ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်အဝင်မှာ ဖေဖော်ဝါရီ ၂၇ ရက် ည ၆ နာရီလောက်က လက်လုပ်ဗုံးတွေ့ရှိခဲ့ပြီးနောက် စစ်ကောင်စီတပ်က အလုပ်ကနေပြန်လာတဲ့ လူငယ်နှစ်ယောက်ကို ဖမ်းဆီးခဲ့တယ်လို့ မင်္ဂလာဒုံမြို့ခံတွေဆီက သိရပါတယ်။
လက်လုပ်ဗုံးတွေ့ပြီးနောက် အင်းစိန် ဆယ်မိုင်ကုန်း သံပန်းစစ်ဆေးရေးဂိတ်မှာ ဟိုက်ဂျက်ကားနဲ့ လာတဲ့ လူငယ်နှစ်ဦးကို ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြို့ခံတစ်ဦးကပြောပါတယ်။
"ဗုံးတွေ့တော့ စစ်တပ်က အရာရှိရောက်လာပြီးဆဲဆိုတာ။ အဲ့နောက် ဟိုက်ဂျက်ကားတစ်စီးကို တားပြီး အလုပ်ကပြန်လာတဲ့ လူနှစ်ဦးကို ဖမ်းလိုက်တယ်"လို့ ပြောပါတယ်။
PVC ပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံး၊ သံပိုက်နဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းသုံးလုံးနဲ့ ကော်ဘူးနဲ့လုပ်ထားတဲ့ လက်လုပ်မိုင်းတစ်လုံးကို လွယ်အိတ်အတွင်းက တွေ့ပြီး ဖမ်းမိခဲ့တာလို့ စစ်ကောင်စီဘက်ကတော့ ပြောဆိုထားပါတယ်။
ဟိုက်ဂျက်ကားကို စစ်ကောင်စီတပ်က တားပြီး စစ်ဆေးရာ ယာဥ်ပေါ်ပါ အမျိုးသားနှစ်ယောက်က ထွက်ပြေးလို့ စစ်ကောင်စီတပ်က လိုက်လံဖမ်းဆီးခဲ့တာလို့ ရဲတပ်ဖွဲ့နဲ့နီးစပ် သူတစ်ဦးက ပြောပါတယ်။
"ကားကိုတားပြီး သေနတ်တွေနဲ့ဝိုင်းချိန်တော့ တစ်ယောက်က လန့်ပြီးထွက်ပြေးတာ။ စစ်တပ်က လိုက်ဖမ်းတာ မိသွားတယ်။ အဲ့ဒါနဲ့ကျန်တဲ့တစ်ယောက်ပါ ဖမ်းသွားတာ ဘာပစ္စည်းမှမတွေ့ဘူး။”
လတ်တလောမှာ ဖမ်းဆီးခံရသူလူငယ်နှစ်ယောက်ကို စစ်ကောင်စီတပ်က ကားနဲ့ ခေါ်ဆောင်သွားပြီး မင်္ဂလာဒုံမြို့မရဲစခန်းသို့ ပို့ဆောင်လိုက်တယ်လို့လည်း ရဲတပ်ဖွဲ့နဲ့နီးစပ်သူက ပြောပါတယ်။