DVB Logo
Home
မြန်မာသတင်း
ရသေ့တောင်မြို့နယ် ချွတ်ပြင်ရွာသားများကို စစ်ကောင်စီက အပူတပြင်းလိုက်လံရှာဖွေနေ
DVB
·
February 28, 2023
ရသေ့တောင်မြို့နယ် ချွတ်ပြင်ရွာသားများကို စစ်ကောင်စီက အပူတပြင်းလိုက်လံရှာဖွေနေ
Donate to DVB

ရခိုင်​ပြည်နယ်၊ ရသေ့တောင်မြို့နယ်၊ ချွတ်ပြင် (မွတ်ဆလင်) ကျေးရွာမှာ ၂ဝ၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ဖြစ်ပွားခဲ့တဲ့ အကြမ်းဖက်တိုက်ခိုက်မှုတွေနဲ့ ဆက်စပ်ဖြစ်ပွားတဲ့ ဖြစ်စဉ်တွေကို စစ်ဆေးဖို့ အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအဖွဲ့ကို ပြင်ဆင်ဖွဲ့စည်းလိုက်ပြီးနောက်ပိုင်း ချွတ်ပြင်ကျေးရွာဒေသခံ မွတ်ဆလင်တွေကို စစ်ကောင်စီက အပူတပြင်း လိုက်လံရှာဖွေနေတယ်လို့ မွတ်ဆလင်အသိုင်းအဝိုင်းက ပြောပါတယ်။

ဘူးသီးတောင်မြို့နယ် ဒုအိုးသည်မကျေးရွာသားတဦးက “ဘင်္ဂလားဘက်ကို ထွက်မပြေးဘဲ ဘူးသီးတောင်နဲ့ မောင်တောမှာ ကျန်နေတဲ့ ရသေ့တောင် ချွတ်ပြင်ကျေးရွာက ဒေသခံ ရွာသူရွာသားတွေကို စစ်ကောင်စီက အသည်းအသန် လိုက်ရှာနေကြတာဗျ။ ကျန်နေခဲ့သူတွေကို စုံစမ်းမေးမြန်းပြီး အိုင်စီဂျေမှာ ချေပဖို့ စည်းရုံးမေးမြန်းမယ့်သဘော ရှိနေတယ်” လို့ ပြောပါတယ်။

အဲဒီ ချွတ်ပြင်ကျေးရွာဟာ ရသေ့တောင်မြို့နယ်၊ မယူကမ်းဒေသ၊ စေတီပြင်ကျေးရွာနဲ့ မယူတောင်ကြားမှာတည်ရှိပြီး ၂၀၁၇ ခုနှစ် သြဂုတ်လ မြန်မာစစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး စစ်ဆင်မှုမှာ ရွာလုံးကျွတ် မီးရှို့သတ်ဖြတ်ခံခဲ့ရတယ်လို့ နိုင်ငံတကာက ပြောဆိုထားတဲ့ ကျေးရွာတခုလည်း ဖြစ်ပါတယ်။

ချွတ်ပြင်ကျေးရွာ အထူးစုံစမ်းစစ်ဆေးရေး ခုံရုံးအသစ်ကို စစ်ကောင်စီက ပြင်ဆင်ဖွဲ့စည်းလိုက်ကြောင်း ၂၀၂၃ ခုနှစ် ဇန်နဝါရီ ၂၄ ရက်မှာ တရားဝင် သတင်းထုတ်ပြန်ထားတာပါ။

ချွတ်ပြင်ကျေးရွာဖြစ်စဉ်နဲ့ပတ်သက်ပြီး ဖြစ်ရပ်မှန် ပေါ်ပေါက်စေရေး လိုအပ်တဲ့ စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နိုင်ဖို့ ဖွဲ့စည်းထားတဲ့ အထူးစုံစမ်းစစ်ဆေးရေးခုံရုံး ဥက္ကဋ္ဌတာဝန် ပေးထားတဲ့ ဗိုလ်ချုပ်မြတ်ကျော်ဟာ တပ်မတော်ကနေ အငြိမ်းစားယူသွားပြီ ဖြစ်တဲ့အတွက် အခုလို ပြင်ဆင်ဖွဲ့စည်းရတာဖြစ်တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။

ချွတ်ပြင်ကျေးရွာ နယ်မြေရှင်းလင်းရေးကို မြန်မာစစ်တပ် တပ်မ ၃၃ က ပြုလုပ်ခဲ့ပြီး မွတ်ဆလင်ကျေးရွာသား ထောင်နဲ့ချီ သတ်ဖြတ်ခံခဲ့ရသလို ကျေးရွာအားလုံးကို မီးရှို့ဖျက်ဆီးတာတွေ ပြုလုပ်ခဲ့တယ်လို့ မွတ်ဆလင်အသိုင်းအဝန်းက ဆိုပါတယ်။

စစ်ကောင်စီရဲ့ အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး ပြည်ထောင်စုဝန်ကြီး ဦးကိုကိုလှိုင်နဲ့အဖွဲ့ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၅ ရက်က စစ်တွေမြို့ကို ရောက်ရှိလာပြီး အိုင်စီဂျေမှာ မြန်မာ့အရေးချေပနိုင်ဖို့ မောင်တောခရိုင်က မျက်မြင်သက်သေ ၃၀ ကို ခေါ်ယူတွေ့ဆုံပြီး ကျမ်းကျိန်လွှာမှာ လက်မှတ်ရေးထိုး အတည်ပြုချက်တွေ ယူသွားခဲ့ပါသေးတယ်။

“ချွတ်ပြင်ကျေးရွာဖြစ်စဥ်အကြောင်းတွေကို ဘာမှမပြောနိုင်တဲ့ သပြေတော၊ သင်္ဂနက် စတဲ့ ကျေးရွာတွေက ကျေးရွာသားတချို့ကို ဖေဖော်ဝါရီလ ၂၄ ရက်နဲ့ ၂၅ ရက်နေ့က ဘူးသီတောင်အခြေစိုက် စစ်ဗျူဟာက ခေါ်ယူမေးမြန်းစစ်ဆေးခဲ့ကြတယ်” လို့ ဒေသခံမွတ်ဆလင်တွေက ဆိုပါတယ်။

၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း မောင်တော၊ ဘူးသီးတောင်၊ ရသေ့တောင် မြို့နယ်များရှိ ရိုဟင်ဂျာတွေကို လူမျိုးတုံးသတ်ဖြတ်မှု စွပ်စွဲချက်နဲ့ ဂမ်ဘီယာနိုင်ငံက မြန်မာနိုင်ငံကို အပြည်ပြည်ဆိုင်ရာတရားရုံး (အိုင်စီဂျေ)မှာ ၂၀၁၉ ခုနှစ်က တရားစွဲဆို တိုင်ကြားထားတာပါ။

အဲဒီတရားစွဲဆိုမှုကို NLD အစိုးရလက်ထက် ၂၀၁၉ ခုနှစ်က နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကိုယ်တိုင် သွားရောက်ချေပခဲ့ပြီး လက်ရှိ စစ်တပ်အာဏာသိမ်းပြီးနောက် စစ်ကောင်စီက သွားရောက်ချေပနေကာ လာမယ့်ဧပြီလထဲမှာ နောက်ထပ်ချေပလွှာတွေ တင်သွင်းဖို့ရှိနေတာကြောင့် သူတို့စည်းရုံးနိုင်မယ့် သက်သေတွေကို အခုလို အပူတပြင်း လိုက်ရှာနေကြတာလည်း ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013