DVB Logo
Home
မြန်မာသတင်း
Brand New ကားသစ်များ တင်သွင်းခွင့်ရမည်ဟု ညွှန်ကြားချက်ထွက်နေသော်လည်း လက်တွေ့ အကောင်အထည်မပေါ်သေး
DVB
·
March 3, 2023
Brand New ကားသစ်များ တင်သွင်းခွင့်ရမည်ဟု ညွှန်ကြားချက်ထွက်နေသော်လည်း လက်တွေ့ အကောင်အထည်မပေါ်သေး
Donate to DVB

မော်တော်ယာဉ်အရောင်းပြခန်းဖွင့်ထားတဲ့ လုပ်ငန်းရှင်တွေကို Brand New ကားသစ်နဲ့ ရောက်ရှိခုနှစ်ရဲ့ တနှစ်အောက် မော်ဒယ်နိမ့်တဲ့ ဘယ်မောင်းယာဉ်တွေ တင်သွင်းခွင့်ရမယ်လို့ စစ်ကောင်စီ စီးပွားကူးသန်းဝန်ကြီးဌာနက ညွှန်ကြားချက်ထွက်လာပေမဲ့ လက်ရှိအချိန်ထိတော့ တင်သွင်းခွင့် မပေးသေးဘူးလို့ ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါတယ်။

မော်တော်ယာဉ်အရောင်းပြခန်းတွေမှာ ရောင်းချဖို့အတွက် မော်တော်ယာဉ် တင်သွင်းရာမှာ လိုက်နာရမယ့် စည်းကမ်းချက်တွေနဲ့ပတ်သက်ပြီး သတ်မှတ်ထားတဲ့ အမိန့်ကြော်ငြာစာ စီးပွားကူးသန်းဝန်းကြီးဌာနက ဖေဖော်ဝါရီ ၂၁ ရက်နေ့စွဲ နဲ့ ထုတ်ပြန်ခဲ့ပါတယ်။

ဒီညွှန်ကြားချက်မှာ ဖော်ပြထားတဲ့ စည်းကမ်းသတ်မှတ်ချက်အရ မော်တော်ယာဉ်အရောင်းပြခန်းမှာ ရောင်းချဖို့ တင်သွင်းလာတဲ့ မော်တော်ယာဉ်တွေက အသုံးမပြုရသေးသောအသစ် (Brand New) ဖြစ်ဖို့လိုပြီး Model Year အနေနဲ့ ရောက်ရှိတဲ့ ခုနှစ်နဲ့ ရောက်ရှိတဲ့ ခုနှစ်ရဲ့ တနှစ်အောက်နိမ့်တဲ့ မော်ဒယ်ဖြစ်ကာ ဘယ်မောင်း ယာဉ်အမျိုးအစား ဖြစ်ရမယ်လို့ သတ်မှတ်ထားပါတယ်။

ဒီ့အပြင် တင်သွင်းလိုတဲ့ မော်တော်ယာဉ်အရေအတွက်ကိုလည်း အခါအားလျော်စွာ ထုတ်ပြန်သတ်မှတ်တဲ့ အရေအတွက် အတိုင်းသာ တင်သွင်းရမှာဖြစ်ပြီး နှစ်စဉ် အတည်ပြုထုတ်ပြန်တဲ့ မော်တော်ယာဉ်အမျိုးအစားတွေသာ တင်သွင်းရမယ်လို့ ဆိုပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ ဒီညွှန်ကြားချက်ဟာ ရက်သတ္တပတ်ကျော် သက်တမ်းကြာလာတဲ့ ခုအချိန်ထိ Brand New ကားသစ်တင်သွင်းခွင့်နဲ့ပတ်သတ်ပြီး ခွင့်ပြုချက် မရသေးတဲ့အကြောင်း ကားဝယ်ရောင်းလုပ်ကိုင်နေသူတွေက ပြောပါ တယ်။

ကားအရောင်းပြခန်းဖွင့်လှစ်ထားတဲ့ လုပ်ငန်းရှင်တဦးက “အခုပြောနေတဲ့ဟာက CBU ပေါ့၊ အစီးလိုက် ဒီမှာ အခွန်ဆောင်ပြီး သွင်းကြတာလေ။ လိုင်စင်ကတော့ နယ်လိုင်စင်ပေါ့နော်။ တကယ်လို့ ရန်ကုန်လိုင်စင် လိုချင်ရင် စလစ် ကပ်ပေါ့။ အဲ့ကောင်တွေ ပေးမယ်ဆိုပြီး သတင်းထွက်လာတယ်။ ပြီးတော့ SKD စနစ်နဲ့ ဒီမှာ လာထုတ်တဲ့ကားတွေ။ အဲ့ကားတွေကိုလည်း ရန်ကုန် လိုင်စင်ပေးမယ်။ အဲ့လို သတင်းထွက်လာပြီးတဲ့နောက် ကားဈေးက အီ ထွက်သွားတယ်။ အခုတော့ ဘာမှ ထပ်ပြောတာ မကြားသေးဘူး။ အခုတော့ ဝယ်တဲ့ သူကလည်း ပြန်ဝယ်နေတာ ရှိပေမဲ့ စောင့်တဲ့ သူကလည်းစောင့်နေကြတုန်းပဲ။ အဓိကက သူတို့ မူဝါဒပေါ့။ အခု ပေးမယ် ပြောလိုက်။ ခဏကြာ မပေးတော့ဘူး ပြန်ဖြစ်လိုက်နဲ့ အမျိုးမျိုး ထွက်နေတော့  ဘာပြောရမှန်း မသိဘူး ဖြစ်နေတယ်” လို့ ဒီဗွီဘီကို ပြောပါတယ်။

