DVB Logo
Home
မြန်မာသတင်း
ခင်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကင်းထောက်ရဲဘော် ၂ ဦး ကျဆုံး၊ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
DVB
·
February 28, 2023
ခင်ဦးတွင် စစ်တပ်ပစ်ခတ်မှုကြောင့် ကင်းထောက်ရဲဘော် ၂ ဦး ကျဆုံး၊ စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ
Donate to DVB

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ သရက်ပင်စုရွာအနီးမှာ ဇန်နဝါရီ ၂၇ ရက် မနက်က မြင်းဒေါင်းရွာမှာတပ်စွဲပြီး ရေဦး-ခင်ဦး လမ်းအတိုင်း အင်အား ၁၀၀ ကျော်လိုက်ပါလာတဲ့ စစ်ကောင်စီတပ် ထောက်ပို့ကားသုံးစီးနဲ့ ဒေသကာကွယ်ရေးတပ် ကင်းထောက်ရဲဘော် ၂ ဦး တွေ့ပြီး ပစ်ခတ်ခံရတဲ့အတွက် ကျဆုံးခဲ့တယ်လို့  ဒေသခံတွေက ပြောပါတယ်။

ကင်းထောက်ရင်း ကျဆုံးခဲ့တဲ့ ဦးထွန်းလှိုင်ရွှေဟာ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ဝင် ဖြစ်သလို ကျန်တဦးကတော့ ကာကွယ်ရေးရဲဘော် ရဝေအောင်ဖြစ်ပြီး မကျီးအုပ်ရွာက ပြည်သူလူထုကို သတင်းပေး ကာကွယ်ဖို့အတွက် ရေဦး-ခင်ဦး လမ်းပေါ်မှာ စစ်ကောင်စီတပ်နဲ့တွေ့ပြီး  အခုလို ကျဆုံးခဲ့တာလို မကျီးအုပ်ရွာသားတဦးက ပြောပါတယ်။

ဖေဖော်ဝါရီ ၂၆ ရက်ကလည်း စစ်ကောင်စီစစ်ကြောင်းဟာ တဲစုရွာအတွင်းက အိမ်ခြေ ၁၈ လုံးကို ဝင်ရောက်စီးနင်းပြီး မီးရှို့ခဲ့တဲ့အတွက် အနီးဝန်းကျင်က တဲစု၊ သာဂရ၊ မြင်းဒေါင်း၊ မကျီးအုပ်၊ သရက်ပင်စု၊ အင်တိုင်းလေးတောင်၊ အင်တိုင်းလေးမြောက်၊ ယာတော်နဲ့ အင်းပတ် စတဲ့ ကျေးရွာ ၉ ရွာက ဒေသခံပြည်သူ ၁၀,၀၀၀ ကျော်ဟာ စိုးရိမ်ကြောက်လန့်ပြီး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဆိုပါတယ်။

ခင်ဦးမြို့နယ်အတွင်း  စစ်အုပ်ချုပ်ရေး ကြေညာပြီးနောက် ဖေဖော်ဝါရီ ၉ ရက်က စတင်ပြီး စစ်ကောင်စီက ကျေးရွာတွေအတွင်းကို စစ်ကြောင်းထိုးဝင်ရောက်ကာ ကျေးရွာ ၇ ရွာ၊ အိမ်ခြေ ၆၀၀ ကျော်ကို မီးရှုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင် သီလရှင်တပါး မီးရှို့သတ်ဖြတ်ခံခဲ့ရသလို ဖမ်းဆီးခံရသူ ၁၄ ဦးနဲ့  ထိခိုက်ဒဏ်ရာရသူ ၁၆ ဦးထိ ရှိလာတယ်လို့ ဒေသတွင်း ကူညီကယ်ဆယ်ရေး ဆောင်ရွက်ပေးနေတဲ့ အဖွဲ့တွေရဲ့ စာရင်းတွေအရ သိရပါတယ်။

ခင်ဦးမြို့နယ်၊ အရာတော်ရွာနဲ့ သရက်ပင်စုရွာကြားမှာ ဖေဖော်ဝါရီ ၂၇ ရက် ညနေ ၃ နာရီ ၄၅ မိနစ်လောက်မှာ စစ်ကောင်စီစစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေဆီကနေ သိရပါတယ်။

ရွာသစ်ကုန်းကနေ စတင်စစ်ကြောင်းထိုးလာတဲ့ အဆိုပါစစ်တပ်ဟာ အရာတော်ရွာနဲ့ သရက်ပင်စုရွာကြားမှာ အခုလို မိုင်းဆွဲခံရတာလို့ ဒေသခံ ကာကွယ်ရေးအဖွဲ့တွေက ဆိုပါတယ်။

“ကျနော်တို့ ကြိုစောင့်ပြီးကို ဆွဲခဲ့တာဗျ။ မိုင်းက ၃ လုံးဆွဲခဲ့တယ်ဗျ။ စစ်(--)အထိအခိုက်တော့ မသိရသေးဘူး။ သူတို့ကို မိုင်းဆွဲလို့ ရေဦး (--)ခြံကနေ လက်နက်ကြီးပစ်ကူ ပေးတာတွေ ရှိခဲ့သလို ‌မြေပြင်အဖွဲ့ကလည်း စက်လတ်နဲ့ ပြန်ပစ်တာတွေ ရှိခဲ့တယ်” လို့ MRDA ပြန်ကြားရေးတာဝန်ခံ ကိုဖြိုးက ဒီဗွီဘီကို ပြောပါတယ်။

စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲတိုက်ခိုက်မှုကို ခင်ဦးမြို့နယ် MRDA တပ်ခွဲက ပြုလုပ်ခဲ့တာလို့လည်း ဆိုပါတယ်။

စစ်ကောင်စီက အခုလို တိုက်ခိုက်ခံရပြီး ခင်ဦးမြို့နယ် ရွာသစ်ကုန်းကျေးရွာအတွင်း ပြန်လည်ဝင်ရောက်သွားပြီး ညပိုင်းမှာ ရေဦးမြို့ပေါ် တိုင်းရင်းဆေးရုံကနေ ၄၀ မမတွေနဲ့ အရာတော်ရွာဘက်ကို ပစ်ခတ်တာတွေ ပြုလုပ်နေပြီး ပြည်သူတွေ ထိခိုက်တာတော့ မရှိသေးဘူးလို့ ဒေသခံတွေက ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013