Home
မြန်မာသတင်း
လေယာဉ်ဖြင့် ဗုံးကြဲမှုကြောင့် ရွှေကူပြည်သူ ၂ ဦးသေဆုံး၊ မိုးညှင်းတွင် အမျိုးသား ၃ ဦး ဖမ်းဆီးခံရ
DVB
·
February 28, 2023

ကချင်ပြည်နယ် ရွှေကူမြို့နယ် ငပေါက်ဝကျေးရွာအနီး ရွှေတူးဖော်နေတဲ့နေရာကို ဖေဖော်ဝါရီ ၂၇ ရက် ညနေမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်  ဒေသခံပြည်သူ ၂ ဦး သေဆုံးခဲ့ပြီး အများအပြား ဒဏ်ရာရခဲ့တာလို့ ဒေသခံတွေက ပြောပါတယ်။

"ငပေါက်ဝကျေးရွာ အရှေ့ခြမ်း သင်္ဘောအင်းနားမှာ လက်လုပ်လက်စားရွှေတူးဖော်နေတဲ့နေရာကို ညနေ ၃ နာရီလောက် စစ်တပ်က တိုက်လေယာဉ်နဲ့ဗုံးလာကြဲတာ။ ၂ ဦးကတော့ ဗုံးစမှန်ပြီး ပွဲချင်းပြီးပဲ။ ဒဏ်ရာရသူတွေလည်း အများကြီးပဲ၊ ဆေးကုသဖို့ အရေးကြီးနေတာနဲ့ တိတိကျကျတော့ မရေလိုက်နိုင်ဘူး" လို့ ဒေသခံ အမျိုးသမီးတဦးက ပြောပါတယ်။

ဗုံးကြဲတိုက်ခိုက်ခံရတဲ့နေရာဟာ ယခင်က စစ်ကောင်စီနဲ့ ပူးပေါင်းတဲ့ ရွှေလုပ်ငန်းရှင်ကြီးတွေက စက်ယန္တရားတွေနဲ့ အမြောက်အမြား ရွှေတူးဖော်တဲ့နေရာဖြစ်တယ်လို့ ဆိုပါတယ်။

"အဲ့ဒီနေရာက ရွှေအတော်ရတယ်လို့ သိရတယ်။ အရင်က စစ်ကောင်စီနဲ့ ပူးပေါင်းပြီး ရွှေလုပ်ငန်းရှင်တွေက စက်ယန္တရားကြီးတွေနဲ့ အမြောက်အမြား ရွှေတူးတဲ့နေရာဖြစ်တယ်။ အဲ့ဒါကို ဒေသခံတွေက စက်ယန္တရားတွေနဲ့ မတူးဖို့  ကန့်ကွက်တဲ့နေရာဖြစ်တယ်။ ခု ဒေသခံတွေ တနိုင်တပိုင် လက်လုပ် လက်စားတွေက တနေ့ တရွေးရ နှစ်ရွေးရ နဲ့ တူးဖော်နေတာကို စစ်တပ်ကို တိုင်လို့ ဗုံးလာကြဲတာလို့လည်း သိရတယ်။ ၂ ယောက်သေတယ်၊ ဒဏ်ရာရသူတွေလည်း မနည်းဘူး။” 

စစ်ကောင်စီတပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ ပြည်သူအများအပြား ထိခိုက်ဒဏ်ရာရပြီး  ရွှေကူမြို့နယ် မိုးစစ်ကျေးရွာသား ၁ ဦးနဲ့ ပေါက်ကုန်းကျေးရွာသား ၁ ဦး ဗုံးစ ထိမှန်သေဆုံးခဲ့တာလို့ ဆိုပါတယ်။

ကချင်ပြည်နယ်၊ မိုးညှင်းမြို့နယ်မှာ စစ်ကောင်စီတပ်က သဲကျောက်လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသား ၃ ဦးအား PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ပံတန်းကျေးရွာကို ဖေဖော်ဝါရီ ၂၆ ရက်ညမှာ စစ်ကောင်စီတပ် အင်အားအလုံးအရင်းနဲ့  ဝင်ရောက်ပြီး နန့်ရင်းချောင်းမှာ သဲကျောက်လုပ်ငန်းလုပ်ကိုင်နေသူ အမျိုးသား လူငယ် ၃ ဦးကို  PDF ဆိုပြီး စွပ်စွဲဖမ်းဆီးသွားတာလို့ ဆိုပါတယ်။

"အရင်ကလည်း အဲ့ဒီနေရာတွေကို စစ်တပ်အလုံးအရင်းနဲ့ စစ်ကြောင်းထိုးတာရှိတယ်။ သူတို့ စစ်ကြောင်းထိုးလာလည်း ကလေးတွေ အလုပ်ဆက်လုပ်နေတာပဲ။ ညကမှ စစ်ကြောင်းထိုး လုပ်ကွက်ထဲဝင်လာပြီး လူငယ်လေး ၃ ဦးကို PDF ဆိုပြီး လက်ပြန်ကြိုးတုပ် ဖမ်းသွားတာ” လို့ သဲကျောက်လုပ်ငန်း လုပ်ကိုင်သူ အမျိုးသားတဦးက ပြောပါတယ်။

ဖမ်းဆီးခံရသူတွေဟာ အသက် ၂၀ အောက်လူငယ်တွေဖြစ်ပြီး ယခင်ကတည်းက အဲ့ဒီနေရာမှာ သဲကျောက်မှုန်စုတ်လုပ်ငန်းလုပ်ကိုင်နေကြတာလို့ ဆိုပါတယ်။

မိုးညှင်းမြို့နယ် နန်းမားမြို့မှာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီ ၁၃ ရက်နေ့ကလည်း  စစ်ကောင်စီတပ်က နာရေးအိမ်တခုကို ဝင်ရောက်စီးနင်းပြီး နာရေးလာရောက်သူ အယောက် ၂၀ ထက်မနည်း ဖမ်းဆီးကာ အလောင်းကိုလည်း သိမ်းဆည်းခဲ့သေးတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024