (HRDF) တို့က မတ်လ ၂ ရက်မှာ ကယ်တင်နိုင်ခဲ့တယ်လို့ သိရပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား အမျိုးသား ၁၀ ဦးနဲ့ အမျိုးသမီး ၄ ဦးတို့ဟာ ကြံစိုက်ခင်း‌မှာ ပင်ပင်ပန်းပန်း အလုပ်လုပ်ကိုင်ခဲ့ရပေမဲ့ လုပ်ခလစာမရရှိတဲ့အပြင် နေထိုင်ခွင့် အထောက်အထား စာရွက်တွေနဲ့ ဖုန်းတွေကို စိုက်ခင်းပိုင်ရှင် ထိုင်းလူမျိုးက သိမ်းဆည်းထားခဲ့တဲ့အတွက် အဆက်အသွယ်တွေ ပြတ်တောက်ခဲ့ပြီး မြန်မာနိုင်ငံသားတွေက ဂိမ်းဆော့ချင်တယ်လို့ ပြောဆိုကာ ဖုန်း​တွေကို ပြန်လည်တောင်းယူမှ ပြန်ပေးခဲ့တာလို့ သိရပါတယ်။

မနက် ၄ နာရီမှာ အလုပ်စလုပ်ရပြီး နားရက်မရတဲ့အပြင် အလုပ်ချိန်ကျော်လွန် ခိုင်းစေတာ၊ ညှဉ်းပန်းနှိပ်စက်တာတွေ ခံရတယ်လို့ ဆိုပါတယ်။

အဆိုပါ မြန်မာနိုင်ငံသား ၁၄ ဦးဟာ အရင် ပွဲစားခအဖြစ် တဦးကို ထိုင်းဘတ်ငွေ ၉,၅၀၀ စီ ပေးချေခဲ့ရပြီး စမွတ်ဆာခွန်မြို့မှာ အလုပ်လုပ်ကိုင်ခဲ့ရာက အခုလုပ်ကိုင်တဲ့ ကြံစိုက်ခင်းကို ပွဲစားက တဦးကို ထိုင်းဘတ်ငွေ ၁၂,၀၀၀ စီ ထပ်တောင်းပြီး ထပ်မံပို့ဆောင်ခဲ့တာလို့ ထိုင်းရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိခဲ့ပါတယ်။

ထိုင်းရဲတပ်ဖွဲ့ဝင်တွေနဲ့ HRDF တို့က သွားရောက်ကယ်တင်တဲ့အခါမှာ ကြံစိုက်ခင်းပိုင်ရှင်က ထွက်ပြေးတိမ်းရှောင်သွားပြီး မတ် ၃ ရက် ဒီနေ့မှာ ရဲစခန်းကို လာရောက်ဖြေရှင်းဖို့ တာဝန်ရှိသူတွေက ကြံစိုက်ခင်းပိုင်ရှင် သိရှိစေဖို့ အကြောင်းကြားခဲ့ပါတယ်။

သတ်မှတ်ရက်အတွင်း လာရောက်မဖြေရှင်းပါက ကြံစိုက်ခင်းပိုင်ရှင်ကို ဖမ်းဝရမ်းထုတ်​ ဖမ်းဆီးမှာဖြစ်ပြီး လူကုန်ကူးမှု၊ တရားမဝင်အလုပ်သမား ငှားရမ်းမှုတို့နဲ့ အမှုဖွင့်ဖို့ရှိပြီး နစ်နာခဲ့တဲ့ မြန်မာနိုင်ငံသားတွေကို စစ်ဆေးပြီးပါက ကျူးလွန်ခဲ့တဲ့ ပြစ်မှုတွေအရ ထပ်တိုး တရားစွဲဆိုမယ်လို့ သိရပါတယ်။

လတ်တလောမှာတော့ အဆိုပါ မြန်မာနိုင်ငံသား ၁၄ ဦးကို ကန်ချနာဘူရီခရိုင်၊ ကန်ချနာဘူရီမြို့ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးမှာ ထိန်းသိမ်းထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီ တလတည်းမှာ ကန်ချနာဘူရီခရိုင်အတွင်း တရားမဝင် ဝင်ရောက်ခဲ့တဲ့ မြန်မာနိုင်ငံသား ၁၂၀ ကျော်ကို ထိုင်းစစ်တပ်နဲ့ ရဲတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တယ်လို့ ထိုင်းသတင်းမှာ ဖော်ပြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013