DVB Logo
Home
မြန်မာသတင်း
မြန်မာ့ဆန် ပြည်ပဆန်တင်ပို့မှု လျာထားချက် ကျော်လွန်
DVB
·
March 3, 2023
မြန်မာ့ဆန် ပြည်ပဆန်တင်ပို့မှု လျာထားချက် ကျော်လွန်
Donate to DVB

၂၀၂၂-၂၀၂၃ လက်ရှိဘဏ္ဍာနှစ်မှာ ပြည်ပ ဆန်၊ဆန်ကွဲ တင်ပို့မှုကို တန်ချိန် ၂ သန်း လျာထားဆောင်ရွက်နေတာဖြစ်ပေမဲ့ ဘဏ္ဍာနှစ် ကုန်ဆုံးဖို့ ၁ လအလိုမှာ တန်ချိန်    ၂ ဒသမ ၁ သန်းဝန်းကျင်  တင်ပို့ထားပြီးဖြစ်ကာ လျာထားချက်ထက် ကျော်လွန်တင်ပို့ထားတယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က သိရပါတယ်။

အခုဘဏ္ဍာနှစ်  ဧပြီလကနေ ဖေဖော်ဝါရီ လကုန် အထိ ၁၁လအတွင်းမှာ   မြန်မာနိုင်ငံကနေ ပြည်ပကို ဆန်တန်ချိန် ၂ ဒသမ ၀၉၉သန်း ကျော်  တင်ပို့ထားပြီး ပို့ကုန်ဝင်ငွေ အမေရိကန်ဒေါ်လာ ၇၈၃ သန်း ရရှိထားတယ်လို့ အသင်းချုပ်က ထုတ်ပြန်ထားတာပါ။

အခု ဘဏ္ဍာနှစ် ၁၁ လကျော်မှာပင်လယ်ရေကြောင်း ကုန်သွယ်မှုကနေ  ဆန်၊ ဆန်ကွဲတန်ချိန် ၁ဒသမ၆ သန်း  ကျော်အထိ တင်ပို့ထားပြီး စုစုပေါင်းတင်ပို့မှုပမာဏရဲ့ ၈၀ ရာခိုင်နှုန်းအထိ ရှိပါတယ်။ နယ်စပ်လမ်းကြောင်းကနေ တင်ပို့မှုက တန်ချိန်   ၄ သိန်းကျော် ရှိပြီးတော့ စုစုပေါင်းတင်ပို့မှုပမာဏရဲ့ ၂၀ ရာခိုင်နှုန်းပါ။

မြန်မာ့ဆန်ကို အခု ဘဏ္ဍာနှစ်မှာ တရုတ်နဲ့ ဖိလစ်ပိုင်နိုင်ငံတို့က ပမာဏအများဆုံး ဝယ်ယူထားတယ်လို့ မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ် (MRF) ရဲ့ ကိန်းဂဏန်းတွေက ဆိုပါတယ်။

မြန်မာနိုင်ငံအနေနဲ့ တစ်နှစ်ကို ဆန်နဲ့ ဆန်ကွဲတန်ချိန် နှစ်သန်းအထက် ပြည်ပကို ပုံမှန်တင်ပို့နေတာဖြစ်ပြီးတော့ ပြီးခဲ့တဲ့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပြည်ပကို ဆန်နဲ့ ဆန်ကွဲတန်ချိန် သုံးသန်းကျော်အထိ တင်ပို့နိုင်ခဲ့ပါတယ်။

အခုနှစ်မှာတော့ လက်နက်ကိုင်ပဋိပက္ခတွေကြောင့်  တောင်သူတွေဟာ စပါးကို ပြည့်ဝစွာ စိုက်ပျိုးနိုင်ခြင်းမရှိတာ၊ စပါးအထွက်နှုန်းအပေါ် စိုးရိမ်ပြီး ဝယ်ယူသိုလှောင်မှုတွေ ရှိနေတာ၊ စိုက်ပျိုးရေးအတွက်  အထွေထွေ ကုန်ကျ စရိတ်တွေ မြင့်တက်နေတာစတဲ့ အချက်တွေကြောင့် ဆန်စပါးဈေးနှုန်းတွေက ပြည်တွင်းမှာ မကြုံစဘူး စံချိန်တင် မြင့်တက်နေပါတယ်။

မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်က ပြည်တွင်း ဆန်ဈေးကွက်ထဲမှာ ဆန်ဖူလုံမှုရှိတယ်လို့ ထုတ်ပြန်ထားပေမဲ့  လက်နက်ကိုင်ပဋိပက္ခဒေသ‌တွေက စပါးစိုက်တောင်သူတွေကတော့  နယ်မြေမတည်ငြိမ်မှုတွေကြောင့် စပါး ကောင်းကောင်း မစိုက်နိုင်လို့ အထွက်နှုန်း လျော့ကျခဲ့တယ်လို့ ဆိုပါတယ်။

“ခေတ်မှမကောင်းတာဗျာ၊ အရင်လို ဘယ်ကောင်းကောင်းစိုက်နိုင်မလဲ။ ရေမရလို့လဲ မြောင်းသွား မပြင်ရဲဘူး။ သွားရေးလာရေးက ခက်ကခက်နဲ့။ မထွက်နှုန်းလည်းကျတာပေါ့။ ဒါပေမဲ့ ဈေးရလို့ တော်သေးတယ်”လို့ စစ်ကိုင်း တိုင်းက စပါးစိုက်တောင်သူတစ်ဦးက ပြောပါတယ်။

တဖက်မှာလည်း ပို့ကုန်ရငွေ(နိုင်ငံခြားငွေကြေး) တွေအပေါ် စစ်ကောင်စီက ထိန်းချုပ် ကန့်သတ်ထားတဲ့အတွက် ဆန်အပါအဝင် ပြည်ပပို့ကုန်ကဏ္ဍမှာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ကုန်သည်တွေက ထောက်ပြနေကြ ပါတယ်။

မြန်မာနိုင်ငံရဲ့ ပြည်ပ ဆန်တင်ပို့မှုဟာ ပြီးခဲ့တဲ့ မီနီဘတ်ဂျက် ၆ လအတွင်းမှာတော့ ဆန်နဲ့ ဆန်ကွဲ စုစုပေါင်းတန်ချိန် ၁ ဒသမ ၄ သန်းထိ တင်ပို့ခဲ့ပြီး ပုံမှန်နှစ်တွေထက် တိုးတက်မှု ရှိခဲ့ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013