တဖက်မှာလည်း စစ်ကောင်စီ လက်အောက်ခံ စီးပွားကူးသန်းဝန်ကြီးဌာနက Brand New ကားသစ်တင်သွင်းခွင့်ကို ခွင့်ပြုပေးလိုက်ပါက လက်ရှိဈေးကွက်ထဲမှာ အရောင်းအဝယ်ဖြစ်နေတဲ့ သိန်း ၁၀၀၀ နဲ့ ၂၀၀၀ ဈေးတန်းရှိတဲ့ ကားဈေးကွက်ဟာ ထိခိုက်မှု ရှိလာမှာဖြစ်ပါတယ်။

ကားဝယ်ရောင်းလုပ်ကိုင်နေသူတဦးက “ဒီအခြေအနေက သိန်း ၁၀၀၀ ဝန်းကျင် ကိုင်ထားတဲ့ ကားသမားဆိုရင် နည်းနည်း စဉ်းစားလာရပြီ။ သူ့ထက် မြင့်တဲ့ သိန်း ၂၀၀၀ ဝန်းကျင်ဆိုရင် ခေါင်း ပိုစားလာပြီ။ ဘာလို့လဲဆို တကယ်လို့သာ Brand New ကားသစ်တွေ ပေးသွင်းလိုက်ရင် သိန်းတထောင်ကျော်တန်ကားတွေက အရင်ဆုံး ထိကြမှာလေ။ သူက Brand New ပေးသွင်းလိုက်ပြီဆိုရင် ဈေးက အနည်းဆုံး သိန်း ၁၀၀၀ နဲ့ ၂၀၀၀ ကြားထဲပဲ ရှိတယ်။ အဲ့တော့ ဈေးကွက်ထဲမှာ သိန်း ၁၀၀၀ နဲ့ ရောင်းနေတဲ့ ကားတွေ ထိပြီ။ ဘာလို့လဲဆို Customer ကလဲ သိန်း ၁၀၀၀ နဲ့ ၁၅၀၀ လောက်သုံးပြီး Brand New ကားသစ်ကို ရွေးလို့ ရပြီဆိုတော့ သူ ဘယ်ဟာကို ရွေးမလဲ ဆိုတာ ရှင်းရှင်းလေးပါ” လို့ ဒီဗွီဘီကို ပြောပါတယ်။

ဒါပေမဲ့ လက်ရှိမှာတော့ အာဏာသိမ်း စစ်ခေါင်းဆောင်က ပြည်တွင်းမှာ နှစ်စဉ် တင်သွင်းနေရတဲ့ စက်သုံးဆီပမာဏကို လျှော့ကျစေဖို့ ရည်ရွယ်ပြီး ကားတင်သွင်းခွင့် ပါမစ်ကို ကန့်သတ်ထားပေမဲ့ လျှပ်စစ်စွမ်းအင်သုံး (Electric Vehicle) EV အိမ်စီးကားတွေကို တင်သွင်းခွင့် ပေးထားတဲ့အပြင် ပြည်တွင်မှာပါ SKD စနစ်နဲ့ လာရောက်ထုတ်လုပ်ဖို့ ဖိတ်ခေါ်ထားပါ တယ်။

ဒါကြောင့်ပဲ ပြည်တွင်းမှာ EV ကားတွေ တင်သွင်းထုတ်လုပ်ဖို့ တရုတ်ကုမ္ပဏီ အရေအတွက် ၂၀ ကျော်က ကမ်းလှမ်းထားရှိတဲ့အနက် လက်တလောမှာ BYD Auto ကားကုမ္ပဏီက ထုတ်လုပ်တဲ့ လျှပ်စစ်စွမ်းအင်သုံးကားတွေ မြန်မာပြည်ဈေးကွက်ထဲ ဝင်ရောက်လာပြီ ဖြစ်ပေမဲ့ မြန်မာပြည်အခြေအနေနဲ့ ကိုက်ညီမှု ရှိ မရှိ မသိသေးတာကြောင့် ဈေးကွက်က လက်ခံနိုင်တဲ့ အခြေအနေရောက်ဖို့ စောင့်ကြည့်ရပါဦးမယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013